2/17/09

ဘုရားလောင်းဗောဓိသတ်လောကနာထ


အမျိုးအစား - ရုပ်ထု/ ရုပ်ပွားတော်
အချိန်ကာလ - ၁၀ ရာစု
အမျိုးအစား - ကြေးနီပုံသွင်း၊ ရွှေချ
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၇.၂၅ လက်မ ၊ အကျယ် ၄.၇၅ လက်မ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1922

ဒီ ဘုရားလောင်းဗောဓိသတ်လောကနာထ မင်းထိုင်ပုံ ဟာ ၁၀-၁၁ ရာစုနှောင်းပိုင်းဖြစ်ပြီး အတော်လေးကိုရှားရှားပါးပါးနဲ့ ၁၀ ရာစု သို့မဟုတ် ၁၁ရာစု နှောင်းလား ဆိုတာ ဝိရောဓိ ဖြစ်စေနိုင်တဲ့လက်ရာမျိုးပါ။ သို့သော်လည်းဘဲ အစောပိုင်းခေတ်ဦး သေ
သေသပ်သပ် အနုစိတ်ခြယ်မှုန်းတတ်တဲ့ လက်ရာမျိုးအဖြစ်တွေ့ရပါမယ်။ ဒီမင်းဝတ်တန်ဆာယောက်ျားပုံ ရုပ်ထု/ရုပ်ပွားတော်ကို ပုဂံဘုရားပုထိုး မှာလှူဒါန်းခဲ့တာပါ။

ပုဂံခေတ် လက်ရာတွေမှာ အိန္ဒိယ,ပါလ( India, Pala )ဟန်လွှမ်းမိုးမှုတွေကို အများအားဖြင့် ဘုရားဆင်းတုတော်တွေမှာတွေ့ရ ပြီး၊ မဟာယာနဟန် တွေကိုတော့မြေပုံဘုရား၊ နံရန်ဆေးရေးပန်းချီတွေမှာအတွေ့များပါတယ်။ အပယ်ရတနာ ဘုရားဟာမဟာယာနဟန်ပါ။ ဟင်ဒူဘာသာ( Hindu )အယူဝါဒကိုတော့ ဗေဒင်၊အခါပေး နဲ့ နတ်ဘုရားရုပ်ထုအချို့ တွေမှာတွေ့ရပါတယ်။ ဒါကြောင့် ပုဂံခေတ် ကိုးကွယ်ယုံကြည်မှု ဟာအများထင်သလို ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ နောက်ပြီး စိတ်ဝင်စားစရာအဖြစ် လူပြောများလှတဲ့ အရည်းကြီး ကိုးကွယ်မှု ကိုဘယ်ကျောက်စာ၊ဘယ်လိုအထောက် ထားမျိုးမှာမှရှာမရပါ။ အုပ်ချုပ်တဲ့မင်း တွေအနေဖြင့် ဘယ်ကိုးကွယ်ယုံကြည်မှုကိုမှ ဖိနှိပ်တာမျိုးကိုမရှိပါ။
အနိရုဒ္ဓ (အများခေါ် အနော်ရထာ) မင်းဟာ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကိုပါချီးမြင့်တယ်ဆိုတာ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းတဲ့ မြေပုံဘုရား နောက်ကျောစာမှာ

ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ

(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။

ဒီမြေပုံဘုရား(အုတ်ခွတ်ဘုရား)ကို ခန့်မှန်း ၁၉၃၈လောက်က ပခုက္ကူရေစကြို ကားလမ်း၊ ပခုက္ကူက ၁၂ မိုင်ကွာ ကန်သစ်ရွာသူကြီး ဦးဘတင်က ကျောက်စာဝန်ဟောင်း ဦးမြဆီလာပေး/လာပြ ( ပေးလား/ပြလား မသေချာ) တယ်လိုဆိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမမြင်ဖူးပါ။

Ref: ဒေါက်တာသန်းထွန်း၏ ပုဂံ ( ၂ )သုတေသနစာတမ်း၊ အမှတ် ၁၄ ၊ ဒီဇင်ဘာ ၁၉၉၆၊ ကလျာ မဂဇင်း။

2 comments:

  1. အတော်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ.. ပညာရှင်ကတော့ ပိုလိုပြီး..မပြောဘူး သူတွေ့သလောက်ကို မညှာမတာ ပြောတာကလည်း အားရစရာပဲ။

    ReplyDelete
  2. ဗဟုသုတရပါတယ်.. ကျနော်က (ခရစ်ယာန်ဘာသာဝင်) တစ်ယောက်ပါ။ စိတ်ဝင်စားလို့ လာရောက်ဖတ်ဖြစ်သွားပါတယ်...။

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။