မန္တလေးရောက်တဲ့အခါ လူတိုင်းနီးပါးက စာထဲမှာသာဖတ်ဖူးတဲ့ ရှေးက နန်းတော်ကြီးကို တအံ့တဩကြည့်ကြသည်ပေါ့။ မင်းတုန်းမင်းကို သတိရရင်ရမယ်၊ သီပေါမင်းကို သတိရချင်ရမယ်။ ဘာဘဲဖြစ်ဖြစ် တွေးလို့ ငေးလို့ကောင်းတဲ့ အတိတ်ကို အောင့်မေ့ကြသည်ပေါ့။ မန္တလေး နန်းတော်ကြီးနှင့် မန္တလေးအကြောင်းရေးထားတဲ့ စာတွေ၊ကဗျာတွေကလည်း များမှများ။ ရှေးကမြို့တွေမှာ မြို့တည် ၊ နန်းတည် ကဗျာ ၊ ရတုတွေရှိပေမယ့် မန္တလေးဟာ စာအတင်ခံရဆုံး ၊ အရေးအများဆုံးပါ။
ဒေါက်တာသန်းထွန်းက မန္တလေး ရက်စွဲသမိုင်း ကိုပြုစုတဲ့အခါ ' မဟုတ်က ဟုတ်ကတွေရေးရင် သတ်ပစ်မယ် ' ဆိုပြီး ခြိမ်းခြောက်စာပို့သတဲ့။ အဲလောက် သဲသဲလှုပ်မန္တလေးကိုချစ်ကြတာ။ မန်းလေးကိုဒီလောက်အသားပေးလွန်းတော့ ကပ်ရက် မင်းနေပြည်တော်တွေဖြစ်တဲ့ အမရပူရ ၊ အင်းဝ ၊ စစ်ကိုင်း စတဲ့နေရာတွေက သမိုင်းဝင်အဆောက်ဦးတွေ တဖြည်းဖြည်းမှေးမှိန်လာတယ်လို့ဆိုချင်ပါတယ်။
မန္တလေးရောက်တဲ့အခါ နန်းတော်ထဲသွားလည်ပြီး တောင်ကြည့် မြောက်ကြည့်လုပ်လေ့ရှိပေမယ့် ၊ နန်းတော်ရှေ့ လမ်းမကြီးဘေးတင်ကပ်ရက်မှာရှိတဲ့ ကျောက်စာရုံထဲကိုတော့ စိတ်ဝင်တစားသွားကြည့်တဲ့လူ ရှိချင်မှရှိမယ်။ မရှိဘူးလို့ပြောတာမဟုတ်ပါ။ ဘိုးတော်ဗဒုံမင်း လက်ထက် အနယ်နယ်အရပ်ရပ်က ယူလာတဲ့ မူရင်းကျောက်စာတွေရယ်၊ ဆင့်ထိုးကျောက်စာတွေရယ်၊ စပ်ထိုးကျောက်စာတွေရယ် စုစည်းထားတဲ့ နေရာလေးပါ။ ကျောက်စာရုံနှစ်ရုံရှိတယ်။ ကျောက်စာရုံထဲအမြဲလာတာ ဘယ်သူကမွေးထားမှန်းမသိဘဲ လွှတ်ကြောင်းထားတဲ့ နွားရယ် ၊ အဲနားက ကလေးတချို့ရယ်။ နွားကတော့ ကျောက်စာရုံဝင်းထဲ မြက်ပင်တွေဝင်စားတယ် ၊ စာလို့ဝရင် လျှောက်လမ်းပေါ် အစာစွန့်တယ်။ ကလေးတွေကတော့ အပျင်းပြေဝင်ဆော့ကြတယ်။