8/9/10

မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း



မင်းတို့ ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း

စတုက ၌ ရေမြေသေဌ်နင်း မင်းတို့ သည် တိုင်းနိုင်ငံသူ လူအပေါင်းတို့အား သဂြိုဟ်ချီးမြှောက်ကြောင်း သင်္ဂဟတရားလေးပါး အပြားရှိ၏။ လေးပါးဟူသော်ကား - သဿမေဓ ၊ ပုရိသမေဓ၊ ဝါစာပေယျ ၊ သမ္မာပါသ - ဟူ၍ လေးပါးအပြားရှိ၏။ ဤသင်္ဂဟတရား လေးပါးတို့ဖြင့် ရေမြေသေဌ်နင်း မင်းတို့သည် တိုင်းနိုင်ငံသူ လူရှင်အပေါင်းတို့ကို သဂြိုဟ်ချီးမြှောက်ကုန်ရာ၏။

ထို့ ကြောင့် အဂုင်္တ္တရ သက္ကတနိပါတ်အဋ္ဌကထာ၊ သုတ္တနိပါတ် အဋ္ဌကထာများ၌-

" ပေါရာဏက ဓမ္မိကရာဇကာလေ ကိရ သဿမေဓံ ပုရိသမေဓံ သမ္မာပါသံ ဝါစာပေယျ န္တိ စတ္တာရိ သင်္ဂဟဝတ္တူနိ အဟေသုံ၊ ယေဟိ ရာဇာနော လောကံ သင်္ဂဏှိံသု" ဟူ၍လာသည်။

ပေါရာဏက ဓမ္မိကရာဇကာလေ၊ ရှေး တရာစောင့်ကုန်သော မင်းတို့လက်ထက်၌။ သဿမေဓံ ၊ သဿမေဓလည်ကောင်း။ ပုရိသမေဓံ၊ ပုရိသမေဓလည်းကောင်း။ သမ္မာပါသံ။ သမ္မာပါသလည်းကောင်း။ ဝါစာပေယျံ၊ ဝါစာပေယျ လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တရိ၊ လေးပါးကုန်သော။ သင်္ဂဟဝတ္တူနိ၊ သင်္ဂဟဝတ္တူတို့သည်။ အဟေသုံ ကိရ၊ ဖြစ်ကုန်သတတ်။ ရေဟိ၊ အကြင်သင်္ဂဟဝတ္တူတို့ ဖြင့်။ ရာဇာနော၊ မင်းတို့ သည်။ လောကံ၊ တိုင်းနိုင်ငံသူ လူအပေါင်းကို။ သင်္ဂဏှိံသု၊ သဂြိုဟ်ချီးမြှောက်ကုန်၏။

သဿမေဓ ။ ။ ထိုလေးပါးတို့တွင် ကောက်ပဲ အစရှိကုန်သော အခွန်အတုတ်တို့ကို ဆယ်ဘို့ တဘို့ သာ ခံယူခြင်းသည် သဿမေဓမည်၏။ ကောက်ပဲအစရှိကုန်သော အခွန်အတုတ်ပြီးစေခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

ပုရိသမေဓ ။ ။ သူရဲ သူခက်တို့အားခြောက်လတကြိမ် ထမင်းမျိုးရိက္ခာ ဖြစ်စေခြင်းသည် ပုရိသမေဓမည်၏။ သူရဲ သူခက်တို့အား သဂြိုဟ်ချီးမြှောက်ခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။

သမ္မာပါသ ။ ။ သူဆင်းရဲတို့လက်၌ စာရင်းတင်ထား၍ အသပြာတထောင်၊ နှစ်ထောင်မျှလောက်သော ကြေးငွေ ဥစ္စာပေးနှင့်၍ သုံးနှစ်လည်မှ အတိုးအပွါးမရှိ အရင်းအတိုင်းသာ ခံယူခြင်းသည် သမ္မာပါသ မည်၏။ လူတို့ ၏ နှလုံးကို ကျော့ကွင်းဖြင့် ဘွဲ့၍ထားဘိသကဲ့သို့ မြဲစွဲစေသဖြင့် သဂြိုဟ်မစသည် မည်၏ ဟူလိုသည်။ ထမ်းပိုးခံယူခြင်းသည် သမ္မာပါသမည်၏ဟူသည်ကား ယခင် အဋ္ဌကထာများနှင့် ၄င်း အဘိဓာန်ဋီကာနှင့်၎င်း မညီလေ။

ဝါစာပေယျ ။ ။ မှူးမတ် ကလန် သံပျင် အစရှိကုန်သောသူတို့ကို အမောင်ဦးရီး စသည်ဖြင့်သာယာချေငံစွာ ခေါ်ဝေါ်ပြောဆိုခြင်းသည် ဝါစာပေယျ မည်၏။ ချစ်ကြည်မြတ်နိုးဘွယ်သော စကားဖြင့် သဂြိုဟ်မစသည် ဟူလိုသည်။


ရွှေနန်းသုံးဝေါဟာရအဘိဓာန်ပြုစုသူ ဦးမောင်မောင်တင်



(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )

No comments:

Post a Comment

လွတ်လွတ် လပ်လပ် ရေးလိုရာ ရေးခဲ့နိုင်ပါတယ်။