12/1/09

ဒေါင်း တံဆိပ်



" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ "
( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် )

ဒင်္ဂါး မှာ ပါတဲ့ အမှတ်တံဆိပ်တွေကို လေ့လာတဲ့အခါ

၁။ ၁၂၁၄ ခုနှစ် ဟာ မင်းတုန်းမင်း နန်တက်တဲ့ ခုနှစ်ကို ရည်ရွယ်တယ်။

၂။ သစ်ခက် ၂ ခက် ဟာ စုံပန်းခက် ဖြစ်တယ်။ ( တချို့ က စုံပန်းခွေ လို့ပြောတယ်၊ သေခြာကြည့်ရင် ခွေထားတာ မဟုတ်မှန်းသိသာတယ် )
ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် အရ စုံပန်းနွယ် လို့ပါတယ်။ ဘာကြောင့်/ဘာအတွက် သုံးလဲ မသိသေးပါ။

၃။ ဒေါင်း ( ဒေါင်း ကနေဟန် လို့အချို့ကဆိုတယ်၊ အချို့က ဥဒေါင်းလို့ ရေးတယ် )

ဘာကြောင့် ဒေါင်းရုပ်ကို ခပ်လုပ် အသုံးပြုစေသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တယ်။ လောလောဆယ် အဖြေတွေကလည်း အမျိုးမျိုး ရထားတယ်။ ဘယ်ဟာ အမှန်ယူရမှန်း မသိသေးပါ။

မင်းတုန်းမင်းဟာ မြန်မာမင်းတွေရဲ့ ရိုးရာအစဉ်လာတိုင်း လောကီပညာ တွေကို အားကိုးတယ်။ ဗေဒင် ပုဏ္ဏားတွေကို ဗေဒင်မေးရာမှာ ဒေါင်းရုပ် သုံးဖို့ အဖြေရတယ်။ ပညာရှိ အမတ်တွေရဲ့ လျှောက်တင်ချက်အရ နေမင်းရဲ့ ကိုယ်စားအမှတ်အသားဖြစ်လို့ ဒေါင်းရုပ် ကို သုံးတယ်လို့ လဲဆိုရဲ့။ သာကီဝင်မင်း တွေရဲ့ အမှတ် လက္ခဏာ လို့လဲဆိုပြန်တယ်။ အနောက်တိုင်း ပညာရှင်တို့ရဲ့ အဆိုကတော့ " ဒေါင်း " ရုပ်ဟာ ကုန်းဘောင်မင်းဆက်ကို ကိုယ်စားပြုတယ်လို့ ဆိုထားပြန်ပါသေးတယ်။

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။