3/31/13
ပျူစောထီး တကယ် ရှိ မရှိ (၃)
ခရစ်နှစ် ၁၅၅၀ လောက်မှာပြုစုရေးသားတယ်လို့ထင်ရတဲ့ နန်းစော ပါးစပ်ရာဇဝင် The Romantic History of Nan Chao မှာတော့ ဒီလိုတမျိုးပြောပါတယ်။ အာသောကမင်း Piao Chu Ti ပျူစောထီး သည် ချင်းမဲင်ခဝေး Chinmeng Kwei နှင့် စုံဖက်ပြီး တီမဲကျူး Ti Meng Chu (ထီးမင်းစော) ကိုမွေးဖွား။ အဲဒီမင်းစောထီးကမှ သား ကိုးယောက်ဖွားပြီး လူသားမျိုးနွယ်စု ကိုးခုတို့ရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။ အဲဒီ နန်းစောပါးစပ်ရာဇဝင် ကျမ်းဟာ သူ့ရှေ့က ကျမ်းတစ်ကျမ်းဖြစ်တဲ့ Pai Ku Chi ( Bai-gu-ji) ခေါ် ပိုင်မျိုးနွယ်စုတို့ရဲ့ ရှေးဟောင်း ဒဏ္ဍရီပုံပြင်ကို မှီငြမ်းထားတာသာဖြစ်တယ်လို့ ဆိုပါသေးတယ်။
နန်းစော ပါးစပ်ရာဇဝင်မှာတော့ အာသောကမင်းကို Piao Chu Ti ပျူစောထီး လို့ပြောထားပါတယ်။ ပျူစောထီးရဲ့ သားဟာ တီမဲကျူး Ti Meng Chu (ထီးမင်းစော) ဖြစ်ပြီး သူ့မျိုးဆက်တွေက
၁။ သားကြီး မဲင်ကျူးဖုလော် (အိန္ဒိယသားတို့ရဲ့ ဘိုးဘေး )
၂။ မဲင်ကျူးလီယယ် (တိဘက်တို့ရဲ့ ဘိုးဘေး )
၃။ မဲင်ကျူးနော့ (ဟန့်တရုတ်တို့ရဲ့ ဘိုးဘေး)
၎။ မဲင်ကျူးချို ခေါ် မင်းစောချို (အရှေ့မန်တို့ရဲ့ ဘိုးဘေး)
၅။ မဲင်ကျူးတူ (နန်းစော မဲင် တို့ရဲ့ ဘိုးဘေး )
၆။ မဲင်ကျူးထူးအော် (သီရိလင်္ကာသားတို့ရဲ့ ဘိုးဘေး)
၇။ မဲင်ကျူးလင် (ကျော်သသည်းတို့ရဲ့ ဘိုးဘေး)
၈။ မဲင်ကျူးစုန့် (ပိုင်မျိုးနွယ်တို့ရဲ့ ဘိုးဘေး)
၉။ မဲင်ကျူးချူ ( တိုင်း ခေါ် ထိုင်းတို့ရဲ့ ဘိုးဘေး)
ခရစ်နှစ် လေးရာစုလောက်မှာ ပြုစုတယ်လို့ ယူဆထားတဲ့ ဟွာရန်ဒေသသမိုင်း (သမိုင်းဆိုပေမယ့် ဒဏ္ဍရီသိပ်ဆန်) ဟွာရန်(ဇ်) ကူ-အော်ကျိရ် Hua-yang-kuo-chih မှာ ပျူစောထီးနဲ့ ခပ်ဆင်ဆင် ပုံပြင်တစ်ပုဒ်သွားတွေ့ပါတယ်။
ရှေးဟောင်း အိုက်လောင်နိုင်ငံ Ai-Lao Kingdom က ရှားယိ ဆိုတဲ့ တံငါသည်အမျိုးသမီးဟာ ရေထဲမြုပ်နေတဲ့ သစ်တုံးနဲ့ ထိမိပြီး သားဆယ်ယောက်ဖွားမြင်ပါသတဲ့။ အမှန်တော့ သူထိမိတဲ့ သစ်တုံးဟာ နဂါးတစ်ကောင်ဖြစ်နေပါသတဲ့။ နောက်တော့ တစ်နိုင်ထဲမှာရှိတဲ့ အခြားလင်မယားစုံတွဲမှာကြပြန်တော့ သမီး ၁၀ ဦးဖွားမြင်ပါသတဲ့။ ပြီးတော့ ဟိုဘက် ကျား ၁၀ ဦး ဒီဘက် မ ၁၀ ဦးစုံမက်အကြောင်းဖက်ပြီးသကာလ လူမျိုးနွယ်စုတွေရဲ့ ဘိုးဘေးတွေဖြစ်လာပါသတဲ့။
ရှေ့မှာပြောခဲ့တဲ့ ပုံပြင်နှစ်ခုထဲက နန်းစော ပါးစပ်ရာဇဝင်လာ အာသောကမင်းဟာ Piao Chu Ti ပျူစောထီး ဖြစ်တယ်လို့ ပြောလိုက်ကတည်းက ဒီပုံပြင် ကိုပယ်ဖို့လုံလောက်သွားပါပြီ။ ဒုတိယ ပုံပြင်ကတော့ မြန်မာတို့ရဲ့ ပျူစောထီး ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်သွားတွေ့ပါတယ်။ မြန်မာတို့ ရဲ့ ပျူစောထီးဇာတ်လမ်းမှာတော့ နေနတ်သား နှင့် နဂါးမ စုံမက်၊ နဂါးဥတွေ ဥပြီးထားခဲ့၊ ဥတွေထဲက နှစ်လုံးက လူဖြစ်တဲ့ ဇာတ်လမ်းပါ။ ဟွာရန် ရာဇဝင်မှာကြပြန်တော့ လူမိန်းမ နှင့် နဂါး စုံမက်၊ လူတွေမွေးဖွားပြီး လူသားမျိုးနွယ်တချို့ရဲ့ ဘိုးဘေးတွေဖြစ်လာ ဆိုပြီးပြောထားတယ်။
မြန်မာတို့ရဲ့ ပျူစောထီးမူကွဲတစ်ခုမှာတော့ မုဆိုးပြုတ်ကျ ကျန်ခဲ့တဲ့ ဥ တစ်လုံးဟာ တရုတ်ပြည်ထိရောက်တယ်လို့ ဆိုပါသေးတယ်။ ယုတ္တိမရှိပါ။
ခရစ်နှစ် ၉ ရာစုကာလ တရုတ်မှတ်တမ်းတွေမှာ ရေးမှတ်ခဲ့တဲ့ နန်းစော မင်းဆက်တွေက
၁။ ယှီး နုလော် ( ၆၄၉-၇၄ )
၂။ လော်ရှဲင့် ( ၆၇၄-၇၁၂ )
၃။ ရှဲင့်လော်ဖီ ( ၇၁၂- ၂၈ )
၎။ ဖီလော်ကော် ( ၇၂၈-၄၈ )
၅။ ကော်လော်ဖဲင့် ( ၇၄၈-၇၈ )
ကော်လော်ဖဲင့် မင်းရဲ့ သားဖြစ်သူ ဖဲင့်ကျီးယိဟာ စောစောစီးစီး ဆုံးပါးသွားတဲ့အတွက် သူ့အရိုက်အရာကို မြေးဖြစ်သူ ယိမိုရွှန်း ကဆက်ခံပါတယ်။
၆။ ယိမိုရွှန်း ( ၇၇၈-၈၀၈ ) ဒီမင်းလက်ထက်မှာ နန်းစောသံတမန်တွေနဲ့အတူ ပျူတီးဝိုင်းအဖွဲ့ တရုတ်ပြည်ကို သွားရောက်ဖျော်ဖြေရပါတယ်။
၇။ ရွှန်းကော်ချွမ်း ( ၈၀၈-၉ )
၈။ ချွမ်းလုန်ရှဲင့် ( ၈၀၉-၁၆ ) ၊ ချွမ်းလုန်ရှဲင့် ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းလိ အရိုက်ရာဆက်ခံ။
၉။ ချွမ်းလိ ( ၈၁၆-၂၄ ) ချွမ်းလိ ဆုံးပါးတဲ့အခါ ညီဖြစ်သူ ချွမ်းဖဲင့်ယို့ အရိုက်ရာဆက်ခံ။
၁၀။ ချွမ်းဖဲင့်ယို့ (၈၂၄ -၅၉ ) ဒီမင်းလက်ထက်မှာ မြန်မာတို့ရဲ့ သရေခေတ္တရာကို တိုက်ခိုက်ပျက်စီးတယ်လို့ ယူဆပါတယ်။
၁၁။ ရှီရ်လုန် ( ၈၅၉-၇၇ ) ဒီမင်းတက်လာပုံ မရှင်းပါ။
၁၂။ လုန်ရွှန်း ( ၈၇၇-၉၇ )
၁၃။ ရွှန်းဟွာ့ကျဲင် ( ၈၉၇ - ၉၀၂ ) ဒီမင်းလက်ထက်မှာဘဲ နန်းစောနန်းဆက်ပြတ်တယ်လို့ ဆိုပါတယ်။
အပေါ်မှာ တောက်လျှောက်ပြောခဲ့တဲ့ နန်းစောမင်းဆက်တွေကို ကြည့်တဲ့အခါ ဘိုးဘ အမည်စနစ်လို့ ခေါ်တဲ့ အဖေဖြစ်သူရဲ့ နာမည်နောက်ဆုံးစာလုံးကိုယူပြီး သားဖြစ်သူရဲ့ ရှေ့နာမည်အဖြစ်သုံးတဲ့ ဓလေ့ Patronymic System ဟာ နန်းစောမင်းဆက်တွေမှာ သုံးခဲ့တာတွေ့ရပါတယ်။
မြန်မာတို့ရဲ့ ပျူစောထီး၊ ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည် ၊ သေလည်ကြောင် စတဲ့ အမည်စနစ်မျိုးကို မြန်မာမြေပေါ်က ပျူတွေမသုံးပါ။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ရှေးဟောင်းသုတေသနက တူးပေါ်တွေ့ရှိတဲ့ ကျောက်အရိုးအိုးတွေပေါ်က ပျူမင်းဆက်တွေကိုကြည့်တဲ့အခါ အဲဒီလို ဘိုးဘအမည်စနစ် Patronymic System မသုံးတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။
ဒီလို ဘိုးဘအမည်စနစ် Patronymic System ကို အိန္ဒိယသားတို့ဖြစ်တဲ့ သာကီဝင်မျိုးနွယ်တွေမှာလည်း သုံးတဲ့အထောက်အထားရှာမတွေ့ပါ။ ဒီတော့ မှန်နန်းအဆို ပျူစောထီးဟာ သာကီဝင်မင်းမျိုး ဆိုတဲ့အပြောကို ငြင်းချက်ပေးဖို့ နောက်ထပ်အကြောင်းရာတစ်ခုထပ်ရပြန်ပါတယ်။
ဒီလိုနဲ့ စာရေးဆရာမ ဂျူး ရဲ့စကားကို ငှါးပြီးပြောချင်တာက ' ရာဇဝင်တွေထဲမှာ ပျူစောထီးကို ထားခဲ့ ' ဆိုတာပါဘဲ။
Ref;
မိုးဝေမဂ္ဂဇင်း အမှတ် ၂၁၄၊ ဖေဖော်ဝါရီ၊ ၁၉၈၆ ၊ စာ ၇၆-၇၉ ၊ အမှတ် ၂၁၅ မတ်၊ ၁၉၈၆၊ စာ ၁၂၂-၁၂၆ ပညာရှင် ရည်စိန်ရဲ့ ' ပျူစောထီး သုတေသန ' စာတမ်းကို မှီငြမ်းကိုးကားပါသည်။
မှတ်ချက်။ ။ ဒီစာကို မြန်မာကျူ့ ပစ်ဖိုရမ်မှာ mrlynn နာမည်နဲ့ ၂၀၁၂ မှာရေးခဲ့တယ်။
3/17/13
ပျူစောထီး တကယ်ရှိမရှိ (၂)
မှန်နန်း ရာဇဝင်လာ ပျူစောထီးကြပြန်တော့ မောင်ကုလားရာဇဝင်မှာပြောထားတဲ့
နေနတ်သား နှင့် နဂါး ပုံပြင်ကို အတော်လေး ဝေဖန်ထားပါတယ်။
ပျူစောထီးဖြစ်လာမယ့် ကလေးကို ဦးတည်ပြီးပြောရာမှာ နတ် နှင့် နဂါး
ညားပြီးမွေးတဲ့ကလေးဟာ နတ်သော်လည်းကောင်း နဂါးသော်လည်းကောင်း ဖြစ်ကောင်း၏
လူသားစင်စစ်မဖြစ်တန်ရာ ဆိုပြီးဝေဖန်လိုက်ပါတယ်။
ရှင်းရှင်းပြောတော့ ဥ ကပေါက်ပြီး လူဖြစ် ၊ သူရဲကောင်းဖြစ် ၊ မင်းဖြစ်ဆိုတာမျိုးကို မသုံးတော့ပါ။ ဒီတော့ မှန်နန်းရာဇဝင်ဆရာတို့ တမျိုးကြံဆပါတယ်။ အဲဒီကြံဆမှုကြောင့် မောင်ကုလားရာဇဝင်မှာ တိရိစ္ဆာန်မျိုးရိုးကဆင်းသက်သူ ပျူစောထီးဟာ သာကီဝင်မင်းမျိုး အဖြစ်နဲ့ အသွင်ပြောင်းပါတယ်။
မှန်နန်း ရာဇဝင်လာ ပျူစောထီးအကြောင်း အကျဉ်းပြောရရင် ကုလားပြည်က သာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာ။ ဧရာဝတီမြစ်ညှာရောက်ပြီး တကောင်းမြို့တည်ပြီး မင်းလုပ်စိုးစံ။ အဲဒီ တကောင်းရောက် သာကီဝင်မင်းတွေထဲမှာ ၁၇ယောက်မြောက်မင်းက သတိုးမဟာရာဇာ။
သတိုးမဟာရာဇာ နှင့် သူ့မိဖုရားကနေ မျက်မမြင် ညီနောင်တွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ ကိုမွေးပြီး နောက် ဧရာဝတီမြစ်ထဲ ဖောင်နဲ့မျှောပြီးစွန့်ပစ်။ ညီနောင် နှစ်ပါးက ဘီလူးမနဲ့တွေ့ပြီး မျက်စိအလင်းရ။ နောက်တော့ သရေခေတ္တရာမြို့တည်ပြီး မင်းလုပ်အုပ်ချုပ်။ ဒီဇာတ်လမ်းနဲ့ ပျူစောထီးနဲ့ ဘာများသက်ဆိုင်သလဲ ဆိုပြီးမေးလာခဲ့ရင် ဆက်ပြီးဖြေရပါမယ်။
မှန်နန်း ရာဇဝင်ထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာဟာ မင်းလုပ်စိုးစံစဉ်မှာဘဲ မလည်အရပ်မှာ မငြိမ်မသက်ဖြစ်လို့ သူ့မိဘုရားနဲ့အတူ မထင်မရှားဘဝ နဲ့ တောင်ယာလုပ်ပြီးနေပါသတဲ့။ ဒီလိုနဲ့ မိဖုရားမှာ ကိုယ်လေးလက်ဝန်ရပြီး သားယောင်္ကျားဖွားမြင်တယ်။ မွေးလာတဲ့ ကလေးကို မင်းထီးလို့ အမည်ပေးပြီး သသေ့ကြီးတစ်ပါးဆီမှာ ပညာသင်အဖြစ်အပ်နှံပါတယ်။ အရွယ်ရောက်တော့ ပုဂံအရပ်ကို သွားမယ်ဆိုပြီး မိဘတွေထံမှာ ခွင့်တောင်း။ မင်းဖြစ်ကိန်းရှိတယ်လို့ ရသေ့ဆရာက
ရှေ့ဖြစ်ဟောထားပြီးသားမို့ မိဘနှစ်ပါးက ခွင့်ပြု။ ပုဂံသွားဖို့ ပြင်တော့ မိုးပေါ်ကသိကြားမင်း ဆင်းလာပြီး လေး နှင့် မြှားကို လာပေး။
နောက်တော့ မင်းသားလေးက ပုဂံညောင်ဦးရောက်။ ပျူအဖိုးကြီး အဖွားကြီးမောင်နှံနဲ့တွေ့ပြီး သူတို့ထံမှာ မှီတင်းနေထိုင်။ ဒီလိုနဲ့ မင်းသားလေးက တစ်ရက်တော့ သူ့ လေးနဲ့မြှားကို စမ်းသပ်ဖို့ရာ ပုဂံပြည်ဘက်သွားမယ် ဆိုပြီး အဖိုးအို မောင်နှံထံ ခွင့်ပန်။ ဒီတော့မှ အဖိုးကြီးတို့မောင်နှံက ပုဂံမှာ သောင်းကျန်းနေတဲ့ တိရိစ္ဆာန် တွေအကြောင်းပြောပြလို့ ပျူစောထီးကသိပြီး နှိမ်နင်းဖို့ အကြံဖြစ်။
အဲဒီကနေ စပြီးတော့ တိရိစ္ဆာန် သောင်းကျန်းပုံ နှင့် နှိမ်နင်းလိုက်ပုံတွေဟာ မှန်နန်းထဲက အကြောင်းရာနဲ့ မောင်ကုလားရာဇဝင် အကုန်တူပါတယ်။ ပျူစောထီး မင်းဖြစ်လာပုံ နှင့် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက် ၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စတဲ့ မင်းတွေ ဖြစ်လာပုံပါအတူတူဖြစ်နေပါတယ်။ ရှင်းရှင်းပြောတော့ သူရဲကောင်းအခန်းတွေကို ကူးချတာဘဲပေါ့။ ပျူစောထီး အိမ်ရှေ့ အရာရပုံ နှင့် မင်းဖြစ်လာပုံဟာလည်းဘဲ အတူတပါဘဲ။
အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ မြန်မာပြည်ထဲဝင်လာတယ် ဆိုကတည်းက ဆက်ပြီးဆွေးနွေးဖို့မလိုတော့ပေမယ့် ဆက်ဆွေးနွေးပါမယ်။
၁။ အိန္ဒိယ ကသာကီဝင်မင်းမျိုးတို့ ဝိဋဋူပ ရန်ကြောင့် မြန်မာပြည်ဘက်ပြေးဝင်လာတယ်ဆိုတဲ့ မှတ်တမ်းဟာ အိန္ဒိယ ရှေးဦးသမိုင်းမှတ်တမ်းတွေမှာရှာမရပါ။ ဗုဒ္ဓသာသနာ သမိုင်းမှာလည်း ရှာမတွေ့ပါ။ ဒါဟာဘာနဲ့ သွားဆင်သလဲဆိုတော့ မြတ်စွာဘုရား မြန်မာပြည်ရောက်တယ်၊ အာသောကမင်း မြန်မာပြည်ရောက်တယ် ဆိုတဲ့အပြောမျိုးတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ သို့သော် အိန္ဒိယတိုက်ဘက်က ဝင်လာတဲ့ ရှေးဦးရွေ့ပြောင်းနေထိုင်သူတွေတော့ ရှိနိုင်ပါတယ်။
၂။ တကောင်းရောက် သာကီမင်းမျိုးတို့ မင်းဆက် တစ်ဆယ့် ၁၇ ဆက်မြောက် သတိုးမဟာရာဇာလက်ထက် မလည် အရပ်မှာ မငြိမ်သက်လို့ မှန်နန်းကရေးပေမယ့် ဘာကြောင့်မငြိမ်သက်မှန်း ပြောမထားပါ။ မြန်မာ့ရှေးဦးသမိုင်း ၊ အရှေ့တောင်အာရှသမိုင်း နှင့် တရုတ်သမိုင်း မှတ်တမ်းတွေမှာတော့ မြန်မာပြည် မလည်အရပ်မှာ စစ်ဖြစ်တယ်ဆိုတဲ့ အထောက်ထားရှာမရပါ။
၃။ မလည် အရပ်မှာစစ်ဖြစ်စေကာမူ မင်းဖြစ်သူက သူ့ရဲ့ စစ်သည်တွေ နှင့် ထွက်ပြီး မတိုက်ဘဲ နန်းတော်ကထွက်ပြေးပြီး တောင်ယာလုပ်တယ်ဆိုတာက ယုတ္တိမရှိတဲ့ အကြောင်းပြချက်လိုဖြစ်နေပါတယ်။
၎။ မှန်နန်းရာဇဝင်အရ သတိုးမဟာရာဇာမင်းတို့ရဲ့ မြို့တော်မင်းနေပြည်ကို ထိပါးနိုင်တဲ့ မလည်အရပ်ဆူပူမှုဖြစ်တဲ့အခါ သားဖြစ်သူတွေဖြစ်တဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ မွေးသဖခင်ကို သွားပြီးအကူအညီမပေးသလို ၊ ဖခင်ဖြစ်သူ သတိုးမဟာရာဇာဟာလည်းဘဲ သားတွေရှိရာ သရေခေတ္တရာကို မသွားခဲ့တာ ဘာကြောင့်ပါလဲ။
၅။ မင်း နှင့် မိဖုရား ဖြစ်သူ မထင်မရှားဘဝနဲ့ တောင်ယာလုပ်ရင်း ပျူစောထီးကို မွေးတယ်ပြောပေမင့် နောက်ပိုင်း တကောင်းထီးနန်းအကြောင်းကို မှန်နန်းကဆက်မပြောတာဘာကြောင့်ပါလဲ။
၆။ မွေးလာတဲ့ ပျူစောထီးကို ရသေ့ထံမှာ အပ်နှံတော့ ရသေ့က ဒီသူငယ် ပုဂံအရပ်မှာ မင်းဖြစ်မယ်လို့ဟောကိန်းထုတ်တယ်။ အမှန်တော့ မင်းမျိုးဖြစ်သူ ပျူစောထီးဟာ ပုဂံသွားပြီး တိရိစ္ဆာန် တွေနှင့် တိုက်ခိုက်ပြီး မင်းလုပ်မယ့်အစား ဘာကြောင့် မိဘတို့ရဲ့ မင်းနေပြည်ဟောင်း တကောင်းပြည် ပြန်ပြီး မင်းမလုပ်တယ်ဆိုတာ မှန်နန်းဆရာတို့ ရှင်းရှင်းလင်းလင်း မပြောတာ ဘာကြောင့်မှန်းမသိပါ။
၈။ မှန်နန်းရဲ့အဆိုအရ သရေခေတ္တရာမှာ မင်းလုပ်နေတဲ့ မဟာသမ္ဘာဝ နှင့် စူဋ္ဌသမ္ဘာဝ တို့ဟာ မျိုးရိုးအရ ပုဂံရောက်ပျူစောထီးနဲ့ ညီအကိုတော်စပ်တယ် လို့သွားတွေ့ပေမယ့် နောက်ပိုင်းတောက်လျှောက် သူတို့တွေအကြောင်းဆက်စပ်ပြီး ထပ်မပြောတာလည်းသတိထားမိပါတယ်။ သမိုင်းနောက်ခံထားပြီး ရေးတဲ့ ဝတ္ထုရေးဆရာတို့ အဲဒီအချက်ကို အခွင့်ကောင်းယူပြီး နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်ရေးမယ်ဆိုရင်ဖြင့် လူကြိုက်များနိုင်တယ်
သို့ပေမယ့် မှန်နန်းကြံဆတဲ့ ပျူစောထီး မျိုးရိုးဟာ သာကီဝင်မင်းမျိုးကဆင်းသက်သူ ဖြစ်တာကြောင့် နှောင်းခေတ်မြန်မာတို့ သည်းခြေကြိုက်ဖြစ်လာပါတယ်။ သာကီမျိုးဟေ့ တို့မြန်မာတို့ ၊ မြန်မာအစ တကောင်းက တို့စတဲ့ စတဲ့ အဆိုတွေထွက်လာတဲ့အထိဖြစ်လာခဲ့ပါသေးတယ်။
ဒီလိုပြောတော့ ရှေးက ၁-၂ ရာစုနှစ်လောက်မှာ ပျူဂါမ ခေါ် ပုဂံအရပ်မှာ မင်းတွေမရှိ၊ လူတွေမရှိလို့ ပြောတာမဟုတ်ပါ။ အမှန်တကယ်ရှိခဲ့တဲ့ မင်းတွေကို ရှာဖွေဆန်းစစ်ဖို့ရာ သတိချပ်စေဖို့ရာပါ။ မှန်နန်းရာဇဝင်လာ ပျူစောထီးဇာတ်လမ်း နှင့် ပျူစောထီးအစ ကြောင်ဒူရစ်အဆုံး မင်းဆက်တွေဘယ်လိုက ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှေးဟောင်းသုတေသနအမြင်ဘက်က ချဉ်းကပ်ကြည့်တဲ့အခါ ယုတ္တိကင်းကွာနေတာတွေ့မိပါတယ်။
ဆက်ရန်ရှိသေး၏။
Note: ဒီစာကို မြန်မာကျူ့ပစ်ဖိုရမ်မှာ mrlynn နာမည်နဲ့ရေး ခဲ့ဖူးပါတယ်။

3/14/13
ပျူစောထီး တကယ်ရှိမရှိ (၁)
ရှေးခေတ်ဦးမြန်မာ နှင့် ရှေးမြန်မာတွေ အကြောင်း အတော်လေးပြောဖြစ်ခဲ့ကြတယ်။
နောက်ထပ်ပြောချင်တဲ့လူတစ်ယောက်အကြောင်းက ပျူစောထီး ။ ပျူစောထီး သမိုင်းမှာ တကယ်ရှိ/မရှိ ဆိုတာပြောဖို့ရာ အထောက်အထားရှာတော့ မှန်နန်း နှင့် ဦးကုလား ရာဇဝင်တွေကို အရင်ဆုံး သွားတွေ့တယ်။
သူနဲ့ပတ်သက်ပြီး မေးစရာတွေကတော့အများကြီးပါဘဲ။ ပျူစောထီးဆိုတော့ ဘာလူမျိုးလဲ ။ မြန်မာလား။ ပျူလား။ သာကီဝင် မင်းမျိုးလား။ နဂါးလား။ လူလား။ နဂါး နဲ့ နတ် ယှက်စပ်ပြီး ဖြစ်ထွန်းလို့ နတ်နဂါးလား စသဖြင့် စသဖြင့်။ အရေးကြီးဆုံး မေးခွန်းကတော့ သူဟာ မြန်မာ့သမိုင်းမှာ တကယ်ရှိတဲ့ခဲ့ မင်းတစ်ပါးလား၊ သူဟာ မင်းဆက် တစ်ခုရဲ့ ကနဦးလားဆိုတဲ့အချက်ပါ။
ဦးကုလား ရာဇဝင်မှာ ပျူစောထီးရဲ့အစကို အကျဉ်းချုပ်ပြန်ပြောရရင် သူ့ဖခင် နေနတ်သား နှင့် မိခင် နဂါးမတို့ အကြောင်းပါ။ ညားပြီးနောက် များမကြာခင်မှာဘဲ နေနတ်သားက ပြန်သွား။ ကျန်ခဲ့တဲ့ နဂါးမက ဥတွေ ထားရစ်ခဲ့ပြီး ဆုံးပါး။ ကျန်ခဲ့တဲ့ ဥတွေကို နတ်တွေက လမ်းပြတာကြောင့် မုဆိုးကတွေ့ပြီး သယ်သွား။ ချောင်းကိုဖြတ်အကူးမှာ ဥတစ်လုံးပြုတ်ကျသွားပြီး မိုးကုတ်ရောက်။ နောက်တစ်လုံး ထပ်ကျ။ တကောင်းရောက်။ တကောင်းရောက်တဲ့ ဥကနေ အမျိုးသမီးတစ်ယောက်ဖွား။ တကောင်းမင်းက မြှောက်စား။ ဥ နောက်တစ်လုံး ထပ်ကျ။ ညောင်ဦးရောက်။ လူယောင်္ကျားတစ်ယောက် ဖွားလို့ ပျူ လင်မယားနှစ်ယောက်က ကောက်ယူမွေးစား။
လူလားမြောက်တဲ့အရွယ်ရောက်တဲ့အထိ ဥကဖွားတဲ့လူကို နေမင်းမြေးလို့ ခေါ်။ နောက်တော့ ပျူစောထီးလို့ ရုတ်တရက်ပြောင်းခေါ်။ အရွယ်ရောက်တော့ အဖေနေမင်းက လေး နှင့် မြှား လာပြီးပေး။ နောက်တော့ ပုဂံတက်။ ပုဂံမှာ ဝက် ရှူး ဘူး ငှက် သောင်းကျန်းလို့ ဘုရင် နှင့် တိရိစ္ဆာန် နားလည်မှု ပြီး အစားစာထောက်ပန့် ။ ငှက်ကြီးကိုတော့ လူ အမျိုးသမီးတွေပေးရ။ ဒါကို ပျူစောထီးက လေး နှင့် မြှား သုံးပြီး သတ်ဖြတ်နှိမ်နင်းပြီး အနိုင်ရ။ ဘုရင်ကခေါ်ပြီး သမီးနဲ့ ပေးစား။ အိမ်ရှေ့အရာပေး။ သုံးနှစ်နေပြီးနောက် လက်ရှိဘုရင်က ဆုံးပါးပေမင့် ဆရာရသေ့ကို ခေါ်ပြီး မင်းအဖြစ်တင်။ အဲဒီမင်းကို ရသေ့ကြောင်မင်းလို့ခေါ်ပြီး မင်းစည်းစိမ်ကိုခံစား။ ဆုံးပါး။ ပျူစောထီး နန်းတက်။ ဒီတော့မှ ပျူစောထီးမင်းရိုးစပါတော့တယ်။
သတိထားရမယ့် အချက်တချို့ကိုပြောရရင် ဇာတ်လမ်းအစပိုင်း မှာကတည်းက နဂါး နဲ့ နေနတ်သားညားတယ်ဆိုတာ နတ်နဲ့ တိရိစ္ဆာန် ညားတယ်လို့ ဆိုထားတာကြောင့် မဖြစ်နိုင်ပါ။
ဒါနဲ့ တင်ဆက်ပြောဖို့မလိုပေမယ့် ဆက်ပြီးပြောပါမယ်။
၁။ နတ်နဲ့ တိရိစ္ဆာန်ဖြစ်တဲ့အတွက် နဂါး နဲ့ နှင့် နေနတ်သား ဘယ်ဘာသာစကားပြောပြီး ဘယ်လို မေထုံအမှုပြုတယ်မသိပါ။
၂။ နဂါးမက ဥအရေတွက် ဘယ်လောက်များများ ဥ ခဲ့တယ်လို့ မပြောသလို မုဆိုးက ဥဘယ်နှစ်လုံးသယ်လာတယ်ဆိုတာမပြော။ ဥ သုံးလုံးပြုတ်ကျတာ ဖြစ်တဲ့အတွက်
အနည်းဆုံး သုံးလုံးနဲ့ အထက်သယ်မှသာ မနိုင်မနင်းပြုတ်ကျတယ်လို့ အကြမ်းမှတ်ယူနိုင်ပါတယ်။
၃။ ဥတွေထဲမှာမှ ၂ နှစ်လုံးရဲ့ ဇာတ်လမ်းတွေသာသိရပြီး ကျန်တဲ့ ဥတွေဘာဖြစ်တယ်မသိရ။ မိုးကုတ်ရောက်တဲ့ ဥက ပတ္တမြားဖြစ်၊ တကောင်းက ဥ က မိဘုရားဖြစ်၊ ညောင်ဦးရောက်တဲ့ ဥက ပုဂံမင်းဖြစ် ဆိုပြီး
အကြမ်းမှတ် ယူနိုင်ပါထယ်။
၎။ နေနတ်သားက လေး နှင့် မြှား ပေး။ (မှန်နန်းမှာတော့ သိကြားကပေး) ။ ဒီလိုလက်နက်အထူးဆန်းတွေကို နတ်ဘုရား သိကြားတွေဆီက ရတယ်ဆိုတဲ့ ဇာတ်လမ်းကတော့ ဥရောပမှာရော ၊ အာရှမှာပါ လူသုံးများတဲ့ အကြောင်းရာပါ။ ရှေးဟောင်းသုတေသန မှာဒါတွေမသုံးပါ။
၅။ ပုဂံမှာ ဘုရင်လုပ်နေတဲ့ သမုဒ္ဒရာဇ်မင်း နှင့် ကျား ဝက် ရှူး ငှက် ( ဝက် ရှူး ဘူး ငှက် လို့တချို့ကပြောကြတယ်) ဘယ်လို ညှိပြီး အပေးယူတည့်သွားကြတာကြောင့် တိကျတဲ့ အစားစာဆက်တဲ့ စာရင်းထွက်တယ်မပြောတတ်ပါ။
ဝက်ကြီးကို ထမင်းလုံး ၆၀ ၊ ဖရုံ ၉ လှည်း၊ ဖွဲ ကိုးလှည်းပေးရတယ်။ ကျား နှင့် ရှူးပျံ ကြီးကိုတော့ ဘာတွေပေးရတယ် မပြောထားပါ။ ငှက်ကြီးကို အစားအစာအဖြစ် သမီးကညာတစ်ရက် တစ်ယောက်နှုန်းပေးရတယ် ။ စတာတွေက ဘယ်လိုကဘယ်လို သဘောတူညီမှုရတယ်မပြောတတ်ပါ။ တိရိစ္ဆာန်က လူစကားမပြောတတ်သလို လူကလည်း တိရိစ္ဆာန် စကားမပြောတတ်ပါ။
၆။ လေးနဲ့မြှားအသုံးပြုပြီး ရန်သူတွေကို နှိမ်နင်းတယ်ဆိုရာမှာလည်း ကျား ကြီးနဲ့ သူ့နောက်လိုက် ငါးရာ၊ ဝက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ရှူးပျံကြီးနဲ့ သူ့နောက်လိုက်ငါးရာ၊ ငှက်ကြီးနဲ့ သူ့နောက်လိုက်ငါးရာ ရှိတဲ့အတွက် အနည်းဆုံး မြှားပစ်တဲ့အကြိမ်ပေါင်း ၁၅၀၀ လောက်ရှိခဲ့လေမလားလို့ စဉ်းစားမိတယ်။
ဒီလိုမှမဟုတ်ဘဲ ခေါင်းဆောင်တွေကြီး ရွေးပြီးနှိမ်နင်းလိုက်တယ်ဆိုရင်ဘဲ နောက်လိုက်တွေထွက်ပြေးကုန်သလားဆိုပြီး ဖြည့်တွေးမိတယ်။ အဲဒီအချိန် ရာသီဥတုနဲ့ ပုဂံလိုနေရာမှာ အဲဒီလို တိရိစ္ဆာန် တွေတကယ်ရှိခဲ့လေမလားဆိုတာလည်း
မေးစရာဖြစ်တယ်။ နောက်ပြီး ရှူးပျံဆိုတာမျိုးက ဘယ်လို တိရိစ္ဆာန် ဖြစ်တယ်ဆိုတာ အတိကျပြောဖို့ မလွယ်ပါ။
၇။ အကယ်၍ ဦးကုလားရာဇဝင် ထဲကအတိုင်း တိရိစ္ဆာန် အကောင် ၂၀၀၀ လောက်သာ ပုဂံမှာရှိခဲ့ရင် ဒါဟာ ပုဂံသားတွေအတွက် မပူမပင် စားသောက်နိုင်တဲ့ ရိက္ခာသိုလှောင်မှုအဖြစ်နဲ့တောင် သိပ်အသုံးဝင်ပါမယ်။
စတဲ့ စတဲ့အချက်တွေကပေါက်ကရလေးဆယ်ရေးထားလို့ ပေါက်ကရသုံးဆယ်တွေးကြည့်တာပါ။
၉ ရာစုမတိုင်မှီကတည်းက ပုဂံအရပ်မှာ ပျူတွေအခြေချနေထိုင်နေပြီဆိုတာကိုတော့ အလုံးအထည်ဖြစ်ကျန်ရစ်ခဲ့တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်းဘုရား တို့ကိုကြည့်ပြီးအတပ်ပြောနိုင်ပါတယ်။ ဒါကို ရာဇဝင်ကျမ်းပြုသူ ဦးကုလားအနေနဲ့သိကောင်း သိပြီးဖြစ်ပါမယ်။ ဒါကြောင့်လည်း တိုင်းရင်းရိုးရာပုံပြင်ဆန်တဲ့ နေမင်း၊ နဂါးမတို့နဲ့ အစပြုပြီး ပျူစောထီး ဇာတ်ကောင်ကို ဖန်တီးခဲ့ဟန်တူပါတယ်။ အမှန်တရားနဲ့ မနီးစပ်တဲ့ ပုံပြင်တစ်ခုပါဘဲ။ ဒီတော့ ဦးကုလားရာဇဝင်ထဲက ပျူစောထီးဆိုတာ တကယ်ရှိခဲ့တဲ့ Historic Person မဟုတ်ပါ။ ပျူစောထီး မရှိတဲ့အတွက် ထီးမင်းယဉ် ၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင် ဆိုတာတွေကလည်း မြန်မာ့သမိုင်းမှာ တကယ်မရှိခဲ့ပါ။
ဆက်ရန်...
Note: ဒီစာကို မြန်မာကျူ့ပစ်ဖိုရမ်မှာ mrlynn နာမည်နဲ့ရေး ခဲ့ဖူးပါတယ်။
5/26/12
ကျန်စစ်သားကို ဆက်ခံသူဘယ်သူလဲ
ကျန်စစ်သား ကိုဆက်ခံတဲ့ မင်းကိုဖော်ပြရာမှာ လုစ်ရဲ့ Old Burma early Bagan ကိုဘဲပြန်ညွှန်းပါဦးမယ်။ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ။ ဘာကြောင့် ပေးစားရလဲဆိုတော့ ကျန်စစ်သားအုပ်ချုပ်စဉ် အခါတစ်ပါး မွန်မင်းသား နာဂသမန်းဟာ မင်းခန်းမင်းနား ပစ္စည်းတချို့ယူပြီး ပုန်ကန်ဖို့ရာ ပြင်ဆင်တယ်။
အဲဒီအခါ ဘုရင်က သမီးတော် ရွှေအိမ်စည် နှင့်ပေးစားမယ်ဆိုပြီး အနုနည်းနှင့် သိမ်းသွင်းတယ်။ နောက်ပြီး ထပ်ပြောတာက မွေးလာတဲ့ သားယောင်္ကျားကို ထီးမွေပေးမယ်လို့ ကတိပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီတော့ သူတို့ နှစ်ဦးကမွေးတဲ့ အလောင်းစည်သူ ကို ထီးမွေပေးလိုက်တယ်လို့ဆိုပါတယ်။ မနုဟာ (မကုတ) ကျောက်စာကို ကိုးကားပြီးပြောသွားတာပါ။
လုစ် အဓိကထားပြီး ကိုးကားသွားတဲ့ မနုဟာကျောက်စာဟာ မူရင်း မဟုတ်တဲ့ " ဆင့်ထိုး " ကျောက်စာဖြစ်နေပါတယ်။ ဘိုးတော် ဗဒုံမင်းလက်ထက် မြန်မာပြည်အရပ်ရပ်က ကျောက်စာတွေကို တစ်နေရာတည်းစုစည်းဖို့ရာလုပ်တယ်။ အပြောလွယ်ပေမယ့် လုပ်ရတာမလွယ်ပါ။
အကြောင်းကြောင်းကြောင့် မူရင်းကျောက်စာကို ရွှေ့ပြောင်းယူသွားဖို့ မဖြစ်နိုင်တဲ့အခါ မူရင်းကျောက်စာထဲက စာတွေကို သင့်တော်ရာကျောက်ပြားတစ်ချပ်ပေါ်ကို တဆင့်ကူးယူတယ်။ အဲလိုကူးယူ ရေးထိုးထားတဲ့ ကျောက်စာကို ဆင့်ထိုး ကျောက်စာလို့ခေါ်ပါတယ်။ ရှင်းရှင်းပြောတော့ မူလထိုးမဟုတ်လို့ အချက်လက်တွေကို စိတ်ချလက်ချယူလို့ မရပါ။ ဒီတော့ မနုဟာ (မကုတ)ကျောက်စာဟာ စိတ်မချရဘူးပေါ့။
ကျောက်စာဝန်ဟောင်း ချားစ်ဒူရွိုင်ဆယ် ကတော့ ဒီကျောက်စာကို မူလထိုးကျောက်စာ စာရင်းထဲထည့်ခဲ့ဖူးပါတယ်။ ကျောက်စာအစပိုင်းမှာ ရေးထားတဲ့ အလောင်းစည်သူ (ပထမစည်သူ) မင်းနေရာမှာ ထီးလှိုင်မင်းလို့သာ ရေးခဲ့ရင် မူလထိုးကျောက်စာအဖြစ် တသဝေမတိမ်းမှတ်ယူသွားနိုင်တယ်။
ဘာဖြစ်လို့ဆိုတော့ မင်းနာမည်ကွဲနေတာကလွဲရင် ကျောက်စာပါအဖြစ်ပျက်တွေအကုန်လုံး ကျန်စစ်သား (ထီးလှိုင်မင်း) လက်ထက်ကအဖြစ်ပျက်တွေ ဖြစ်နေလို့ပါ။ သို့သော်အချို့ပညာရှင်တွေရဲ့အဆိုအရ ကျောက်စာပါ စကားလုံး နှင့် သတ်ပုံတွေအရ ပုဂံခေတ် ရေးမဟုတ်နိုင်ပါလို့ပြောတဲ့လူလည်းရှိခဲ့ပါတယ်။ ၁၇ ရာစုလောက်ကတည်းက အငြင်းပွါးခဲ့ရတဲ့ မကုတ ကျောက်စာဟာ ယနေ့အချိန်ထိဘဲဆိုပါတော့။
ဆင့်ထိုးကျောက်စာလို့ ဝိုင်းပြောနေကြတဲ့ မနုဟာ (မကုတ)ကျောက်စာ နှင့်ပတ်သက်ပြီး စဉ်းစားစရာ ထပ်တွေ့ပါတယ်။ မူလထိုးကို မှီပြီး ဆင့်ပွါးကူးယူထားတာမို့ ဆင့်ထိုး လို့ခေါ်ရိုးမှန်ရင်တော့ဖြင့် အရင်းမူလ ကျောက်စာဘယ်ရောက်သွားလဲဆိုတာ စဉ်းစားရပါမယ်။ ကျောက်စာတွေ စုခဲ့စဉ်အခါတုန်းကတော့ ဘိုးတော် ဗဒုံမင်းရဲ့အမိန့်တော်အရ ပျက်စီး ယိုယွင်းနေတဲ့ ကျောက်စာတွေကို အသစ်ပေါ်ကူးယူခဲ့ရမယ်လို့ ပါလေတော့ အရင်းမူလ မကုတ ကျောက်စာဟာ လုံးဝသုံးမရအောင် ပျက်စီးသွားလေရော့သလားလို့ တွေးမိတယ်။
ဒီလိုမှ မဟုတ်ရင်တော့ နှစ်ပေါင်းသုံးရာလောက်ရှိနေပြီဖြစ်ပေမယ့်
အရင်းမူလ ကျောက်စာကို ရှာမတွေ့သေးတာဟာ အခြားအဓိပ္ပါယ်သက်ရောက်စေပါတယ်။
၁၇ ရာစုက မြန်မာတွေဟာ လွန်ခဲ့တဲ့ အနှစ် ၆၀၀ ကျော်လောက်ကအဖြစ်ပျက်ကို ပါးစပ်ရာဇဝင် အခြေခံပြီးရေးခဲ့လေသလားလို့ ပေါ့။ ဒီလိုသာဖြစ်နေရင်တော့ မကုတကျောက်စာဟာ ရှေးကအဖြစ်ပျက်ကို နောက်မှလိုက်ပြီးရေးထိုးတဲ့ ' နောက်ထိုးကျောက်စာ ' ဖြစ်လေမလား ဆိုပြီး Study Guess လုပ်ရပါမယ်။
ဒါဆို အရင်းမူလ ဖြစ်သော်လည်းဘဲ နောက်ထိုးကျောက်စာသာဖြစ်မယ်။ ဒီအချက်ကြောင့်များ ဒူရွိုင်ဆယ်က မူလထိုး အုပ်စုထဲထည့်ခဲ့လေသလားမသိပါ။ ထားပါတော့ ကျောက်စာအကြောင်းပြောတာနဲ့တင် အတော်ရှည်သွားပြီ။
စောစောက စကားကိုပြန်ဆက်ကြပါစို့။ ကျောက်စာအရ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ။ မှန်နန်းမှာပြောတာက ရွှေအိမ်စည် ခေါ် ရွှေအိမ်သည်ကို အနော်ရထာရဲ့ သားတော် ဂြီဝဇြာဘရံဏ ဘွဲ့ခံ စောလူး ( ၁၀၇၇-၁၀၈၄ ) ရဲ့ သား စောယွန်း နှင့်လက်ဆက်ပေးတယ်။
မှန်နန်းအရပြောရင် ကျန်စစ်သားပြီးတာနဲ့ အနော်ရထာရဲ့ မျိုးဆက် မင်းရိုး ပြန်စတဲ့သဘောဖြစ်နေတယ်။ ဒီတော့ ရွှေအိမ်စည် နှင့် လက်ဆက်သူဟာ မနုဟာ ရဲ့မြစ် နာဂသမန်းဖြစ်တယ် ဒါမှဟုတ် အနော်ရထာရဲ့ မြေး စောယွန်းဖြစ်တယ် ဆိုပြီး သမိုင်းဆရာတွေ သဘောထားကွဲရပြီ။
ဒီနေရာမှာ လုစ် ရဲ့သဘောထားက နုဟာ ရဲ့မြစ် နာဂသမန်းဖြစ်တယ်။ ဒေါက်တာသန်းထွန်းရဲ့အပြောမှာ ဘယ်ဟာမှမသေချာဘူးလို့ပြောပေမယ့် ဒုတိယစည်သူ (၁၁၆၅-၁၂၁၁) မင်းအဖြစ်နန်းတက်တာကို အနိရုဒ္ဓမင်းဆက်ပြန်စတယ်လို့ ပြောတဲ့အတွက် သူ့သဘောကလည်း ရွှေအိမ်သည် ကို မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ်ဆိုတဲ့ သဘောသက်ရောက်ပြီး ဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ပေါ်ပေါ် ထင်ထင်တော့ မပြောတာက သတိကြီးကြီးထားပြီး ပြောနေရဟန်တူပါတယ်။
ဒီတော့ မှန်နန်းရဲ့အဆို အနော်ရထာရဲ့ မြေး စောယွန်း ကိုလက်ခံမလား ဒါမှမဟုတ် မနုဟာကျောက်စာထဲကအတိုင်း မနုဟာ ( မကုတ ) ရဲ့မြစ် မွန်မင်းသား နာဂသမန်းနဲ့ ပေးစားတယ် ဆိုတာလက်ခံမလားဆိုပြီး မေးချင်စရာဖြစ်နေပါမယ်။ ရွှေအိမ်စည်ရဲ့ လင်ယောင်္ကျား ဖြစ်နိုင်ခြေရှိသူ နှစ်ဦး ဖြစ်နေပါတယ်။ ရွှေအိမ်စည် နှင့် မွန်မင်းသား နာဂသမန်း အကြောင်းပါတယ် ဆိုတဲ့ အချက်ကိုပိုနှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုရှင်းပြပါမယ်။
ကျန်စစ်သား ဟာ ကျောက်ဆည်တဝိုက်ကျန်နေရစ်ခဲ့တဲ့ မွန်တွေထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ ရှေ့မှာပြောခဲ့ဖူးပါတယ်။ နောက်ပြီး ကျန်စစ်သား လက်ထက်ရေးထိုးတဲ့ ကျောက်စာအားလုံး လိုလိုကို မွန် ဘာသာနဲ့ရေးတယ်။ ပါဠိလိုရေးတာ အတော်လေးကိုနည်းပါတယ်။ မွန်ယဉ်ကျေးမှုကို သိပ်အလေးပေးတယ်။ ဒီတော့ သူ့သမီးကို မွန် မင်းသား နှင့် ပေးစားဖို့ရာ ဝန်လေးနေမယ် မဟုတ်ဘူးဆိုတာ သိသာစေတယ်။
ကျန်စစ်သားပြောစကားအရ အနိရုဒ္ဓတိုက်ခိုက်လို့ တကွဲတပြားဖြစ်နေတဲ့ လူတွေကို နေရပ်မှာ အေးချမ်းသာယာစွာ နေစေတယ်လို့ဆိုထားတဲ့အတွက် သထုံမင်း မနုဟာရဲ့ အမျိုးတွေကိုလည်း ဂရုတစိုက်နေရာပေးပါမယ်။ ရှင်းရှင်းပြောတော့ မွန်မင်းဆက်ပြန်လည်ထူထောင်ဖို့ရာ ဆန္ဒရှိခဲ့မယ်ထင်ပါတယ်။ ဒါကြောင့်လည်း သားအရင်းဖြစ်သူကိုတောင် ထီးမွေမပေးခဲ့တာဖြစ်ပါမယ်။ သို့ပေမယ့် သူရေးသမျှကျောက်စာတွေအကုန်လုံး လိုက်ဖတ်တဲ့အခါ သူ နှင့် အနိရုဒ္ဓ ဘာမှသွေးသား တော်စပ်မှုမရှိဘူးဆိုတာကို ခဏ ခဏ ထုတ်ပြောပါတယ်။ ဒီတော့ သမက်တော်မယ့်တော် စောယွန်းထက် နာဂသမန်းကိုသာ တော်မယ်ဆိုတာ သိသာထင်ရှားစေပါတယ်။
ကျစ်စစ်သား (ထီးလှိုင်မင်း) အကြောင်းပြောတော့ သူ့ပယ်မယား နှင့် ပယ်မယားရဲ့ အကြောင်းချန်ခဲ့လို့မဖြစ်သေးပါ။ သူတို့ကတော့ အားလုံးသိပြီးဖြစ်တဲ့ ရာဇကုမာရ နှင့် သူ့မိခင် သမ္ဘူလ ။
ရာဇကုမာရ် ပါဠိလိုဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ရာဇကုမာရ ။
ရာဇ = မင်း
ကုမာရ = မင်းသားပျို
ဒီတော့ မြန်မာမှုပြုရင် ပျိုရွယ်သော မင်းသား လို့ခေါ်ရမယ်ထင်တယ်။ ဒီတော့ အများအခေါ် ရာဇကုမာရ် ကျောက်စာအရ ဆိုရင်တော့ အဖ က ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာဘွဲ့ခံ ထီးလှိုင်မင်းခေါ် ကျန်စစ်သား။ အမိကတော့ ထီးလှိုင်မင်းရဲ့ ပါယ်မယား ခေါ် တြိတိလောကဝဋံသကာဒေဝီ ခေါ် သုံးလူလှ ။ သုံးလူလှကို မှန်နန်းရေးတဲ့လူတွေ အဖတ်မှားရာက သမ္ဘူလ ဖြစ်လာတယ်။ ပါယ်မယားရဲ့ အဓိပ္ပါယ်ကို ထပ်ရှင်းဖို့လိုမယ်။
ပါယ်မယားဆိုတာ မှာ ပါယ်ဆိုတာ ပါဠိစာဖြစ်တယ်။ ပါယ် = ပါဠိ ပီယ ကနေ ပယ်၊ ပါယ် လို့ဖြစ်လာပြီး ချစ်မြတ်နိုးသောအပ်သောသူ ။ ဒီတော့ ချစ်မြတ်နိုးအပ်သော မယား။ ပယ်ထားတဲ့ မယားမဟုတ်။
ကျောက်စာအရဆိုရင် တော့ ထီးလှိုင်မင်းရဲ့ အနှစ်သက်ဆုံးမိဘုရားဖြစ်ပြီး ရာဇကုမာရ်မင်းသားကတော့ သူ့အချစ်ဆုံးမယားရဲ့ သားပေါ့။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ သုံးလူလှ ရဲ့မိဘုရားဘွဲ့ တြိတိလောကဝဋံသကာဒေဝီ ကြောင့်ပါ။ ဦးဆောက်ပန်း လို့အဓိပ္ပါယ် ရတယ်။ မြန်မာမှုပြုတော့ မိဘုရားခေါင်။
တြိတိလောကဝဋံသကာဒေဝီ
တြိ = သက္က လို သုံး (ဂဏန်း သင်္ချာ)
လောက= သက္ကတ ပါဠိ ဖြစ်ပြီး လောက၊ ဘုံ
ဝဋံသက = ပါဠိ ဖြစ်ပြီး မြန်မာလိုဆိုတော့ ဦးဆောက်ပန်း
ဒေဝီ = ပါဠိ ဖြစ်ပြီး မိဘုရား
အခုတောက်လျှောက်ပြောလာတာတွေကို ခဏမေ့ထားလိုက်ရအောင်။ မှန်နန်းကိုကိုလည်း ခဏမေ့ထားလိုက်ရအောင်။ မနူဟာကျောက်စာကိုလည်း ခဏမေ့ထားလိုက်ပါ။ လုစ် နှင့် ဒေါက်တာသန်းထွန်းကိုရော ခဏအနားပေးလိုက်ပါဦး။
ဦးမြရဲ့ အုတ်ခွက်ရုပ်ပွါးဆင်းတုတော်များ ပ၊ ဒု စာအုပ်က ၁၉၆၁ မှာထုတ်တယ်။ ၁၉၈၃ ခုနှစ် ရှေးဟောင်းသုတေသနဌာနက အဖိုးတန် မြေပုံဘုရား (အုတ်ခွက်ဘုရား) နှစ်ခုရတယ်။ နောက်ကျောမှာ ပါဠိလိုရေးထားတဲ့ စာက
ဂြိတြိ ဘုဝ
နာဒိတျ ဓမ္မရာဇော
ပိယ ဓိတ ယတြေ
လောက ဓုလမနိ
ဒေဝိယ ကတာယံ
ဗုဒ္ဓ ပတိမာ ဝိမုတ္တ
ထ ယာတိ
အဲဒီ ပါဠိစာရဲ့ အဓိပ္ပါယ်က " ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာ၏ ချစ်စွာသော သမီးတော် တြေလောက ဓုလမနိဒေဝီ သည် ဤဗုဒ္ဓရုပ်ပွါးတော်ကို သံသရာက လွတ်မြောက်လို၍ ပြုလုပ်လှူဒါန်းပါသည်" ။ ဒီမြေပုံဘုရားစာပါ ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာဟာ ကျန်စစ်သားရဲ့ ဘွဲ့နာမည်ဖြစ်တယ်။ ကျန်စစ်သားရဲ့ ချစ်လှစွာသော သမီးတော်က တြေလောက ဓုလမနိဒေဝီ ဖြစ်တယ်။ အဲဒါ ရွှေအိမ်စည် ခေါ် ရွှေအိမ်သည် ဘဲဖြစ်ပါတယ်။
နောက်ထပ်မြေပုံဘုရား နောက်ကျောမှာ ရေးထားတဲ့ ပါဠိစာက
ဂြိတြိ ဘုဝနာ
ဒိတ်ဓမၼရေဏာပိ
ယ ဇာမာတရေ န တြေ္တ
လောက သိင်္ဃဝိဇယ
နာမကေန ကတာယံ
ဗုဒ္ဓ ပတိမာ ဝိမုတ္တ
ထာ ယာတိ
အဲဒီ ပါဠိစာရဲ့ အဓိပ္ပါယ်က " ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာ၏ ချစ်စွာသော သမက် တြေလောကသိင်္ဃဝိဇယ မင်းသားသည် ဤဗုဒ္ဓရုပ်ပွါးတော်ကို သံသရာက လွတ်မြောက်လို၍ ပြုလုပ်လှူဒါန်းပါသည်" ။ စောစောကပြောခဲ့ပြီးသလိုဘဲ ဂြိတြိဘုဝနာ ဒိတျဓမ္မရာဇာဟာ ကျန်စစ်သားရဲ့ ဘွဲ့နာမည်ဖြစ်တယ်။ ကျန်စစ်သားရဲ့ ချစ်လှစွာသော သမက်က တြေလောကသိင်္ဃဝိဇယဘွဲ့ ခံ မင်းသားဖြစ်တယ်။
အဲဒီတော့ တြေလောကသိင်္ဃဝိဇယဘွဲ့ ခံ မင်းသားဘယ်သူဖြစ်တယ်ဆိုတာ ထပ်ပြီးရှာရပါမယ်။

5/12/12
ကျန်စစ်သား အတွက် မေးခွန်း ၇ ချက်
ကျန်စစ်သားအကြောင်းနည်းနည်းပြောချင်လာတယ်။ ငယ်ငယ်က သမိုင်းဖတ်စာတွေမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) အကြောင်းလေ့လာရာမှာ အကောင်းတွေချည်းတွေ့ရတယ်။ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့အကြောင်းပြောတော့ ရေကူး၊ လယ်ထွန် ၊ ထန်းတက် သိပ်တော်တယ်လို့ပြောတယ်။ ကျန်စစ်သားရဲ့ စွမ်းရည်ကတော့ ဒီလိုမဟုတ်ဖူး ကြံရည် ဖန်ရည်ကောင်းတယ်၊ စစ်ရေး ကြွမ်းကျင်တယ်ဆိုပြီး ပြောတယ်။ အဲဒါတော့ ဖြစ်နိုင်ခြေရှိတယ်။ ရှင်းရှင်းပြောတော့ ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်လို့ နားလည်ပါတယ်။
ကျန်စစ်သားဟာ သမိုင်းဖတ်စာထဲဝင်လာကတည်းက နာမည်ကောင်းလက်မှတ်ကိုင်ပြီးလာတယ်။
ပြန်ထွက်သွားတော့လည်း မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှူပြီး သားအရင်းကိုတောင် နန်းမွေမပေးဘဲ မြေးကိုထီးမွေ နန်းမွေပေးရစ်ခဲ့တာဆိုတော့ သိပ်အမျှော်မြင်ကြီးတဲ့မင်းပေါ့။ သူ့စကားအတိုင်း ပြောရရင်တော့ ကောင်းလျောင်တေး ကောင်းလျောင်တေးပေါ့။
ဒီတော့ မကောင်းတာတွေ ဘာရှိလဲလို့ ကတ်သီးကတ်ဖဲ့ စဉ်းစားကြည့်ရအောင်။
အနော်ရထာ ခေါ် အနိရုန္ဓပြီးနောက် စောလူး ခေါ် မင်းလုလင် နန်းတက်တယ်။ ဘွဲ့အမည် ဂြီဝဇြာဘရံဏ တြိဘုပတိ (၁၀၇၇-၁၀၈၄) ဖြစ်ပြီး ကျက်သရေရှိသော မိုးကြိုးအရှင် သုံးလူ့သခင်ဆိုတဲ့အနက်ဖြစ်တယ်။ ကျမ်းထဲကတိုင်းဆိုရင်တော့ သောက်စားမူးရစ် ၊ အပေါင်းသင်းမှားတော့ မင်းဖြစ်လျှက်နဲ့ အဖမ်းချုပ်ခံရတယ်။ အမတ်တွေက ကျန်စစ်သားကို မင်းအဖြစ်တင်။
ကျန်စစ်သားက မင်းမဖြစ်လိုလို့ သွားပြီးကယ်။ စောလူးက မယုံလို့ မလိုက်။ မလိုက်တော့ ခွေးသေသလိုသေနေရစ်တော့ ဆိုပြီးပြန်လာခဲ့တယ်။ ပြီးတော့ အားလုံးသဘောတူညီချက်အရ မင်းအဖြစ်ခံယူ။ ရှင်းရှင်းပြောတော့ ကျန်စစ်သားဟာ ခေါင်းဆောင်ကောင်းပီသတယ်။ သဘောထားကြီးတယ်။ လက်ရုံးရည် နှလုံးရည်ကောင်းတယ်။ ကျန်စစ်သားအကြောင်း စ ကတည်းက ရာဇဝင်ကျမ်းကဒီလိုလာတယ်။
ကျန်စစ်သား ခေါ်ထီးလှိုင်မင်း နန်းတက်တော့ ငတပါးမင်းတို့ ထုံးစံအတိုင်း ဗျာဒိတ်ရမင်းဖြစ်ဆိုပြီးပြောတယ်။ ရွာသူကြီးအဆင့်ကနေ အရည်ချင်းရှိလို့ မင်းဖြစ်လာတာထက် ဗျာဒိတ်အရ မင်းဖြစ်ရတာကို ပိုပြီးနှစ်သက်ပုံရတယ်။ ရှေ့ကမင်းတွေထက်ကြီးကျယ် မြင့်မြတ်ချင်တော့ သုံးလောကရဲ့ နေတရာမင်းလို့ အဓိပ္ပါယ်ရတဲ့ ဂြီတြိဘုဝနာဒိတြ ဓမ္မရာဇ ဆိုတဲ့ဘွဲ့အမည်ခံယူတယ်။ ဘွဲ့နာမည်နှင့် ညီအောင်ဆိုပြီး ၅ ဩဂုတ် ၁၁၉၁ ရက်စွဲပါ ပြည်ရွှေဆံတော်ကျောက်စာမှာ ပြောထားတာက အဖေနေမျိုး အမေ ဝါးမျိုး ဆိုပြီးမှတ်တမ်းရေးစေတယ်။ ပိဋက သုံးပုံ အလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်း အနားမှာရှိနေပါလျှက် ဒီလိုပြောတာတော့ သိပ်မကောင်းပါ။ ရှင်းရှင်းပြောတော့ မိရင်း ဖရင်းကို လူရာမသွင်းတဲ့သဘောပေါ့။ ဤကား မကောင်းကြောင်း နံပါတ် တစ်။
ရှေးကရေးတယ်ဆိုတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်မှာ နဂါး နှင့် နတ် ညားတဲ့အခါ လူဖြစ်တာကို နောက်ရေး ကျမ်းကလိုက်ပြင်သယ်။ ဒါကိုနောက်ရေး ရာဇဝင်ကျမ်းက နဂါး နှင့် နတ် ညားတဲ့အခါ နာဂါးသော်လည်းကောင်း နတ်သော်လည်းကောင်းဖြစ်ရမယ် လူတော့မဖြစ်နိုင်၊ ဒါဟာ ရုပ်တိမရှိဘူးဆိုပြီး ငြင်းချက်ထုတ်တယ်။ ဒီလိုပြောတော့ ဟုတ်တာဘဲဆိုပြီး နောက်ထပ်ရေးတဲ့ ရာဇဝင်ကျမ်းကြီးတစ်စောင်က ထောက်ခံပြန်တယ်။ ဒီနေရာမှာ ကျန်စစ်သား ( ထီးလှိုင်မင်း ) က အဖေနေမျိုး အမေ ဝါးမျိုးလို့ ပြောတဲ့အခါ ဘယ်ရာဇဝင်ကျမ်းကမှ ဒါကိုထောက်မပြဘဲ ရေငုံနှုပ်ပိတ်နေခဲ့တာတွေ့တယ်။
လူတချို့ကပြောတယ်။ နေမျိုးဆိုသည်မှာ စစ်သား ၊ ဝါးမျိုးဆိုသည်မှာ ယွန်းသည်တဲ့။ ဟုတ်မယ် မထင်ပါ။ ဒီလိုပြောရင် ပုဂံသူ ပုဂံသားတွေအကုန်လုံး နေမျိုး ၊ ဝါးမျိုးလို့ ဝိုင်းပြောကြမှာပေါ့။ ဒါပေမယ့် မင်းတွေဟာကိုယ့်ကိုကိုယ် နေမျိုး ကဆင်းသက်တယ်ဆိုတဲ့ အယူဆဟာ အာရှ နှင့် အရှေ့အလယ်ပိုင်း မင်းတွေပါပြောလေ့ရှိတာတော့ သတိမူရပါမယ်။ ဂျပန်ဆိုရင် ဒီအယူဆကို ၂၀ ရာစုအစောပိုင်းကာလအထိ ဖက်တွယ်ထားတုန်းရယ်ပါ။
နောက်ပြီး ရာဇဝင်ထဲကအတိုင်းဆိုရင် ပဲခူးကို စစ်ကူသွားပြီး ပြန်တော့ အနိ ရုန္ဓ ကိုဆက်တဲ့ မဏိစန္ဒာ မင်းသမီးလေး ပါလာတယ်။ ဒါကို ကျန်စစ်သားက လမ်းမှာ ဖြတ်ခုတ်တယ်။ ဒါပေမယ့် ရာဇဝင်တွေထဲမှာဒီအကြောင်းပြောတော့ ဒါဟာ လူ့သဘာဝမို့ အပြစ်မဆိုသာ ဘာညာပေါ့။ အပြစ်မပြော။ တချို့ ရုပ်ရှင်တွေထဲမှာဆိုရင်တော့ မဏိစန္ဒာကဘဲ ရေလာမြောင်းပေးလုပ်သလိုလို၊ အကြည့်နက်နက်တွေနှင့် ဟိုဒင်းပစ်သလိုလိုတောင် ပါသေး။ ထားပါတော့။ ကျန်စစ်သား - မဏိစန္ဒာ အဖြစ်ပျက်ကို ရှင်းရှင်းပြောတော့ ကိုယ့်အရှင်သခင်အတွက် ရည်ရွယ်ထားတဲ့ မင်းသမီးကို အပိုင်ကြံတာပေါ့။ ဤကား နံပါတ် နှစ်။ ( အဲဒီအကြောင်း သီချင်းရေးပြီး စပ်ဆိုတဲ့အခါမှာတော့ သိပ်လူကြိုက်များပါတယ်၊ သနားစရာ ဇာတ်လမ်းတစ်ပုဒ်ပေဘဲပေါ့)
အနိရုဒ္ဓဟာ သာသနာကို မြှောက်စားတယ်၊ သူရဲကောင်းတွေကို ချီးမြှောက်တယ်၊ နိုင်ငံရဲ့ စီးပွါးရေး စစ်ရေးကို တိုးတက်အောင်လုပ်တယ်။ သထုံအပါဝင် နယ်ပယ်အတော်များများကို တိုက်ခိုက်သိမ်းယူပြီး နိုင်ငံတော် တိုးတက်ကျယ်ပြန့်ပြီး အင်အားကြီးတဲ့ နိုင်ငံအဖြစ်ထူထောင်တယ်။ ကျန်စစ်သား ဘာလုပ်လဲကြည့်ရအောင်။ မင်းဖြစ်ပြီးကတည်းက မင်းစည်းစိမ်ခံစားတယ်။ အနိရုဒ္ဓခေတ်မှာ အရှိန်ကောင်းခဲ့တဲ့ စစ်အင်အား နှင့် နယ်မြေသစ်ပိုင်ဆိုင်မှုတွေအကုန်လုံး ကျန်စစ်သားလက်ထက်မှာ ရုတ်ချည်း ရပ်တန့်သွားတယ်။ မဟာအင်အားကြီးနိုင်ငံအဖြစ် ဦးတည်ပြီးလုပ်ခဲ့တဲ့ အရှိန်ပျက်ပြီး ရှိတဲ့နယ်မြေ ကိုပါထိပါးခံရတဲ့အဖြစ်ပါ။ ဤကား နံပါတ် ၃။
ဒီလိုပြောတော့ မတရားရာကျသွားလား။ သမိုင်းဖတ်စာမှာ သင်ရတယ်။ ဘယ်လက်က စားစရာ၊ ညာလက်က အဝတ်ထည်ဆိုလား သိပ်မမှတ်မိပါ။ ကျောက်စာထဲမှာ ပါတာကိုဘဲပြောမယ်။ ကျန်စစ်သားပြောတာက ငါ့လက်ထက်မှာ အချိန်ခါမလပ် ပန်းများပွင့်၍ ကျေးငှက်သာရကာတို့ တူမတူထူးခြား ပျော်မြှူးကျက်စားကြတယ်။.
စစ်ဒါဏ်ကြောင့် ရပ်ဝေမြေခြားရောက်နေကြရတဲ့လူတွေကို နေရပ်ပြန်ရောက်အောင် ဆောင်ယူတယ်။
ဟောင်းနွမ်းပျက်စီးနေတဲ့ ဘုရား ကန်ကျောင်းတို့ကို သထုံ ၊ ကျောက်ဆည် နှင့် ဗုဒ္ဓဂါယာပါမကျန် လူလွတ်ပြီး ပြုပြင်တယ်။ ပိဋကတ်သုံးပုံကို ပြုစုတယ်။ တမီးကျေး ကုလားဆီ ဗုဒ္ဓစာပေ အချို့ပေးပို့ပြီး သာသနာပြုတယ်။
စသဖြင့် စသဖြင့် ကျောက်စာပါ အချက်လက်တွေဟာ ' ဘယ်လက်က ဘာပေး၊ ညာလက်က ဘာပေး ' ဆိုတာတွေထက် ပိုပြီး အရေးကြီးအသုံးဝင်တယ်။ ဒါတွေချည်းလုပ်နေတော့ ရန်သူဟောင်း နန်ကျောက်(နန်းစော)တွေ မြန်မာပြည်ထဲပြန်ဝင်လာတာ မန္တလေးအရပ်ထိရောက်မှ ကျန်စစ်သားသိပြီး မြေးဖြစ်သူနဲ့ အလူးလဲ ခုခံကာကွယ်တိုက်ခိုက်လိုက်ရတယ်။
စောစောက ပြောတဲ့အလုပ်တွေ နှင့် ရှုပ်နေလို့လားမသိပါ ။ အင်အားအင်မတန် ကျဆင်းနေပြီး ဖြစ်တဲ့ နန်ကျောက်လက်ကျန်တွေရဲ့ သွေးတိုးစမ်းတာ ခံရလောက်အောင် တိုင်းပြည်ကာကွယ်ရေးမှာ လက်ဟင်းလာတာတွေ့တယ်။ ဤကား နံပါတ် ၄ ။
ကျန်စစ်သား နန်းတက်ပြီး တစ်ဆယ့်ခုနှစ်အကြာမှာ နန်းတော်သစ် တည်ဆောက်တယ်။ မင်းနေပြည် ပုဂံမှာ မီးလောင်တော့ ဘုရင့်နန်းတော်ပါ မီးထဲပါသွားလို့ အသစ်ဆောက်တယ်လို့ ပညာရှင်တချို့ကပြောတယ်။ အဲဒီအဆို မှန်/မမှန် သေချာမပြောနိုင်ပေမယ့် ဘုရင်ကိုယ်တိုင် မီးထဲပါသွားလို့ကတော့ သမိုင်းတဆစ်ချိုးပြောင်းသွားနိုင်တယ်။ နန်းတော်သစ်ဆောက်တော့ လောကီပညာရှင် အခါပေး ပုဏ္ဏားတွေ ရဲ့တွက်ချက်မှုတွေကို အင်မတန်အလေးထားတယ်။ အခါတော်မပေးတဲ့ နေ့တွေကို နန်းတော်ဆောက်အလုပ်သမားတွေ အမိန့်မရလို့ အလုပ်မဆင်းရဘူး။
အနိ ရုဒ္ဓခေတ်မှာ အားကောင်းနေပြီဖြစ်တဲ့ ဗုဒ္ဓသာသနာဟာ နောက် အနှစ် ၂၀ လောက်ကြာတဲ့အခါ တိုးတက်တည်ငြိမ်လာရမှာ ဖြစ်ပေမယ့် ဘုရင် ကိုယ်တိုင် လောကီအစီရင်တွေကို သိပ်အလေးပေးလုပ်ဆောင်တာတွေ့ရတယ်။ ပိဋကတ်သုံးပုံအလှူရှင်ဖြစ်ပါလျှက် ရှင်အရဟံလို ဆရာကောင်းမျိုး အနားမှာရှိပါလျှက်နှင့် နန်းတော်ဆောက်ရာမှာ ဗိဿနိုးနတ်ကို နေ့စဉ်ရက်ဆက်ပူဇော်တယ်။ ဗလိနတ်စာကျွေးတယ်။ နန်းတော်ရာ တိုင်ခြေတွေမှာ အင်း ချတယ်။ နဂါးကို ပူဇော်တယ်။ ဒါတွေဟာ ဗုဒ္ဓသာသနာဟာ နဲ့မဆိုင်တာတွေကို လုပ်နေဆဲဖြစ်တာတွေ့ရတယ်။ ဤကား နံပါတ် ၅။
ပုဂံ မင်းတွေထဲမယ် ပုပ္ပါးစောရဟန် (စဝ်ရဟန်) ဆိုတဲ့မင်း တူရွင်းတောင်မှာကောင်းမှု လုပ်တဲ့အကြောင်း မှတ်တမ်းအဖြစ် ကျောက်စာပိုင်းကျိုး တစ်ခုရတယ်တဲ့။ ကျနော်မမြင်ဖူးပါ။ ဖတ်ဖူးတာပါ။ အဲဒီမင်းကိုကျပြန်တော့ နဂါးကိုရှစ်ခိုးတဲ့ မင်းဆိုပြီး ရာဇဝင်ဆရာတွေက တခုတ်တရပြောပေမယ့် ကျန်စစ်သားကျပြန်တော့ ဘာမှမပြောပါ။
အနိရုဒ္ဓ လက်ထက် နိုင်ငံခြားဆက်ဆံရေးမှာ သီဟိုဠ်နှင့် ဆက်ဆံရေးကောင်းခဲ့တယ်။ ကျန်စစ်သား လက်ထက်ရောက်တော့ အနိရုဒ္ဓနှင့် ဆန့်ကျင်ဘက်သဘောဆောင်တဲ့ တမီးကျေးကုလား တို့နဲ့ဆက်ဆံရေးတည်ထောင်တယ်။ နောက်တော့ သီဟိုဠ်နှင့်ဆက်ဆံရေး ပျက်ယွင်းလာတယ်။ အဲဒါဟာ ကျန်စစ်သားလက်ထက်အကြီးမားဆုံး အမှားတစ်ခုလို့ဆိုနိုင်တယ်။ ကျန်စစ်သားကို ဆက်ခံတဲ့မင်းဆက်တွေမှာလည်း ရှေ့က ဖအေမင်းတွေရဲ့ လမ်းစဉ်ကိုလိုက်ပြီး သီဟိုဠ်နှင့်ပြေလည်အောင် ဆက်ဆံရေးပြန်လည်ထူထောင်ဖို့မစဉ်းစားတဲ့အတွက် ပုဂံမင်းဆက်မှာ ကုလားကျမင်း ဆိုတာပေါ်လာရတယ်။ ဒီလိုပြောတော့ ကျန်စစ်သားကိုချည်း အပြစ်တင်တာ မတရားဘူးဆိုပေမယ့် သူစခဲ့တဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒ အမှားကြောင့် ဒီလိုဖြစ်ရတယ်လို့ထင်တယ်။ ဤကား နံပါတ် ၆။
ကျန်စစ်သား တော်ကောက်တဲ့ မိဖုရားတွေက မဏိစန္ဒာအစ တမီးကျေးကုလား အဆုံမိဘုရား လေးယောက် တရားဝင် စာရင်းထွက်တယ်။ ဒါကိုလည်းသမိုင်းဖတ်စာတွေက မကောင်းမပြောရဲပါ။ မင်းတွေ ဘုရင်တွေ မယားများတာ ဘာဆန်းတယ်မှတ်လို့ ဆိုပြီးနေလိုက်ကြတယ်။ မယားများတာမဆန်းပေမယ့် ရာဇဝင်ထဲမှာ တရားဝင် စာရင်းထွက်တော့ မယားလေးယောက်မှာမှ သမီးတော် နှင့် သားတော် နှစ်ဦးသာ ပြတယ်။
မွန်မင်းသမီး ထွက်လာသလို ကုလားမင်းသမီး ကုလားမင်းသားတွေ ထွက်နိုင်သေးတာကိုတော့ မသိချင်ယောင်ဆောင်နေလို့ မရပါ။ ဒီနေရာမှာ ကျန်စစ်သား တစ်ခုခုကိုဖြောက်ဖျက်ခဲ့လေသလား ရာဇဝင်ဆရာတွေကဘဲ ဖြောက်ဖျက်ခဲ့လေသလားလို့တွေးမိတယ်။ ဒီတစ်ချက် ထောက်ပြစရာရှိတယ်။ အနည်းဆုံး သား/သမီး ၄ ဦး၊ ပုံမှန် ၈ ဦး၊ သိပ်မျိုးကောင်းရင် ဒိထက်သားသမီး ထွန်းကားခဲ့နိုင်ကောင်းတယ်လို့ ထင်တယ်။ ရာဇဝင်ထဲကအတိုင်းဆို ကုလားသမက် ပါရနိုင်သေးပေမယ့် တေ့လွဲလွဲသွားတယ်။
ရာဇဝင်ဆရာတွေ ကျန်စစ်သားအကြောင်းပြောတဲ့အခါ ဒိုင်ယာလော့ ခေါ် စကားလုံးတွေ သိပ်ထည့်တာကိုလည်းသတိထားမိပါရဲ့။ ဒီတော့ သိပ်စကားပြောတဲ့ မင်းဘဲပေါ့။ သမိုင်းဖတ်စာထဲ သင်ရတဲ့အတိုင်းဆိုရင် ' သားကား အရင်း ၊ မြေးကား အဖျား ဖြစ်ချေပြီ ' ဆိုပြီး မိန့်တော်မူတယ်တဲ့။ ဒီစကား ကျန်စစ်သားပြောတဲ့စကားလား ရာဇဝင်ဆရာတွေဝင်ပြောတဲ့ စကားလား ဆိုတာ ကျနော်တော့ ဝိရောဓိဖြစ်တယ်။ မွန်သွေးပါသူ မြေးကို ထီးမွေပေးတာကို မွန်-မြန်မာ ချစ်ကြည်ရေး လို့ပြောလို့ပြော ၊ သားအရင်း မြေးအဖျားလို့ ပြောလို့ပြော ဇာတ်လမ်းဆုံးတော့ သဘောထားကြီးတဲ့ ရာဇကုမာရ မင်းသားရော ဖအေလုပ်သူ ကျန်စစ်သားပါ ဂရုနာသက်စရာ ၊ သနားစရာပေါ့။
ရှေ့ကပြောခဲ့တာတွေကို ခပ်ရှင်းရှင်းပြန်ပြောရရင် ကျန်စစ်သားရဲ့ မျိုးဆက်ဟာ မရှင်းမလင်းနဲ့ ကျန်ခဲ့တယ်။ ဒီတော့ ရာဇဝင်ဆရာတွေ သမိုင်းဆရာတွေက ဇာတ်လမ်းတွေဆင်တယ်။ ဤကား နံပါတ် ၇။

Subscribe to:
Posts (Atom)
ဒေါက်တာသန်းထွန်း
သမိုင်းသုတေသနမှာ သက်သက်ညှာညှာ ပြောပါဆိုတဲ့ စည်းကမ်းမရှိဘူး။ ငါက မြန်မာ မဟုတ်လား၊ မြန်မာ အကြောင်း အကောင်းချည်းပဲ ဖော်ထုတ်မယ် ဆိုတာမျိုးလည်းမလုပ်ပါ။ သူကရန်သူမဟုတ်လား၊ သူ့ကိုတော့ ချိုးချိုးဖဲ့ဖဲ့ ရေးလိုက်မယ်ဆိုတာမျိုး မပါပါ။
Sources for you
- Online Burma Library Org
- Friend of Burma Org
- Laura Boulton Collection: The Burmese Orchestra
- The Hill Tribes of Myanmar
- ထူးအိမ်သင်
- သက္ကတ-အင်္ဂလိပ် အဘိဓာန် (Media Fire 04.10.09))
- ဟားဗာဟ် အင်္ဂလိပ်- ပါဠိ သဒ္ဒါ
- ပြင်သစ်-ပါဠိ သဒ္ဒါစာ
- ပြင်သစ်-ပါဠိ အဘိဓာန်
- မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့
- ပုဂံ ပြတိုက်
- Antique Vs Art from Burma
- ဇော်ဂျီ ဖောင့်
- Victoria&Albert ပြတိုက်
- ဗြိတိန်ပြတိုက်၊လန်ဒန်
About Me
- ရှေးမြန်မာ
- သမိုင်းဆိုတာ သေချာဖို့လိုမယ်။ မသေချာတဲ့ သမိုင်းဟာ အပြုအပြင်ခံရနိုင်တယ်။ ကိုယ့်သမိုင်း ကိုယ်ပြင်တာကတော်သေးတယ်။ ကိုယ့်သမိုင်း သူများကပြင်ယူသွားရင် ကိုယ် ညံ့ လို့ ကိုယ် အ လို့ ခံလိုက်ရတာဖြစ်တယ်။
Categories
- ၁၉ ရာစု အစောပိုင်း (5)
- ၁၉ ရာစု၊ မန္တလေး။ (24)
- ၂၀ ရာစုလက်ရာ (1)
- On going Research (5)
- Study (13)
- Tribal Art (2)
- စိတ်ကြိုက် စာအုပ် (9)
- တရုတ်နိုင်ငံ (1)
- ပါကစ္စတန် (1)
- ပုဂံ( ၉ - ၁၃ ) ရာစု (16)
- ပျူ-မွန် (16)
- ဘင်္ဂလားဒေစ် (4)
- ပြတိုက် လမ်းညွှန် (1)
- ရခိုင် (13)
- လူမျိုးစုဆိုင်ရာ အနုပညာ (1)
- သတင်း ( News ) (5)
- သမိုင်းစကား၊ ပန်းစကား (47)
- အင်းဝ၊ကုန်းဘောင် ၁၄-၁၈ ရာစု (17)
- ရှေးပစ္စည်း ကြည့်မယ် (20)
- ရှေးမြန်မာ (8)
- ရွှေနန်းသုံးဝေါဟာရ အဘိဓာန် (9)
- ဝေါဟာရ အဘိဓာန် (သမိုင်း သုတေသန) (1)