9/7/11

၂၀ ရာစုလက်ရာ ကျောင်းအို ကျောင်းပျက်များ

မြန်မာဗိသုကာအကြောင်းပြောမယ် ဆိုတာနဲ့ လူအများစုက ပုဂံ ဘုရားတွေအကြောင်း ဖောင်လောင်အောင်ပြောချင်ကြမလားဘဲ။ ပုဂံခေတ်ဟာ အမှန်တကယ်လည်း မြန်မာဗိသုကာ ပညာအထွတ်အထိဋ်ရောက်တဲ့ကာလ တစ်နည်းပြောတော့ " မြန်မာဗိသုကာ ရွှေခေတ် " ပေါ့။ ဒီတော့ စေတီ ပုထိုး ဂူဘုရား အတော်များများကျန်ရစ်တယ်။ လူတွေနေထိုင်တဲ့ အိမ် တွေကို သစ်သား/ ဝါးတွေနှင့်ဆောက်တာဆိုတော့ ခုချိန်မတွေ့ရတော့ပါ။ ကျန်စစ်သားနန်းတည် ကျောက်စာအရ " မင်းကြီးအိမ် " လို့ဆိုပြန်တော့ အုပ်ချုပ်သူ မင်းကြီးနေတဲ့ အိမ်ဘယ်လိုရှိတယ်ဆိုတာ အရိပ်အမွတ်လောက်သိရတယ်။

ရဟန်းသံဃာတွေအတွက် ကျောင်ဆောက်ပြီး လှူဒါန်းတာမျိုးကို ကျောက်စာတွေမှာ မကြာခဏတွေ့ရလေ့ရှိတော့ ရဟန်းတွေ သီတင်းသုံးနေထိုင်ရာကျောင်းတွေလည်း ရှိခဲ့မပေါ့ဆိုပြီး ကောက်ချက်ချလို့ရတယ်။ အဲဒီကျောင်းတွေကို အုတ်တွေနှင့် ဆောက်လုပ်ပြီးစီးထားတာမျိုးဆိုရင်တော့ ကုလားကျောင်း လို့ခေါ်တတ်ကြပါသေးတယ်။ ဒီတော့ ကုလားဟန် ပါတယ်လို့ ပြောတာပဲပေါ့။ အုတ်ကျောင်းတင် ကုလားဟန်ပါတာမဟုတ်ပါ စေတီ ပုထိုး နှင့် ဂူဘုရားတွေဟာလည်းဘဲ ကုလားဟန်ပါတာပါဘဲ။ ကုလား ၊ မွန် ၊ ပျူ ဟန်တွေပေါင်းစပ်ပြီးနောက်မှာတော့ မြန်မာဟန်ဖြစ်လာတယ်။ ပုဂံခေတ် ဗိသုကာလက်ရာတွေအကြောင်းရေးထားတဲ့ စာအုပ်တွေရှိပြီးသားမို့ အမြည်းလောက်သာ ပြောပါမယ်။

ပျူခေတ် အဆောက်ဦးတွေ ရေရှည်မခံပျက်စီးရတဲ့အဓိက အကြောင်းအရာနှစ်ခုရှိပါတယ်တဲ့။ ပထမ အမှားက ထုထည်ကြီးပေမယ့် အောက်ပိုင်းမှာတော့ မြေသားနက်နက်တူးပြီး အုတ်မြစ်ချတာမျိုးမလုပ်လို့ဖြစ်တယ် ၊ ဒုတိယအမှားက ခုလိုထုထည်ကြီးကြီးရဖို့ အုတ်စီတဲ့အခါ စပ်ကြောင်းလွှဲပြီးမစီလို့ဖြစ်တယ်တဲ့။ အဲဒီအမှားတွေက အကြောင်းတစ်ခုခုကြောင့် အဆောက်ဦးလှုပ်တဲ့အခါ အခြေမခိုင်တဲ့အတွက် ဘေးဘက်ကို ယိုင်ဆင်းသွားတာမျိုး ၊အလွယ်တကူအက်ကြောင်းလိုက်ပြီး အထက်အောက်အခြမ်းလိုက်ကွဲထွက်သွားတာမျိုး ဖြစ်လေ့ရှိတယ်။

မြန်မာတွေရဲ့ ဗိသုကာပညာရပ်ဟာ ပုဂံခေတ်နောက်ပိုင်းမှာတော့ သိသိသာသာ ညံ့သွားတဲ့သဘောတွေ့ရတယ်။ ပုဂံခေတ်နောက်ပိုင်းတွေ့ရတဲ့ သာသနိကအဆောက်ဦးတွေမှာ အဓိကပြသနာက(Stuctural Failure )ဖြစ်တာအတွေ့ရများတာသတိထားမိတယ်။ ပုဂံခေတ်ဦးပိုင်း ဂူဘုရားတွေဟာ မွန်ဗိသုကာဟန်လွမ်းတဲ့ ထုထည်ကြီးကြီး နှင့် မြေပေါ်ဝပ်နေတဲ့ ဟန်တွေများတယ်၊ ဂူတွင်းပိုင်းမှာတော့ အလင်းရောင်ရရှိမှုနည်းတယ်။ သို့သော် နှစ်ပေါင်း တစ်ထောင်ကျော်ပြီးသည့်တိုင် အပျက်စီးသိပ်မများဘဲ ကျန်ခဲ့တာက မွန်ဗိသုကာဟန်တွေဖြစ်နေတာဟာ သိသိသာသာ သတိထားမိစရာဖြစ်လာတယ်။

တကယ်တော့ မွန်တွေရဲ့ ဗိသုကာဟန်ဆိုတာ ကမ္ဘောဒီးယား ခမဲလ် (Khmer)တွေကနေ အတုယူထားတဲ့ဟန်ဖြစ်တယ်။ ခမဲလ်တွေပညာရှင်တွေက အဆောက်ဦးတည်ဆောက်ရာမှာ အဓိကဆောက်လုပ်ရေးသုံးပစ္စည်းအဖြစ် ကျောက်တုံး ၊ ကျောက်ဆိုင်၊ ကျောက်သားကိုအသုံးပြုတာဖြစ်ပါတယ်။ ဒီပညာရပ်ကို မြန်မာမှု (မွန်မှု)ပြုတဲ့အခါ သဘာဝပတ်ဝန်းကျင်အခြေနေအရ မြေသားမီးဖုတ် (အုတ်) တွေကို အခြေခံဆောက်လုပ်ရေးပစ္စည်းအဖြစ် အစားထိုးခဲ့ကြပြန်တယ်။

ထီးလှိုင်မင်း (ကျန်စစ်သား ) လက်ထက်လောက်ကစပြီး ဗိသုကာပညာ တစ်ဆက်ချိုး တိုးတက်တယ်လို့ဆိုကြပါတယ်။ ဥပမာ အဖြစ်ပြရရင် သဗ္ဗညု ဘုရားပေါ့။ မွန်ဗိသုကာဟန်လို ဝပ်နေတာမျိုးမဟုတ်တော့ဘဲ အထက်ကောင်းကင်ကို ငွါးငွါးစွင့်စွင့် တက်သွားတဲ့ဟန် ( တက်ကြွဟန် ) ဘက်ပြောင်းလာတယ်။ ဒီလို တက်ကြွဟန် ဗိသုကာကြောင့် ဂူအတွင်းပိုင်းကိုအလင်းရောင် ပိုများလာအောင်ဖန်တီးလာနိုင်တဲ့အပြင် လူအများရဲ့အမြင်မှာ ဂူဘုရားဟာ တကယ်တမ်းအမြင့်ထက် ပိုပြီးမြင့်တက်နေဟန်ကိုဖြစ်စေပါတယ်တဲ့။ ဒီလို တဆက်ချိုးပြောင်းလဲလာတဲ့ ဗိသုကာဟန်ကို မြန်မာဟန်လို့အမည်ပေးကြတာတွေ့ရပါတယ်။

အဲဒီ မြန်မာတွေရဲ့ တက်ကြွဟန် ဗိသုကာဟာ အင်းဝ ခေတ်နှောင်းပိုင်းကစပြီး ကုန်းဘောင်နောက်ဆုံး မင်းဆက်အထိ အချိန်အတိုင်းတာတွင်းမှာတော့ စေတီ ဘုရား ပုထိုးတွေတည်ဆောက်ရာမှာ အသုံးနည်းသွားပြီး ရဟန်းတို့ သီတင်းသုံးရာ ဘုန်းကြီးကျောင်း တွေတည်ဆောက်ရာမှာသာ ပိုပြီးအသုံးများပါတယ်။ ဥပမာ ဘုံအဆင့်ဆင့်တက်သွားဟန် ၊ ပြာဿဒ် ၊ စနု ၊ ဘောဂတွေ ထည့်ပြီး မိုးပေါ်ချွန်တက်သွားတဲ့ဟန် ' မိုးထိဟန် ' တွေဘဲပေါ့။

ခုချိန်မှာတော့ အတော်လေးအတွေ့ရနည်းသွားပါပြီ။ ဒီဇိုင်း ထုတ်နိုင်တဲ့ပညာရှင်တွေ နည်းသွားသလို လုပ်တတ်ကိုင်တတ်သူ ပညာရှင်တွေလည်း ရှားပါးကုန်ပါပြီ။ ဒီလို မြန်မာဗိသုကာဟန်တွေ လူကြိုက်နည်း သွားတာဟာ အတော်စိတ်မကောင်းစရာပါဘဲ။ ပြန်လည်ဖော်ထုတ်ပြီး မှတ်တမ်းတင် ထိမ်းသိမ်းဖို့ရာ အတော်လေးတောင်အချိန်နှောင်းနေပြီထင်ပါရဲ့။

၂၀ ရာစု ဒီဘက်ခေတ် ကျောင်းအို ကျောင်းပျက်တွေ ရှိသလောက် ပြန်ဝေမျှလိုက်ပါတယ်။ ၁၉ ရာစုလက်ရာ ကျောင်းတွေလောက် သစ်သား ပန်းပုလက်ရာတွေမပါတော့ပေမယ့် ခု ၂၁ ရာစုထဲရောက်တော့ ဒီလိုအဆောက်ဦးတွေဟာ ပြင်ဆင်ထိမ်းသိမ်းမှုအားနည်း တာကြောင့် ပြိုပျက်ယိုင်လဲစပြုလာပါပြီ။ အဲဒီအဆောက်အုံတွေနေရာမယ် လေအေးပေးစက်တပ်ထားတဲ့ အာစီအုတ်တိုက်တွေနေရာယူသွားပါပြီ။

ရွှေဘို ခရိုင်၊ ဇီးကုန်း အနီး ငါးရာနဲ ( ငရနဲ ကျောင်း )

ရွှေဘို ခရိုင် ၊ ထန်းတပင် ကျေးရွာ ( အုတ်ကျောင်း )

ရွှေဘို မြို့ပေါ် ချမ်းသာကြီးဘုရားဘေးက ဘုန်းကြီးကျောင်း



ပဲခူး ရွှေသာလျှောင်း ဘုရားဘေးက ဇရပ်အို

1 comment:

  1. မြန်မာ့အင်္ဂတေ ပန်းအကြောင်း သိချင်လို့ပါ ကျေးဇူးပြ၍ မျှဝေပေးပါ

    ReplyDelete

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။