6/20/11

၅- မြင်းမှူးမင်းသား

၅- မြင်းမှူးမင်းသား

မင်းညီမင်းသားတို့မှာ စစ်မက်အရေးပေါ် ပေါက်လျှင် ချီတက် တိုက်ခိုက်ရသည်။ ဤအခါ မြင်းမှူးမင်းသားဖြစ်သော ညီတော်, သားတော်က ကသည်းမြင်း, စောပွတ်အိုးမြင်း, အက္ကပတ်မြင်း, ရဲဘက်မြင်းစသော မြင်းတပ်များအနက် မြင်းတပ် တတပ်ကို အုပ်ချုပ်မှူးကွပ်၍ ချီတက်တိုက်ခိုက်ရသည်။ ထို့ကြောင့် မြင်းမှူးမင်းသားဟူ၍ အမိန့်တော်မှတ်သည်။

မင်းညီ, မင်းသားတို့မှာ စစ်မက် တိုက်ခိုက်ရန် မရှိသည့်အခါ ဧကရာဇ်မင်းမြတ် ရှေ့တော် ဝင်ရောက် ခယမ်းရခြင်း၊ နှစ်စဉ် နယုန်လဆန်း ၈-ရက်နေ့က ဝါဆိုလဆန်း ၈-ရက်နေ့တိုင် သုဓမ္မာစရပ်တော်အတွင်း ပါဠိပဌမစာပြန်ပွဲ ကျင်းပရာသို့ သွားရောက်စာနာရခြင်း၊ တစ်နှစ် လျှင် ၃-ကြိမ် ပွဲတက်ကန်တော့ခံတော်မူသည်ကို မပျက်မကွက် ကန်တော့ဝင်ရခြင်း၊ ဧကရာဇ်မင်းမြတ် အဝေးအနီး ထွက်တော်မူသည့်အခါ မင်းမထွက်မီ ရှေးဦးစွာ မြို့တွင်းက မြို့ပြင်သို့ ထွက်နှင့်ရသည်။ ဝင်တော်မူလျှင်လည်း ဧကရာဇ်မင်းမြတ် ရွှေနန်းတော်သို့ရောက်၍ အမြှောက်သံ ၃-ချက်ကြားရပြီးနောက်မှ မြို့တွင်းသို့ ဝင်ရခြင်း နည်းလမ်းများကိုလိုက်နာရသည်။

လွတ်တော်က အကြောင်းကိစ္စရှိ၍ ဆင့်ဆိုလျှင် မင်းသားကို တိုက်ရိုက် မဆင့်ဆိုရ။ မင်းသား၏ အကြီးတော် အကြီးစာရေးတို့သို့ ထန်းဘူးညွန့်ရှည်တွင် နှစ်ကြောင်းစာချွန်ရေး၍ ဆင့်ဆိုရသည်။
(ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။