ဖိုးပေါ်ဘုရား အခြေနေ
ဝင်ဝင်ချင်း မုဂ်ဦးမျက်နှာကျက်အမိုးမှာ ဆေးရေးတချို့ကျန်နေသေးတာတွေ့တယ်။ ကျန်တယ်ဆိုပေမမယ့် ဂူဘုရားအတွင်းပိုင်းတစ်ခုလုံး မှာမှ ခုမြင်နေရတဲ့ ၂ ကွတ်တည်းသာ။ အတွင်းနံရံနှင့် မျက်နှာကျက်တစ်ခုလုံး အင်္ဂကိုင်ပြီး ထုံးသုတ်ပြီးဖြစ်နေပါပြီ။ အစားထိုးထားပြီးဖြစ်တဲ့ အုတ်အသစ်တွေတွေ့ရတဲ့အတွက် အတွင်းပိုင်းမှာလည်းပြုပြင်မှုလုပ်ခဲ့တယ်ဆိုတာသိသာတယ်။ ဘုရားကိုယ်ထည်ထဲ မိုးရေစိမ့်ဝင်ပြီး အတွင်းပိုင်းမျက်နှာကျက် မျက်နှာပြင်မှာရှိတဲ့ အင်္ဂတေတွေကို ကွာကျပျက်စီးစေတာဖြစ်နိုင်တယ်။ အချိန်ကြာလာတော့ အုတ်ချပ်တချို့ပါ ကွာကျသွားနိုင်တယ်၊ အင်္ဂတေပေါ်မှာ ရေးထားတဲ့ ဆေးရေးပန်းချီဟာလည်း ထို့အတူပါဘဲ။ လက်ရှိလည်း မိုးရေစိမ့်ဝင်နေပုံရတယ်။ ဘုရားပြင်တဲ့လူတွေဟာ မထူးပါဘူးဆိုပြီး အကုန်လုံးအင်္ဂတေကိုင်မပစ်တာကိုဘဲကျေးဇူးတင်ရပါမယ်။ ခုလို ချန်ခဲ့တဲ့အတွက် ဟိုတုန်းက ဒီဘုရားမှာ ဒီလိုလက်ရာ နံရံဆေးရေးပန်းချီတွေရှိခဲ့ပါလားဆိုပြီး မှတ်သားလေ့လာခွင့်ရပါမယ်။
အတွင်းပိုင်းကိုဝင်တဲ့အခါ ပိုပြီးအံအားသင့်ရတယ်။ အိမ်သုံးပစ္စည်းတချို့၊ နေရာထိုင်ခင်းအချို့ နဲ့ အပြင်ဆင်အချို့အရ ဂူဘုရားအတွင်းပိုင်းကို တစ်စုံတစ်ယောက်ကဝင်ရောက်နေထိုင်နေပုံရတယ်။
ခုလိုဂူဘုရားအတွင်းပိုင်းတစ်ခုလုံးကို မောင်ပိုင်စီးပြီး ဝင်ရောက်နေထိုင်တာဟာ နေထိုင်သူအတွက်ရော အဆောက်ဦးအတွက်ပါ အန္တရာယ်ရှိပါတယ်။ လူသူအရောက်ပေါက်များတဲ့ ရှေးဟောင်းအဆောက်ဦးဟာ လူသူအထိတွေ့နည်းတဲ့ အဆောက်ဦးထက်ပျက်စီးမှုပိုမြန်လေ့ရှိကြောင်း မှတ်သားဖူးပါတယ်။ ဥပမာ မြန်မာတို့ရဲ့ ပုဂံဟာ မြို့ပြနိုင်ငံ စတင်တည်ထောင်ကတည်းက အစဉ်အဆက်လူနေထိုင်ရာနေရာဖြစ်တာမို့ နှစ်ပေါင်း ၂၀၀ လောက်လူသူကင်းမဲ့တဲ့ နေရာမှာတိမ်မြုပ်နေပြီးမှ ပြန်ရှာတွေ့တဲ့ အန်ကောဝတ် ကျောင်းတော်ကြီးနဲ့ နှိုင်းယှဉ်တဲ့အခါ အန်ကောဝတ်ကပိုပြီး ရှေးလက်ရာကျန်တယ်။ ပထဝီဝင် အနေထား၊ ရာသီဥတုအနေထား နှင့် ဆောက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်း ( ပုဂံက အုတ်ချပ်သုံး ဗိသုကာ ၊ အန်ကောဝတ်က ကျောက်သားထု ) စတဲ့ မတူတာကို ထည့်တွက်ပြီးသားဖြစ်တယ်။
မလှမ်းမကမ်းက မောင်ကုလား ဂူဘုရားဟာ ဖိုးပေါ်ပေါ်ဘုရားနဲ့ ခေတ်ပြိုင်ဖြစ်ဖို့များတယ် သို့သော် ပြည်တွင်းရော ပြည်ပပါ နံမည်ကျော်တဲ့ဆေးရေးပန်းချီတချို့ကျန်ပါသေးတယ်။