Showing posts with label ရှေးမြန်မာ. Show all posts
Showing posts with label ရှေးမြန်မာ. Show all posts

6/14/09

သုတေသနထုံး



စာတမ်းစာစောင်၊ တစ်ခုကို ကျမ်းညွန်းအဖြစ် ယူသုံးတော့မယ်ဆိုရင် သုတေသန ထုံးအတိုင်း
" ဘယ်သူရေးလဲ "
"ဘယ်တုန်းကရေးလဲ "
" ဘယ်လောက်ယုံကြည်နိုင်လဲ"
" သူကိုယ်တိုင် သုံးတဲ့ မူရင်း ရင်းမြစ် (Primary Source ) ကဘာလဲ "
" သူသုံးထားတွေ က ဒုတိယ ရင်းမြစ် (Secondary Source )ဖြစ်နေမလား"
စတာတွေကို အဓိကထားပြီး ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ကြည့်ပါတယ်။

ဥပမာပြောရရင် " သီရိခေတ္တရာ" ကို BC ကတည်းက တည်ခဲ့ပါတယ် ဘယ်လောက်ပြောပြော တူးဖော်ရရှိထားတဲ့ ရှေးပစ္စည်း သက်တမ်း တွက်ချက်မှု အဖြေအရ AD ၄ ရာစုထက်မစောဘူးဆိုရင် ပထမအဆိုကို လက်ခံလို့မရပါ။ တကောင်းမှာတူးဖော်တွေ့ရှိချက်အရ ၉ ရာစုထက်စောတဲ့ ရှေးပစ္စည်းတစ်ခုမှ မရရင် မြန်မာအစ တကောင်းကလို့ ပြောလို့မရပါ။

သုတေသနသမား တစ်ယောက်အနေနှင့် စိတ်ချလက်ချ အသုံးပြုနိုင်တာက မြေထဲကတူးဖော်ရရှိတဲ့ ရှေးပစ္စည်းတွေပါဘဲ။ အခြေနေ အကြောင်းကြောင်းအရ တူးဖော်မှုတွေ ကိုယ်တိုင် မလုပ်နိုင်သော်လည်း ကမ္ဘာအနှံ့မှာ မြန်မာ့ရှေးပစ္စည်းတွေ အမြောက်အများ ရှိနေပါသေးတယ်။ လေ့လာလို့ရနိုင်ပါသေးတယ်။

အပေါ်မှာ ကျွန်တော်စုစောင်းထားတဲ့ ကျောက်ပြားနှစ်ပြားကို လေ့လာလို့ရပါတယ်။
စင်္ကာပူ နာမည်ကြီး ရှေးဟောင်းပစ္စည်း ကုန်သည်တဦးဆီက ဝယ်ယူခဲ့တာပါ။

နှစ်ခုလုံးဟာ ဟိန္ဒူကိုးကွယ်ယုံကြည်မှုနှင့် ဆိုင်တဲ့ ရှေးပစ္စည်းလေးပါ။

6/6/09

အဲဒါ မြန်မာ ( ပုဂံ )



အမှန်တိုင်းဝန်ခံပြောစတမ်းဆိုရင် မြန်မာဖြစ်ရတာ သိပ်ဂုဏ်ယူဖို့ကောင်းပါလားလို့ စိတ်ထဲမှာ စွဲစွဲမြဲပေါ်လာတာ " ပုဂံ " ကိုပထမဆုံး ရောက်တဲ့အချိန်မှာပါ။ ပုဂံအကြောင်း ငယ်ကတည်းက ကြားဖူပေမယ့် သူများတွေပြောတိုင်း အပိုတွေ ပြောတယ်လို့ဘဲ ထင်ခဲ့တယ်။ ကိုယ်တွေ့ မဟုတ်ရင် မယုံတတ်တဲ့အကျင့် ကြောင့်လားမသိပါ။

၂၀၀၅ မိုးရာသီမှာ အလုပ်ကိစ္စတစ်ခုအတွက် သွားရင်း " ပုဂံ " ကိုဝင်ပါတယ်။ နံနက် ၅ နာရီလောက် " ပုဂံ " အဝင်ဂိတ်တစ်ခုမှာ ဘာအရာရှိမှန်းသေချာ မသိတဲ့ အရာရှိတစ်ယောက်က ကား လေအေးပေးစက်ကျေးဇူးနှင့် အိပ်မောကျနေတဲ့ ကျွန်တော့ကို အတင်းလှူပ်နှိုးပြီး
" မြန်မာ့ဗိသုကာနှင့်ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာဇုံ" ဝင်ကြေးဆိုပြီး ဒေါ်လာ တစ်ဆယ်အတင်းတောင်းပါတယ်။

အတော်စိတ်တိုသွားတယ်။ " ပေးမယ် ငါ့ကို ရေအိမ်အရင် လိုက်ပြ " လို့ပြောပြီး ကားအောက်ဆင်းတယ်။ ရေအိမ်သုံးပြီး ကားပေါ်ပြန်မတက်ခင် ဘာမှမပြောဘဲ မှတ်ပုံတင်ပြပြီး တက်လာခဲ့တယ်။ အဲဒီ ငနဲကလည်းဘာမှ ပြန်မပြောပါဘူး။ ရပ်ရင်းကျန်ခဲ့တယ်။ အဲဒါမြန်မာ။

ပုဂံမှာ လေ့လာစရာတွေ အများကြီးရှိနေပေမယ့် ရတဲ့အချိန်နှင့် မလောက်ပါ။ စက်ဘီစီးပြီး အကြိုကြားတွေသွားတယ်။ ရွာတွေလျှောက်သွားတယ်။ ဆူးထိုးပြီး ဘီးပေါက်။ လမ်းလျှောက်ပြီး ရွာထဲဝင်။ လျှာထွက်အောင် နေကပူ။ ရွာသားတွေက လက်ရပ်ခေါ်ပြီးရေတိုက်တယ်။ အဲဒါမြန်မာ။

ရွာထဲမှာ ဘီးဖာပြီး အပြန် စိမ်းညက် ညီမ/အမ ဘုရားနားအရောက်မှာ ရှေ့ကစက်ဘီးစီးလာတဲ့ ပုဂံသားတွေက ဘုရားဘက်လက်ညိုးထိုးပြီး လှမ်းအော်ပြောတယ်" Sun Set "" Sun Set " တဲ့။
ချွေးတွေပေနေတဲ့ သူတို့ မျက်နှာတွေက ပြုံးလို့ရယ်။ အဲဒါ မြန်မာ။

မဆိုစလောက်သာရှိတဲ့ လေ့လာမှုလေးတွေလုပ်ပြီးပြန်လာခဲ့ရတယ်။ အပိုတွေ သိပ်မပြောချင်ဘူး။ အသားမဖြူ ဆံရှည် နှင့် ဂျင်းဘောင်းဘီတိုဝတ်တဲ့ ကျွန်တော်မြန်မာ။

ပုဂံသွားတဲ့ တတိယ အကြိမ်မှာ ပဲခူးသူ အသစ်စက်စက် ကျွန်တော့ဇနီး ကို ပထမဆုံး " ပုဂံ " ခေါ်သွားပြီး လိုက်ပြတယ်။ အဲဒါ မြန်မာလို့။

3/21/09

ရှေးပစ္စည်း

ရှေးဟောင်းသုတေသန တူးဖော်ရေး Archaeological Excavation ဆိုတာတွေမှာ ရှေးပစ္စည်း ကိုကြည့်ပြီး ဒီပစ္စည်း ကိုဘယ်သူလုပ်သလဲ ဘယ်တုန်းကလုပ်သလဲ ဘာအတွက်လုပ်သလဲ လို့အဖြေရှာတယ် ။ သိရင် ရှေးကလူတွေ ဘာစားသလဲ ၊ ဘာဝတ်သလဲ ၊ ဘယ်လိုနေထိုင်ကြသလဲ ၊ ဘာတွေ ကိုးကွယ်ယုံ ကြည် သလဲဆိုတာ ဖော်ထုတ်တယ် ။
( ဒေါက်တာ သန်းထွန်း ၊ငါ ပြောချင်သမျှ ငါ့အကြောင်း )

3/12/09

ထူးအိမ်သင် ကို လှူမယ်တဲ့ လား


တစ်ရက် မက ၊ တစ်နေရာ မက ၊ တစ်ခါမက တွေ့နေရတဲ့ စာတမ်းလေးတစ်ခုပါ။
ထူးအိမ်သင် အတွက် လှူရအောင်ဆိုတဲ့ စာတမ်း လေးက ဘာအတွက်ရေးတယ်လို့ ကျွန်တော်နားလည် မလိုလိုနှင့် နားမလည်နိုင်ပါ။ လှူရအောင်လို့ ဆိုတဲ့အတွက် သူ့အတွက်ရည်ဇူးပြီး ကောင်းမှု ကုသိုလ် လုပ်မှာကို ပြောတာလား ။ ဒါဆိုရင်တော့ ကောင်းပါတယ် ။ ဒါပေမယ့် ထူးအိမ်သင် ဟာငွေနှင့် အမြဲ မပတ်သတ်တဲ့ လူပါ ။
သူဖန်တီးထားတဲ့ အနုပညာ လက်ရာတွေ သီချင်း၊ ကဗျာ ၊ ဂီတ တွေမှာ ငွေရဲ့ အငွေ့အသက် လုံးဝ လုံးဝ မတွေ့ရတာ အသေအချာပါ ။
ကျန်ရစ်ခဲ့တဲ့ မိသာစုဟာလည် ထူးအိမ်သင် သဘော နှင့် ထပ်တူထပ်မျှ ပါ ။ ထူးအိမ်သင် နေမကောင်းလို့ ဆေးရုံမှာ ကုသဆဲ ဆိုရင်ဖြင့် မပြောလိုပါ။

ထူးအိမ်သင် ဆိုတဲ့လူဟာ သူ့ကိုစာအုပ်ပေးရင် "ဘယ်သူကျေးဇူးပြုသည်" လို့စာအုပ်မှာ ရေးထားမယ်။ ဝိုင်း မှာတွေ့လို့ပြုစုရင် "ရတယ်လို့" ပြောမယ်။ ကျန်တာသွားမပေး လေနှင့် အဆဲခံရမယ်။ သူ့အတွက် လှုတယ်လို့သာ သူသိရင်ဖြင့် ...............။ ဒီလိုအလှုမျိုးကို သူလုံးဝမ ကြိုက်ပါ ။

သူ့ကိုကြည်ညိုတာ ၊ လေးစားတာကို နားလည်ပါတယ်။

ဒါပေမယ့်ဗျာ ဒီ " လှုရအောင် ဆိုတဲ့ဟာ ကြီး" က
သူ့ရဲ့ စိတ်သဘောထား ၊ သူ့ရဲ့ ရိုးသားမှု ၊ သူ့ရဲ့ ဖန်တီးမှု ၊ သူ့ရဲ့ပညာရပ် ၊ သူ့ရဲ့ အလှတရား ၊
သူ့ရဲ့ ချစ်ခြင်းဂရုဏာ .......... ဒါတွေအားလုံးကို လုံးလုံး မသိသလို ဖြစ်မနေဘူးလား။



အိပ်မက်သည် သူ
သူသည် အိပ်မက်
အိပ်မက်သည် အသက်ဖြစ်စေ
ဆောင်းဦးလျှင် နှင်းကြွင်း၏
အချစ်ကြွင်းစေ
မြတ်နိုးချင်း ကြွင်းစေ
မေတ္တာ ကြွင်းစေ
===============================================






(ကျုပ် ကထပ်ပြောလိုက်ချင်သေး ခင်ဗျားလုပ် လို့ ဘာမှ မကြွင်း ဘဲနေဦးမယ်။ )

3/9/09

မွန်ခေါင်းလောင်းစာ




တစ်ရက်။ ကျွန်တော့် အရင် အလုပ်ရှင် စင်ကာပူနိုင်ငံသား ရှေးဟောင်းပစ္စည်း ကုန်သည် က ဒီဓာတ်ပုံပို့ပြီး စာကိုဘာသာပြန်ဖို့ အကူညီတောင်းပါတယ်။
တစ်ပတ်လောက် ခေါင်းစားနေရတယ်။
စာက မွန်စာ ဖြစ်နေတယ်။
ခုနှစ် ဖတ်လို့ရတယ်။
အလေးချိန် ဖတ်လို့ရတယ်။
ကုန်ကျငွေ ဖတ်လို့ရတယ်။

အလှူရှင် ဒါယကာတွေ ရဲ့နာမည် ၊ ဘယ်အရပ်လို့ သေချာမသိရပါ။ ပုဂံစာကျောက်စာ ၊ အဝ ကျောက်စာ တွေကို အချိန်ယူကြိုးစားဖတ်ရင် အဖြေရပါတယ်။ ဒါပေသိ ရခိုင်၊ ရှမ်း၊ မွန် စာတွေတော့ မဖတ်နိုင်ပါ။ နောက်ဆုံး ကြံရာမရလို့ ထိုင်းနိုင်ငံအခြေစိုက် သီတင်းမီဒိယာ တစ်ခုက မွန်စာ တာဝန်ခံ ဆရာ ဗညားအောင်ကို ကူညီလှမ်းတောင်းပါတယ်။ သူကူညီလိုက်လို့ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်ရပါတယ်။




သူ့ပြန်စာမူရင်း က
သို့
ဇေမျိုးလင်း
ခေါင်းလောင်းပါစာ၏အဓိပ္ပါယ်ကအောက်ပါအတိုင်းဖြစ်ပါတယ်
၁၂၈၆- တပို့တွဲလပြည့်ကျော် ၈ ရက်၊ တနင်္ဂနွေနေ့ "တဒုႝပြင် (ဝါ)တံဒုႝပြင် (ဝါ) သောင်ပြင်ရွာ-ရွာနာမည် အပေါ်ညာစွန်း၊ဖတ်ရတာမသဲကွဲ" အလှူဒါယကာ၊ ဒါယိကာမ နှစ်ဦးဖြစ်ကြသည့် "ယောက်ျားနာမည် မသဲကွဲပါ" - မိဝင် နှင့်သားသမီး အပေါင်းအပါတို့က အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။
ယုံကြည်လျှက်
ဗညားအောင်


အဲဒီလိုမြန်မာဘာသာပြန်ရတော့မှ ကျွန်တော်က ဆက်ပြီး ကြိုးစားတယ်။ ဒီလိုပြန်လိုက်တယ်။ မှားနေရင် ထောက်ပြပါ။ ပြင်ပေးပါ။

၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တဒုပြင်ခေါ် သောင်ပြင်ရွာ နေ
အလှူဒါယကာ တြုံဗြဲညု ( မသေချာ )+ ဒါယိကာမ မိဝင် နှင့် သားသမီး အပေါင်းပါတို့က
အလေးချိန် ၄၂ ပိဿာ ၈၅ ကျပ်သားရှိ ခေါင်းလောင်း တန်ဖိုးငွေကျပ် ၁၉၂ ကျပ် ၁၅ ပဲကို အလှူဒါနပြုပါ၏၊ နိဗ္ဗာန ပစ္စယော ဟောတု။

ကိုဗညားအောင် ကိုကျေးဇူး အထူးတင်ကြောင်း ဒီနေရာမှာ ထပ်ဖော်ပြလိုက်ပါတယ်။
================================================
ဒီခေါင်းလောင်းကို ဘယ်သူက ဘယ်နေရာက ခိုးလာမှန်း မသိရပေမယ့် ဒီလိုမြန်မာ့ အနုပညာဆိုင်ရာနှင့် ရှေးဟောင်း ပစ္စည်းတွေ မြန်မာမြေပေါ်က ကွယ်ပျောက်ရတာမှာ သဘာဝဘေးရန် ထက် လူဟာ အဆိုးဝါးဆုံး ၊ အမိုက်ရိုင်းဆုံး ၊ အရက်စက်ဆုံး တရားခံပါ။

3/4/09

ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)

ဘ၀ရုပ်ပုံလွှာ (၁၁)
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
တင်မိုး
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊ မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊ မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု

ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။

ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။


ဒီ ပိုစ်ကို ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ တိုက်ရိုက် ကူးယူဖော်ပြလိုက်ပါတယ်။
မူရင်းလင့်ခ် က http://www.irrawaddy.org/bur_Joomla_1.5.8/bawa2007/February/feb_09_2007.html

သမိုင်းစစ်စစ်

သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။
ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။
ကြောက်လို့ ဖုံးကွယ်ပြောတယ်။
မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။
ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။
သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။
( ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ )

1/19/09

ရှေးမြန်မာ

နိုင်ငံတကာပြတိုက်တွေမှာ အမြတ်တနိုးတန်ဖိုးထားပြီးပြသထားတဲ့ မြန်မာ့ သမိုင်းဝင် အနုပညာပစ္စည်းတွေ နှဲ့အတူ ကျောက်စာ (ဆင့်ထိုး၊ စပ်ထိုး ကျောက်စာများ။ ကျောက်စာအတုများ မပါ)တွေကပြောတဲ့မှန်ကန်တဲ့သမိုင်းအထောက်အထား တွေကိုသာအဓိကထားပြီး တင်ပြမှာ။ ဒေါက်တာသန်းထွန်း ပြောသလိုဘဲ ပြောပါမယ်။ " ကြိုက်သလို ဝေဖန်ပါ၊ ကဲ့ရဲ့ပါ၊ ထောက်ပြပါ။" ကျွန်တော်တစ်ခု ပိုပြောချင်တယ် ဆဲချင်လဲဆဲသွားပါ။ ဒါပေသိ မှန်မှန်ကန်ကန်ပြစ်ပါစေ၊ မှန်ကန်ဖြောင့်မတ်ပြီးဘက်မလိုက်တဲ့သမိုင်းတွေ့ရှိမျိုးမှသာ အများအတွက်အကျိုးရှိမှာ။ ' ဦးကုလားရာဇဝင် ၊ မှန်နန်းရာဇဝင်၊ တွင်းသင်းရာဇဝင်တွေလို သမိုင်းအထောက်ထား အားရစရာ ဘာမှမရှိတဲ့ အိပ်ယာဝင်ပုံပြင်စာအုပ်ထဲက ဟာတွေတော့လာမပြောနဲ့ဗျာ။ ကျွန်တော်ပညာရှာသူသက်သက်ပါ။ မြန်မာ ဖြစ်ရတာ ဘယ်တုန်းကမှ သိမ်ငယ်မှုမခံစားရဘူးပါ။ မရှက်ပါ။