4/15/12

ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး

လူတိုင်းပြောနေကြတဲ့ ပုဂံသူရဲကောင်း လေးယောက်ဖြစ်တဲ့ ကျန်စစ်သား၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး စတာမှာ သမိုင်းသုတေသနမှာ ကျန်စစ်သား(ထီးလှိုင်မင်း) ကိုဘဲအမှန်တကယ်ရှာတွ့ တယ်။ အဲဒီတော့ ဝေဖန် ဆန်းစစ်ဖို့လိုမယ်။

ဒီတော့ ကျန်တဲ့ သူရဲကောင်းသုံးဦး တကယ်ရှိခဲ့လားမေးစရာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပုဂံပြတိုက်ရဲ့ တရားဝင် အင်တာနက်ဝတ်ဆိုက် မှာ ကျန်စစ်သားကို အနော်ရထာရဲ့ သားဆိုပြီး လုပ်ထားတယ်။ နိုင်ငံဂုဏ်ဆောင် အထင်ကရပြတိုက်အနေနှင့် ဒီလိုမဖြစ်သင့်ပါ။

ကျန်သူရဲကောင်း သုံးဦးအကြောင်း ပြောလို့ရသလောက်ပြောပါမယ်။ အနော်ရထာခေါ် ' အနိ ရုန္ဓ ' လက်ထက်မှာ ရေးထိုးတဲ့ကျောက်စာ မရသေးပေမယ့် မြေပုံဘုရားစာတွေရှိတယ်။ မင်းဖြစ်သူက မြေပုံဘုရား မှာ မိမိအမည်နှင့် ဆုတောင်းစာကို ရေးထိုးပြီး လှူတော့ မိဖုရား နှင့် အမတ်တွေ အကုန်လုံးကလည်း မြေပုံဘုရားတွေလုပ်ပြီး လိုက်လှူရတယ်။ မင်းဖြစ်သူရဲ့အလှူ ကိုပန့် ပိုးပေးတဲ့သဘောပေါ့။
ဒီတော့ အထောက်အထားဖြစ်တဲ့ မြေပုံဘုရားတွေမှာ ခေတ်ပြိုင်အမည်တွေတွေ့ တယ်။

အနိရုန္ဓ လက်ထက်တွေ့ရတဲ့နာမည်တွေက
အက္ခရာစဉ်အလိုက်

၁။ ခတ် ( ငခတ် )
၂။ ခြယ် ( အို့ခြယ်/မယ်ခြယ် )
၃။ ဂေါင် ( ကလန် ငဂေါင် )
၎။ စိပေ ( မိဖုရား / အနိရုန္ဓ ၏ မိဖုရား )
၅။ စောထောယ်နော့အ် ( ? )
၆။ စန်ဒုမာ ( စောဒုမှာ / သခင်ဒုမှာ )
၇။ ဆူမ် ( ငဆူမ်/ ? )
၈။ တိရသ် (?)
၉။ ပါ ( အို့ ပါ/မယ်ပါ )
၁၀။ ပယ်ပွမ် ( ငပယ်ပွမ် )
၁၁။ ပွေါန် ( ပွေါန် )
၁၂။ ဗညာနော ( သံဗျင် ဗညာနော )
၁၃။ ဗိသန္နရာဇ် ( သံဗျင် ဗိသန္နရာဇ် )
၁၄။ မန်ယာသောဟ်ဒ္ဓရာဟ်
၁၅။ ယသ (?)
၁၆။ ယိခီ ( ထားဝယ်စားသံဗျင် )
၁၇။ လာင်ယင်လေန် ( ? )
၁၈။ သုဓမ္ပာယ် ( ? )
၁၉။ သင်ဟောယ် ( ? )
၂၀။ အနန္ဒဇေယဘိကြာန် ( မြို့စား )
၂၁။ အိတဲမိလအ် ( ? )
၂၂။ အိုင် (ငအိုင် )

ရသလောက် မြေပုံဘုရားစာတွေမှာ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး စတဲ့ သူရဲကောင်း သုံးဦးနာမည် မပါ။ ကျန်တဲ့ မြို့စား သံဗျင် ကလန် တွေပါတယ်။ မိဘုရားလည်းပါတယ်။ ' အနိ ရုန္ဓ ' ဟာသူရဲကောင်းတွေကို မြှောက်စားတယ်လို့ဆိုရင် အဲဒီသုံးဦးကိုလည်းနေရာပေးမှာမလွဲပါ။ မှန်နန်းထဲမှာကိုက ကျန်စစ်သား (ထီးလှိုင်မင်း) ကိုသာ အမျက်တော်ရှတယ်လို့ဆိုတော့ ကျန်သုံးယောက်နဲ့မဆိုင်ပါ။ ကျန်စစ်သား(ထီးလှိုင်မင်း)ကိုခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်နဲ့မဟုတ်တောင် မိတ်ဆွေကောင်းတစ်ဦးအဖြစ် ရိုသေလေးစားမှာဖြစ်လို့ ကျန်သူရဲကောင်းသုံးယောက် ကိုယ်လွတ်ရုံးမယ်မထင်ပါ။

ထားပါတော့ ဒါကမှန်နန်းထဲကအကြောင်းရာကိုပြောတာ။ အပေါ်မှာ တကယ်တွေ့ရတဲ့ နာမည်တွေက မြေပုံဘုရားပေါ်တွေ့ရတဲ့နာမည်တွေ။ မှန်နန်းနဲ့မဆိုင်ပါ။ ကျန်စစ်သားလွတ်သွားတော့ သူရဲကောင်းတွေကို မြှောက်စားတဲ့ ' အနိ ရုန္ဓ ' ဟာ အပြစ်မရှိသူ ၃ ဦးကို သတ်ပစ်တယ်လို့ မပြောပါ။ ဒါပေမယ့် သူတို့သုံးဦးရဲ့ နာမည်တွေ အတွက် ခိုင်မာတဲ့အထောက်ထားမရှိတာဟာ စဉ်းစားစရာ ပထမအချက်ရတယ်။

မြန်မာရာဇဝင်ကျမ်းအရ ' အနိ ရုန္ဓ ' မရှိတဲ့ နောက် ဝဇြာဘရဏ ခေါ် စောလူး နန်းတက်၊ မူးရစ်သောက်စား လူပေါင်းမှား၊ မင်းဖြစ်လျှက်နဲ့အချုပ်ခံရ။ အဲဒီမှာလည်း သူရဲကောင်းသုံးယောက် ပေါ်လာသင့်တယ်။ သူတို့လည်း ကျန်စစ်သားနဲ့ တန်းတူအစွမ်းရှိတယ်လို့ ဆိုထားတယ်မို့ လား။

သူရဲကောင်း လေးယောက်ဟာ စစ်သည် လေးသိန်း လို့သာဆိုတယ်။ ကျန်စစ်သား တစ်ဦးတည်း တစ်သိန်းခွဲအား လို့မပြောတော့ စွမ်းရည် ညီမျှတယ်လို့ပြောလို့ရတယ်။ အဲဒီသုံးဦးသာရှိရင် ဟိုအဝေးကြီးမှာရှိနေတဲ့ ကျန်စစ်သားတောင် သွားခေါ်စရာမလို။ ရှိတဲ့ သုံးဦးနဲ့တိုက်လည်းဖြစ်တယ်မို့လား။ ဟိုဘက်က လူဆိုးက တစ်ဦးတည်း။ ပြီးတော့ ငမူး။ အဲဒါ စဉ်းစားစရာ ဒုတိယအချက်ရတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခု။ ကျန်စစ်သား(ထီးလှိုင်မင်း) ကို ခေါင်းဆောင်တင် ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ငထွေးရူး တို့နဲ့ ပေါင်းပြီး ပုန်ကန်သူကို တိုက်။ ပြီးတော့ကျန်စစ်သား မင်းဖြစ်။ မင်းဖြစ်ပြီးနောက် သူ့ကိုအကာကွယ်မပေးဘဲ ချောက်တွန်းတဲ့ ဟိုသုံးယောက်ကို သတ်ဆိုပြီး ရာဇဝင်ထဲမှာမပါ။ အဲလို လူစွမ်းကောင်းသုံးဦးကိုလည်း ဘယ်လိုမင်းကမှ သတ်ပစ်မယ်မထင်ပါ။ အဲဒီလို သတ်ပစ်တယ်လို့အထောက်ထားမတွေ့တော့ ကျန်စစ်သားက မြောက်စားသလားလို့ လှည့်တွေးကြည့်ရအောင်။

ကျန်စစ်သား(ထီးလှိုင်မင်း) နန်းတည်ကျောက်စာပါ သူမြှောက်စားတဲ့ အမတ်၊ သံဗျင် ၊ ကလန် စာရင်းကိုကြည့်ရအောင်

၁။ သံဗျင် ကင်ကသူ
၂။ သံဗျင် ဇေယသဘင်
၃။ သံဗျင် ပညာလင်္ကာရ
၎။ လင်္ကာ မဟာသက်ထိပ်
၅။ လင်္ကာ ရာဇသူ
၆။ လင်္ကာ ရိပုသဒ္ဒနော
၇။ ကလန် ကင်
၈။ ကလန် ထေး

အဲဒီစာရင်းထဲမှာလည်း ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး စတဲ့ နာမည်တွေမပါပါ။ ကျန်စစ်သားခေတ်မှာ ရာဇကုမာရ်ကျောက်စာအပါဝင် မွန်၊မြန်မာ၊ပါဠိ၊ ပျူ (?) စတဲ့ ဘာသာနဲ့ရေးထိုးတဲ့ကျောက်စာတချို့ ရှိပေမယ့် အဆိုပါသုံးဦးကိုတော့ မတွေ့သေးပါ။ အဲဒါက စဉ်းစားရမယ့် တတိယအချက်။

နောက်ဆုံး တစ်ချက်ပြောချင်တာက ကျန်စစ်သား(ထီးလှိုင်မင်း) ရေးထိုးခဲ့တဲ့ ကျောက်စာတွေ
အတော်များများ မြန်မာဘာသာ ၊ မွန်ဘာသာနဲ့ ကျန်ရစ်ခဲ့တာတွေအတော်များပါတယ်။ အဲဒီကျောက်စာတွေအကုန်လုံးလိုက်ဖတ်ကြည့်ပြန်တော့လည်း ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး စတဲ့နာမည်တွေကို လုံးဝ မတွေ့ရပါ။ ရှင်းရှင်းပြောတော့ မှတ်တမ်းမရှိဘူးပေါ့။

ကျန်စစ်သား(ထီးလှိုင်မင်း)ရဲ့ အမည်ဟာ ကလန်စစ်သားကနေလာတယ်ဆိုတာ ကျိုးကြောင်းဆီလျှော်ပေမယ့် ကျန်သုံးဦး အမည်ရလာပုံတွေဟာ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်နေပါတယ်။ စာတစ်ကြောင်းထဲနဲ့ အတိုချုပ်ရရင်တော့ ငထွေရူး၊ ငလုံး လက်ဖယ်၊ ညောင်ဦးဖီး တို့နဲ့ပတ်သက်ပြီး " ခိုင်မာတဲ့ အထောက်အထားမရှိပါ " ။

12/20/11

ဒီလူတွေဘယ်ရောက်သွားလဲ

ပျူတွေဘယ်ရောက်သွားသလဲဆိုတဲ့ မေးခွန်းရှိထားပြီးသားဆိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းတစ်ခုက ဒီလူတွေဘယ်ရောက်သွားလဲဆိုပြီးမေးလိုက်ချင်ပါတယ် ။ မှန်နန်း၊ ရာဇဝင်ကြီး၊ မောင်ကုလား စတဲ့စတဲ့ ရာဇဝင်ကျမ်းတွေမှာပြောနေကြတဲ့ သရေခေတ္တရာမင်းဆက်တွေကိုပြောချင်တာပါ။

ကျမ်းထဲမှာ ပါတဲ့ စာရင်းကိုကြည့်ပါ။

၁။ မဟာသမ္ဘာဝ
၂။ (ညီ) စူဠသမ္ဘာဝ
၃။ (သား) ဒွတ္တဘောင်
၎။ (သား) ဒွတ္တရန်
၅။(သား) ရန်ပေါင်
၆။ (သား) ရန်မန်
၇။ (သား) ရက္ခန်
၈။ (သား) ခန်လောင်း
၉။ (သား) လက်ခိုင်
၁၀။ (သား) သိရိခန်
၁၁။ (သား) သီရိရာဇ်
၁၂။ ငတပါး
၁၃။ (သား) ပါပိရန်
၁၄။ (သား) ရန်မုက္ခ
၁၅။ (သား) ရန်သိင်္ခ
၁၆။ (သား) ရန်မုဉ္ဇလိန္ဒ
၁၇။ (ညီ) ဘေရိန္ဒ
၁၈။ (သား) မုဉ္ဇလ
၁၉။ (သား) ပုဏ္ဏ
၂၀။ (ညီ) သာခ
၂၁။ (သား) သာသိ
၂၂။ (ညီ) ကန်နု
၂၃။ (နောင်တော်) ကန်တက်
၂၄။ (နောင်တော်) ဘိဇ္ဇ
၂၅။ (သား) သုမုန္ဒရီမင်း
၂၆။ (သား) အတိတျာ
၂၇။ (ညီ) သုပညာနဂရဆိန္ဒ


ဒီမင်းတွေဟာ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ မင်းလုပ်စိုးစံခဲ့တယ်လို့ဆိုထားပါတယ်။ ရှေး/သု တူးဖော်ရေးက ရရှိတဲ့ သုတေသနဆိုင်ရာအထောက်ထားတွေကိုပြန်ကြည့်တဲ့အခါ အထက်ပါမင်းတွေနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မတွေ့ရပါ။ ကျောက်စာဝန် တော်စိန်ခို ဦးဆောင်တဲ့ ၁၉၁၁ တူးဖော်မှုတွေကနေ ကျောက်အရိုးအိုး နှစ်လုံးတွေ့တယ်။ ၁၉၂၂ မှာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell ) ဦးဆောင်တဲ့ တူးဖော်မှုကနေ နောက်ထပ် ကျောက်အရိုးအိုးတစ်လုံးထပ်တွေ့တယ်။


ကျောက်အရိုးအိုးတွေအပေါ်မှာ ရေးထားတဲ့ ပျူစာတွေကို ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ၊ ဦးသာမြတ် ၊ ဦးမြ နှင့်အခြား ရှေးစာပညာရှင်တွေ ဝိုင်းပြီး အက္ခရာဖလှယ်ပြီးတဲ့ နောက်မှာတော့ ရှေးမြို့ဟောင်း သရေခေတ္တရာမှာ အမှန်တကယ် စိုးစံခဲ့တဲ့ မင်းတွေရဲ့ နာမည်တွေ နှင့် သကနှစ်ကိုသုံးတယ်လို့ ယုံကြည်ရတဲ့ ခုနှစ်တွေထွက်လာတယ်။ ကျောက်အရိုးအိုး တွေပေါ်မှာပါတဲ့ အဓိက ကျတဲ့စာကျင်းကိုကြည့်ရအောင်ပါ။

၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


အထက်ပါ စာရင်းက မင်းတွေရဲ့ အမည်ကို ကျောက်အရိုးအိုးပေါ်က သက္ကတ အက္ခရာ တချို့ပါတဲ့ ပျူ စာလုံးပေါင်း ၁၁၂၇ လုံးကနေ ဖော်ထုတ်ရရှိတာပါ။ အထူးသဖြင့် မင်းနာမည်တွေကို သက္ကနာမည်နဲ့ ရေးထားလို့ ခုလို သိရတာဖြစ်ပါတယ်။ ဒီမင်းတွေ နဲ့ ပတ်သက်ပြီး ရှေးကရေးခဲ့တဲ့ ရာဇဝင်ကျမ်းတွေမှာ မတွေ့ရပါ။ ဒါကြောင့်ဘဲ ဒေါက်တာသန်းထွန်းက ပျူတွေဘယ်ရောက်သွားသလဲ ဆိုပြီးမေးခဲ့လေသလားလို့ ထင်တယ်။


မှန်နန်းထဲပြောထားတာက တကောင်းမင်း သတိုးမဟာရာဇာ နှင့် မိဖုရားတစ်ပါးကနေ မဟာသမ္ဘာ၀ နှင့် စူဠသမ္ဘာ၀ ဆိုတဲ့ မျက်မမြင်ညီနောင် နှစ်ဦးဖွားမြင်တယ်။ ဖောင်ပေါ်တင်ပြီး မြစ်ထဲမျှောတဲ့အခါ ဘီလူးမနဲ့တွေ့၊ မျက်စိမြင်အောင် ဘီလူးမကလုပ်ပေး။ မျက်မြင်ပြီးနောက် အကိုဖြစ်တဲ့ မဟာသမ္ဘာ၀ က ရသေ့တစ်ပါး စောင့်လျှောက်ကျွေးမွေးထားတဲ့ ဗေဒါရီ နဲ့ပေါင်းဖက်သလို ညီဖြစ်သူက ဘီလူးမနဲ့ ပေါင်းဖက်။ တိုတို ရှင်းရှင်းပြောတော့ ယခုသရေခေတ္တရာနေရာမှာ အကိုဖြစ်သူက မင်းဖြစ်၊ အကိုနတ်ရွာလားတော့ ညီ မင်းတက်။ ဒီလိုဘဲပြောထားတယ်။ စိတ်ဝင်စားစရာ အချက်တွေကိုကြည့်တဲ့အခါ ညီနောင် နှစ်ပါး ရသေ့နှင့်တွေ့ပြီး သရေခေတ္တရာ မြို့တည်ပြီး မင်းလုပ်တာဘဲတွေ့တယ်။


ဒီအချက် ဘာလို့ စိတ်ဝင်စားစရာကောင်းလဲဆိုတော့ မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်က သက္ကတစာမှာ ပြောထားတာက ယင်းဆင်းထုကို ဇယစန္ဒြဝရ်မန် မင်းသားက ထုစေကြောင်း မှတ်တမ်းတင်ထားတာပါ ။


ပထမ စာပိုဒ်(ဂါထာ) မှာပြောထားတာက တစ်နေ့တည်းမှာပင် (တမြို့မှာ ယခုမော်ဇာဖြစ်ဟန်ရှိတဲ့) မြို့တော် နှစ်မြို့ကို အပြိုင်တည်စေဖို့ ရာ ဇယစန္ဒြဝရ်မန်ရဲ့ ဆရာရသေ့ ဂုဟ ခေါ် ဂုဟဒီပ က ပြောဆိုဆုံးမပြီး နည်းပေးလမ်းပြလုပ်တဲ့ဟန် ဖြစ်ပါတယ်။ ညီငယ်က ဟရိဝိကြမ ဖြစ်ပြီး သရေခေတ္တရာမြို့ကို အုပ်စိုးတဲ့ ဘုရင်ဖြစ်တယ်။ အခုလုပ်တဲ့ ကောင်းမှုမှာလည်း အတူတူပြုလုပ်ကြတာဖြစ်ပြီး ရသေ့ဆရာရဲ့ ကျေးဇူးကြောင့် ညီတော် နောင်တော် နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးပြီး နောင်လာနောက်သားတို့ သင့်တင့်ညီညွတ်ကြလိမ့်မယ်လို့ ပြောထားပါတယ်။ အဲဒီလို ချစ်ကြည်မှုဟာ ကမ္ဘာတည်သရွေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းနဲ့ အဆုံးသတ်ပါတယ်။


ဒီကျောက်စာအရ ဆရာရသေ့ ရှိတယ်။ မြို့နှစ်မြို့ကို အုပ်စိုးမင်းလုပ်တဲ့ ညီနောင် နှစ်ပါး နှင့် ဆရာရသေ့ ရှိတယ် ဆိုတဲ့အချက်လက်တွေဟာ မှန်နန်းမှာ ပြောထားတဲ့ ညီနောင် နှစ်ပါး နှင့် ရသေ့ ဇာတ်လမ်းကို သွားသတိရစေပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရ ညီတော် နောင်တော်ဆိုပေမယ့် ဇယစန္ဒြဝရ်မန် နှင့် ဝိကြမမင်းဆက်ရဲ့ ဦးဆုံးမင်းဖြစ်ဟန်ရှိတဲ့ ဟရိဝိကြမ တို့ဟာ မင်းပြိုင်သာဖြစ်ပြီး သွေးသားတော်စပ်မှု မရှိနိုင်လို့ဆိုပါတယ်။ ချစ်ကြည်ဖို့ရာ ဖြန်ဖြေစေ့စပ်ပေးသူ ရသေ့ဆရာ ဂုဟဒီပကြောင့် ခုလို ကောင်းမှုကုသိုလ်လုပ်တယ်လို့ ဆိုထားတဲ့အတွက် ဒီနှစ်မြို့ ရှေးကမတည့် လို့ယူဆနိုင်ပါတယ်တဲ့။ နောက်ပြီး ဇယစန္ဒြဝရ်မန် မင်းဟာ ကမ္ဘောဒီယားက ဇယစန္ဒြဝရ်မန် မင်းဆက်တွေ နှင့် ပတ်သက်မှုရှိသလား ဆိုတာကတော့ နောက်မှပြောရမယ့် မတူညီတဲ့ အကြောင်းရာဖြစ်သွားပါပြီ။


ဒီစာရဲ့ အစပထမ မေးခွန်းကိုပြန်ဆက်ရအောင်ပါ။ မြန်မာရှေးရာဇဝင်မှာပြောထားတဲ့ သရေခေတ္တရာမင်းဆက်တွေ ဘယ်ရောက်သွားလဲဆိုပြီး မေးဖို့လိုလာပါပြီ။ ရှေး/သု ကရထားတဲ့ ကျောက်အရိုးအိုးတွေပေါ်က စာနှင့် မှော်ဇာဝက်ခေါင်း ကုန်းတူးဖော်မှုက ရရှိတဲ့ ဓျာနမုဒြာ ဗုဒ္ဓရုပ်ပွါးပုံပါ ပလ္လင်လေးဖက်ပေါ်ကစာအရ သရေခေတ္တရာမင်းဆက်တွေရဲ့ မှန်ကန်ခိုင်မှာတဲ့ သုတေသနတွေ့ရှိချက်တွေ အောက် မှေးမှိန်ပျောက်ကွယ်သွားတယ်လို့ ဖြေလိုက်ချင်ပါတယ်။ ရှေ့လျှောက် ဆက်ပြီးသုတေသနလုပ်ဖို့တော့ လိုပါသေးတယ်ဆိုတာ ဝန်ခံရင်းပေါ့။

12/13/11

ထိုးကွင်းအစ မောင်ကံက တဲ့လား

ထိုးကွင်းမင်ကြောင် စပေါ်တာ ဘိုးတော်ဘုရားခေါ် ဗဒုံမင်း လက်ထက် ၊ ထောင်မင်းကြီးသား မောင်ကံ ကတီထွင်ခဲ့တယ်ဆိုတာကို စရေးတာ ၀၁-၁၀-၁၉၄၀ ထုတ်ကျောင်းသားစာစောင် ဗဟုသုတခန်းလို့ ဆိုပါတယ်။ တကယ်တော့ ဆိုလိုချင်တာက အလှထိုးတဲ့ မင်ကြောင်ကို ပြောဟန်တူပါတယ်။

လောကီအစီရင် အရသော်လည်းကောင်း အမှတ်သညာအရသော်လည်းကောင်း အရင်ထိုးနေကြ ဆေးမင်ကြောင်ဟာ ကွက်တိကွက်ကြားနဲ့ မလှဘူး။ ဒီတော့ ဒီဇိုင်း ကနုတ်တွေဖော်ပြီး ထိုးဟန်တူပါတယ်။ အရေးများတဲ့ ဒီဇိုင်းက မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် နှင့် ငါးကြင်းကွက် တွေဖြစ်တယ်တဲ့။ ဒီတော့ မောင်ကံစခဲ့တဲ့ မင်ကြောင်ဟာ အရပ်စကားနဲ့ပြောရင်တော့ ရှေ့ကပုံတွေကို မကြိုက်လို့ စိတ်ကူးအသစ် နှင့် စခဲ့တဲ့ အလှထိုးမင်ကြောင်လို့ ပြောရပါမယ်။

တကယ်တော့ ဆေးမင်ကြောင်ဟာ ဘိုးတော်ဘုရား မတိုင်မှီခေတ်ကတည်းက ရှိနှင့်ပြီးနေပါပြီ။ ဗင်းနစ်မြို့သာ အီတလီလူမျိုး နီကိုလိုဒီကွန်တီ ( Nicolo De Conti ) ၁၄၃၅ ခုနှစ်မှာ မြန်မာပြည် ပဲခူးကိုရောက်တယ်။သူ့ ရဲ့ ခရီးသွားမှတ်တမ်းမှာ ပဲခူးကမြန်မာတွေဟာ အသားကို သံဆူးနှင့်ထိုးဖောက်ပြီး ဖျက်မရတဲ့ ဆေးတွေကို ပွတ်ထည့်တယ်ဆိုပြီး မြန်မာတွေ ဆေးမင်ကြောင် (Tattoo) ထိုးကြောင်း မှတ်တမ်းတင်ခဲ့တယ်။ နီကိုလို ရဲ့မှတ်တမ်းဟာ မြန်မာတွေရဲ့ ဆေးမင်ကြောင်အကြောင်းပြောတဲ့ ပထမဆုံးမှတ်တမ်းအဖြစ်ရှိနေသေးတယ်။

ဟံသာဝတီဆင်ဖြူများရှင် ( ဘုရင့်နောင် ) လက်ထက် ရှေးမှတ်တမ်းတစ်ခုမှာ ရေးထားတာက " ခွေးလင်းစားလည်း ၊ ကောင်းမွန်စွာအဝတ်တန်ဆာတို့ကို ဝတ်၍၊ ပန်းဆိုးခေါင်းထုပ်နှင့် ပန်းမာလ်ထူစွာပန်၍၊ အင်္ကျီမဝတ်ဘဲ ' မင်သေ့ ' ခါးပြက်ပြက် နှင့် အမွေးအထုံလိမ်း၍ တက်၏ " ဆိုပြီး အက္ကပတ် ကို သံစေလွတ်ခန်းမှာရေးခဲ့တယ်။

မဏိပူရ ကသည်းပြည်ကို သံစေလွတ်ရာမှာ အဓိကဦးဆောင်သူဖြစ်တဲ့ ခွေးလင်းစား ရဲ့ကိုယ်မှာ ' မင်သေ့ ' ခေါ် ဆေးမင်ကြောင်တွေထိုးထားတာ တွေ့ရတဲ့သဘောပေါ့။ ဒါကိုလည်း တလေးတစား ထုတ်ပြချင်ဟန်တူပါတယ်။

အရင်ကတော့ မြန်မာတွေရဲ့ ဆေးမင်ကြောင်ဟာ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်) လက်ထက် ယိုးဒယားကိုတိုက်တော့မှာ ပါလာတယ်လို့ထင်ခဲ့တယ်။ ခုတော့ ရှာရင်းရှာရင်း အဲဒီထင်မြင်ချက် လွင့်ပစ်ရတော့မယ်ထင်တယ်။

ဆေးမင်ကြောင်ကိုဘဲ ခေါ်ကြတဲ့ အမည်တွေရှိသေးတယ်။
၁။ ထိုးကွင်းမင်ကြောင်
၂။ ထိုးကွင်း
၃။ မင်သေ့
၎။ ကော်
၅။ ကော်ရစ် စတဲ့နာမည်တွေပါ။

သို့ပေမယ့် အဓိက က နှစ်မျိုးဘဲရှိပါတယ်။ လောကီအစီရင်အဖြစ် ထိုးတာရယ် ၊ အလှထိုးတာရယ်ပါ။ အလှထိုးကတော့ ကုန်းဘောင်ခေတ် ၊ စောစောကပြောတဲ့ ထောင်မင်းကြီးသားခေတ်မှ စတယ်ထင်တယ်။ ရဲရဲတော့ မပြော ရဲပါ။ ရှေးကမြန်မာ့စစ်သည်တော်တွေကို အစု ခွဲရာမှာလည်း ဆေးမှတ်ပြီးခွဲတာမျိုးရှိတယ်ဆိုတာကိုတော့ တစ်ချက်သတိထားရမယ်။

မြန်မာတွေရဲ့ ဆေးမင်ကြောင်နဲ့ ပတ်သက်ပြီး တချို့ ရဲတင်းတဲ့လူတွေက ပျူခေတ်ကတည်းက စတယ်လို့ ပြောတယ်။ အထောက်ထားတော့မရှိပါ။ ပျူတွေတကယ်သာ မင်ကြောင်ထိုးရင် တရုတ်တွေရဲ့ မှတ်တမ်းမှာ တခုတ်တရ ထည့်ရေးခဲ့မှာ အမှန်ဘဲ။ တချို့က ပုဂံခေတ်တဲ့။ ဒါလည်း အထောက်ထားမခိုင်ပါ။

ပုဂံခေတ်မှာ အင်းချတဲ့လောကီအစီရင်မျိုးရှိလာပြီ။ ကျန်စစ်သားနန်းတော်သစ်ဆောက်တော့ ကြေးပြားပေါ် အင်းရေးပြီး တိုင်အောက်မှာမြှုပ်တယ်။ ဒီတော့ ဒီလိုကြေးပြားပေါ်အင်းရေးပြီး ကိုယ်မှာဆောင်တဲ့ ဓလေ့ရောရှိနိုင်တယ်လို့တော့ ခန့်မှန်းပါတယ်။ ဆေးမင်ကြောင်ထိုးတယ် ဆိုတဲ့အပြောမျိုးထိတော့  မပြောရဲပါ။

ရှေးကမြန်မာတွေက ဆေးမင်ကြောင်ကို ' မင်သေ့ ' ဆိုပြီးသာခေါ်ကြတာကို သိရတယ်။ မှတ်တမ်း ၊ ကျောက်စာ ၊ နံရံဆေးရေးတွေမှာ မတွေ့ရလို့ ရတု ၊ လေးချိုး ၊ ကဗျာတွေမယ် လိုက်ရှာတော့ မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈) မှာ စာဆိုတော် ရှင်ကုမာရကဿဖ ရဲ့ ဓမ္မရာသီပျို့ မှာ " မဲနည်သွားဆိုး ၊ မင်သေ့ထိုး " ဆိုတဲ့ အသုံးကို တွေ့ရတယ်။ အဲဒီခေတ် အခြေခံလူတန်းစားတွေထဲမယ် ' မင်သေ့ ' ထိုးပေးတဲ့ အလုပ်ဘဲသီးသန့်လုပ်သူတွေရှိတယ်ဆိုတာ မှတ်သားရပါတယ်။

သော်ကပင် ဆရာတော်ရဲ့ စာမှာ " ဂူတွင် ဥမင်၊ ရွှေမင်ဝေ့ဝေ့၊ မင်သေ့ထိထိုးမြဲ ၊ ဟဆွဲမဖက် " ဆိုပြီးပါတယ်။ နောက်ထပ်တွေ့ရတာက " ပုတီးသာဆောင်၊ ကြောင်တစ်ကောင် ၊ ကော်တစ်ဘက်နှင့် ထိုးလက်စမသိမ်း" ဆိုပြီးတွေ့ပါတယ်။ နှစ်ခုစလုံးရဲ့ ခေတ်ကာလ အပိုင်းခြားကို အင်းဝခေတ်လို့မှန်းပေမယ့် ဒီလို ရတု ကဗျာ ပျို့ လေးချိုးတွေကို အခြေခံပြီး ခုနှစ်ရှာရတာက အင်မတန်ဝိရောဓိဖြစ်စရာပါ။

စောစောက စကားကိုပြန်ကောက်ရရင် ထိုးကွင်းအစမောင်ကံ က ဆိုတဲ့အဆိုမှန်တယ်ဆိုရင်တောင် စိတ်ကူးသစ်နှင့် ရှေးကပုံစံတွေကို တွန်းလှန်ပြီး ဒီဇိုင်းသစ်ပုံစံသစ်နှင့် တစ်ခေတ်ဆန်းတယ်လို့ ပြောလို့ ရပေမယ့် ထိုးကွင်းမင်ကြောင် စပေါ်တာ ဘိုးတော်ဘုရားလက်ထက် ထောင်မင်းကြီးသား မောင်ကံ ကစတယ်လို့ တော့ ပြောမရပါ။

11/11/11

စော်ဘွားတွေရဲ့ အဆောင်ယောင်

ရှေ့ကပိုစ်တွေမှာ ပြည်စိုးအကြောင်း တစေ့တစောင်းပြောခဲ့ဖူးပါတယ်။ စော်ဘွားတွေရဲ့ အဆောင်ယောင်တွေနှင့်ပတ်သက်ပြီး လိုက်စုပေနေပေမယ့် စားရင်းမှာပါတဲ့ ပစ္စည်းအများစုကို မမြင်ဖူးပါ။ ရွှေ / ငွေ နဲ့လုပ်တဲ့ ပန်းခိုင်တချို့ရဲ့ ဓာတ်ပုံတချို့သာတွေ့ဖူးတယ်။ တွေ့ မြင် ကြား သိတာတွေရှိရင်လည်း ဝေမျှပေးပါဦး။

ဝန်းသိုစော်ဘွားများ အရာဆက်ခံကြသောအခါ အရာခံလက်ဆောင် အများအစားပေးကြရ၏။ ဝန်းသိုစော်ဘွားများသည် အရာဆက်ခံသောအခါ ဘုရင်ကို ငွေ ၅၀၀ိ၊ ဝန်ကြီးကို ၂၅၀ိ၊ ဝန်ထောက် ၄ ယောက်ကို ၂၀၀ိ၊ အတွင်းဝန် ၂ ယောက်ကို ငွေ ၁၀၀ိ၊ နားခံ ၂ ယောက်ကို ငွေ ၇၅ိ၊ အဝေးရောက် ၄ ယောက်ကို ငွေ ၁၂၀ိ၊ သံတော်ခံ ၄ ယောက်ကို ငွေ ၆၀ိ၊ ပြင်သံတော်ဆင့် ၁ ယောက်ကို ငွေ ၃၀ိ၊ တံခါးနီကြေး ၃ိ ပေးဆောင်ရလေသည်။ ( ဝန်သိုမြို့ ၁၁၂၅ ခုစစ်တန်း)

ဘုရင်မင်းမြတ် သည်နှစ်စဉ် သတင်းကျွတ် လတွင် ဦးကင်တော်ဖွင့်ဝါကျွတ်ကန်တော့ခံသောအခါ ဝန်းသိုမြို့ သူကြီး၏ နှစ်စဉ် ကန်တော့ဆက်မှာ ဘုရင်ကိုရော အိမ်ရှေ့မင်းကိုပါ ကန်တော့ဆက်သရပါတယ်။
ဘုရင်ကို ဆက်သတဲ့ ပစ္စည်းတွေကတော့
၁။ ရွှေဖလား ၅ိ ခုတ်
၂။ ဖျင် ၂
၃။ ခါသာ ၂
အိမ်ရှေ့မင်း ကို
၁။ ငွေဖလား ၂ိ ၂ံ
၂။ ဖျင် ၁

၁၁၄၅ခု စစ်တန်းအရ ဝန်သိုမြို့ သူကြီးတို့၏ အဆောင်အရွက်မှာ -
၁။ မြင်းကတိုင် ၇ ပွင့်
၂။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက် အနားသံ ၄ံ ရွှေပိန်း
၃။ နှင်း နှင်းသိပ်
၎။ အိမြောင်ရင်ပတ်ကွင်း
၅။ ရွှေဇဝါ အုပ်ခက်ထိပ်အုပ်
၆။ မြီးဖြမ်းရင်ဘတ် သက္ကလပ်ကြိုး ရွှေကြယ်တပ် မိုးကြိုးကြုတ်
၇။ လက်ဖက်အိုး
၈။ တကောင်းပိတ်
၉။ ထားအိမ်အဆောက် ရွှေအမွှန် ထားအိမ်ရင်းဖျား ရွှေငါးပတ်ခံတွင်း ရွှေသံပတ်စွဲ ငါးတန့်
၁၀။ ဒိုင်းဝန် ရွှေဇဝါပိန်း။
ဝန်သိုမြို့ ၁၁၂၅ စစ်တန်းတွင် စော်ဘွားတို့ အဆောင်အရွက်တို့မှာ
၁။ ဆင်ပေါက် ၊ ဆင်မ
၂။ ရဲကအနီ ၂ စု ရွှေတစု
၃။ အလံကျည်ရွှေရေး
၎။ အလံနီ ၂
၅။ ပေါင်ဝန်းအနီ ၂ စု
၆။ အထွတ်ရွှေ
၇။ သက္ကလပ်ကြိုး အနားဖဲကွပ်
၈။ ချွန်း ၎
၉။ ထီးဝါ ၂
၁၀။ ကျိုင်း ၂
၁၁။ အထွတ်ရွှေ ၄ံ ခန့်
၁၂။ မြင်းကကိုင်း ရွှေညောင်ရွက် ၂ ဆင့် တညောက်ရွှေရွက် ၃ ပွင့်
၁၃။ ကတောင်ရွှေရေး
၁၄။ စာမရီပန်းခက် ကိုက်
၁၅။ အနားသံ ၄ံ ရွှေးပိန်း
၁၆။ နှင်း နှင်းသိပ်
၁၇။ အိမ်မြောင် လကွင်း
၁၈။ ရင်ပတ်ကွင်း
၁၉။ မြီးပျမ်းရင်ပတ်
၂၀။ သက္ကလပ်ကြိုးကြယ်စီ
၂၁။ သက္ကလပ် တင်ရမ်း
၂၂။ မုဒရက်ပေါင်ဆွဲ
၂၃။ ရှေ့တက် နောက်တက် ဇက်ရွှန်း ၃ ဆင့်
၂၄။ ကွမ်းခွက် ၈ မြှောင့်
၂၅။ မိုးကြိုးထွေးအင်
၂၆။ တကောင်းပိတ်
၂၇။ လက်ဖက်အိုး
၂၈။ ကျပ်မြင့်မိုရ်
၂၉။ ထားလိုက် လက်ဝဲ လက်ျာ ၂ စဉ်
၃၀။ စည်နီ ၇
၃၁။ ပုံသာ ၁
၃၂။ ခရာ
၃၃။ နှဲကြီး ၁
၃၄။ နှဲငယ် ဆိုပြီး အဆောင်အယောင် အတော်များတာကိုသတိထားမိပါတယ်။

ဝန်သို စော်ဘွားရဲ့ အိမ်
အိမ် ၃ ဆင့် ဟော်ချိုးတက် အမိုးအင်္ဂတေပွတ် မာရဘင် အနီသုတ်၊ ပြတင်းအနီ ၂ စု ရွှေ ၁ စု၊ ဝင်မြင်းကြမ်းလွှတ် ၊ ပြတင်းတံခါး လေးပေါက် ဆောက်လုပ်နေထိုင်ခွင့်ရှိသည်။ (ဝန်သိုမြို့ ၁၁၄၅ စစ်တန်း)

ဝန်သိုမြို့ ၁၁၂၅ ခု စစ်တန်း အရ စော်ဘွားတို့သေလွန်တဲ့အခါ စီရင်ရတဲ့အဆောင်ယောင်တွေက---
စော်ဘွားတို့သေလွန်လျှင် ပျဉ်အဖုံးကမ္ပတ် ရွှေအနီခံသတ် ပျဉ်ခုံ ချင်ပု ဗီတာန်ခြေ ၆ ချောင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပချုပ် ၊ ငွေပချုပ်၊ စန္ဒယမား မီးလောင်တိုက် ငှက်ချေးခံရာဇမတ်ကာ နှင့် သင်္ဂြိုဟ်ပို့ရသည်။ အကူတော်ဖျင် သာလူ ပေထုပ်ပေးရသည်။


၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ ဗန်မော် စော်ဘွား ဆောင်မြဲ ( အဆောင်ယောင် )
၁။ ဆင်ပေါက်မ ၂
၂။ ကွမ်းစားခွက်
၃။ ဘဘက်အိုး
၎။ တကောင်းပိတ်ရှစ်ထောင့် ပယင်းတပ်
၅။ ရွှေထွေးအင်
၆။ ဓားနက်
၇။ ကျောက်စီ သံပတ် ၇တန့်
၈။ ဓားလိုက်အိတ်သွတ် ၂မြင်းဇက်ရွန်း၃ဆင့်
၉။ စီးနှီးတင်ရမ်း
၁၀။ ကတ္တီပါမြင်းကြိုးရွှေကြယ်တပ်
၁၁။ နှင်း နှင်းသိပ်
၁၂။ ကတောင်ရွှေရေးဇာမရီပန်းခက်ကိုက်
၁၃။ အနားခံ ၄ သစ်
၁၄။ ထိပ်အုပ်သံပရာခွံ
၁၅။ အိမ်မြှောင်ရင်ဘတ်ကွင်းအိမ်ဖြူ ၃ဆင့် ပတင်ကုန်လုံး ရွှေချအိပ်ဦး အတိုင်တည်ထိ
၁၆။ စိုက်
၁၇။ ဝင်ကမ္ပတ်သတ်
၁၈။ စည်နီ ၃ လုံး
၁၉။ ငွေနှဲ
၂၀။ ငွေခရား ၄လုံးစီ
၂၁။ ပုံသာ
၂၂။ လင်ကွင်း
၂၃။ ရွှေလှံ ၁၀
၂၄။ သေနတ် ၁၀
၂၅။ ဆင်ပေါင်းအနီ ၂စု
၂၆။ ရွှေ ၁စု

ဝါဝင် ဝါကျွတ် ကန့်တော့ရလျှင်
၁။ ရွှေဖလား ၅ိ လုပ်မြော ရွှေပန်းပွင့် ငွေပန်းပွင့် ၁စီး
၂။ လဘက်ချောင်းအရှည် ၅ င်္၊ ချောင်းရေ ၁၂

၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ သိန္နီစော်ဘွားတို့ ဆောင်မြဲ ( အဆောင်ရောင် )
၁။ ထီးနီ ၂
၂။ ထီးဝါ ၂
၃။ ထီးဖြူ ၂
၎။ ဆင်ပေါက်မ ၂
၅။ ဗောင်းရွှေအနီ ၁စု ရွှေ၂စု မြင်းကြိုး ကတ္တီပါတင် ရမ်းဇက်ရွှမ်း ၃ဆင့် ရွှေကြယ်တက် နှင်းနှင်းသိပ်
၆။ ကတောင်ရွှေရေး
၇။ ဇာမရီပန်းခက်ကိုက်
၈။ အနားသံ ၄ သစ်
၉။ ကရွှေဝါ ၇ ပွင့်
၁၀။ ဓားနတ်သံ ပတ္တမြားစီ ၇ တန့်
၁၁။ အိတ်သွတ်ခွေးငယ် ခွေးမ
၁၂။ ကျောက်စီဓားလိုက်အိမ်ခတ် ၎
၁၃။ ကွမ်းခွက်တကောင်းပိတ် လဘက်အိုးကတောင်ကျောက် တရစ်စီဟောပတင်တုံလုံ ရွှေချထျက်တည်ဝင်က ကမ္ပတ်သတ်အိပ်လှည့်အိပ်ဘန်
၁၄။ စည် ၃ လုံး
၁၅။ နှဲ ၎
၁၆။ ခရာ ၎

၇ နိုဝင်ဘာ ၁၆၃၇ အမိန့်တော်ပါ မိုးညင်းမြို့ စော်ဘွားဟိုခင်ဘွား ငနေတက်နံ ၁၊ အသက် ၄၅နှစ်သူနှင့် စော်ဘွားအမတ်တို့ သက္ကရာဇ် ၉၉၉ (၁၆၃၇) အရပ်ရပ် အင်းစာရင်း ရှင်းလင်းစစ်သိမ်းတော်မူရာ တင်သွင်းသည့် ရွှေတိုက်စာရင်းစာတမ်း။

စော်ဘွားတို့ ဆောင်ရိုးကား
၁။ ဆင်ပေါက် ဆင်မပေါင်း ရွှေ ၃စု အနီတစု
၂။ မြင်းကြိုး ကတ္တီပါ ရွှေကြယ်တပ်
၃။ ထီးနီ ၂
၎။ ထီးဝါ ၂
၅။ တင်ရမ်းကတ္တီပါ ၃ ဆင့်
၆။ ကတောင် ရွှေရေး စာမရီပန်းခက်ကိုက်
၇။ အနားသံ ၄ံ
၈။ နှင်း နှင်းသိပ်ရင်ပတ်ကွင်း ရွှေဇဝါခုနှစ်ပွင့်
၉။ ဓားနတ်သံပတ်ခုနှစ်တန့် ခွေသေးခွေမ ကျောက်စီဓားလိုက်အိတ်စွပ် ၂ သက္ကလပ်ကွပ်ကြပ်
၁၀။ တကောင်းပိတ်
၁၁။ လဘက်အိုး
၁၂။ ကွံးတောင် ပတ္တမြားတရစ်စီး
၁၃။ ရွှေထွေးအင်
၁၄။ ဟော်ပတင်တုံလုံရွှေချ
၁၅။ ဗတိုင်တည်ဝင် ကမ္ပတ်သတ် ( ဗဟိုရ်တည်ဝင် ကမ္ပတ်သတ် )
၁၆။ စည်ရ
၁၇။ အိပ်ဖန် ၁၀
၁၈။ ရွှေနှဲ
၁၉။ ငွေခရာ ၄ လုံး
၂၀။ လင်းကွင်း
၂၁။ ပုံသာ

ရွှေဘဝါးတော် အောက်ကန့်တော့ ရသည်မှာ (ဝါဝင် ဝါကျွတ် ကန့်တော့ရလျှင် )

၁။ မြင်း ၁ စီး
၂။ ဖဲနီ
၃။ ဖဲစိမ်း
၎။ ရေဖလား ၃ိလုပ်
၅။ ရွှေပန်းခိုင်
၆။ ငွေပန်းခိုင်
၇။ လဘက်ချောင်းရေ ၃၂ အရှည် ၇င်္ အစဉ်ကန်တော့ မြဲရှေးထုံးစံပေးသည့် စာတမ်း။

10/2/11

မောင်းမ လက်သုံးပုံ

ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့ တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့ မဟုတ်ခဲ့။ စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

အဲဒီ ကျမ်းကို " မောင်းမ လက်သုံးပုံ " လို့ ခေါ်ပါသတဲ့။ ဒေါက်သာသန်းထွန်း နယ်လှည့်ရာဇဝင် စာ၂၈၄ မယ်ပြောထားတာက မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ်တစ်ခုရှိတယ်။ လူယောက်ျား လူမိန်းမ နှစ်ယောက်တွဲသံ ဝါသပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့လူက တိတ်တဆိတ် ဓာတ်ပုံရိုက်ယူထားလို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။ အဲဒီဓာတ်ပုံကိုတော့ မြင်ဖူးချင်ပါရဲ့။ ဘယ်မိဖုရားဖြစ်တယ်ဆိုတာ နာမည်တပ်ပြီးမပြောခဲ့ပေမယ့် ထားဝယ်မှာနေသွားတဲ့ နာမည်ကြီးမင်းတုန်းမင်းရဲ့ မိဘုရားကြီးများဖြစ်မလားလို့ ခန့်မှန်းပါရဲ့။

ရှေးကမြန်မာ အမျိုးသမီးတစ်ယောက်မှာ နန်းတွင်းဝင်ပြီဆိုတာနဲ့ သင်ကြားရတဲ့ နန်းမူနန်းရာတွေထဲမှာ " လိင်မှုဆိုင်ရာပညာရပ် ' ဟာလည်းဘဲ မသင်မဖြစ်သင်ကြားရတဲ့ ပညာရပ်တစ်ခု။ ရှေးတရုတ်မှတ်တမ်းတွေမှာတော့ အတိအလင်း မှတ်တမ်းတွေကျန်ရစ်တယ်။ အိန္ဒိယ မှတ်တမ်း ပုရပိုဒ်တွေ ဆေးရေးတွေမှာလည်း မှတ်မှတ်သားသားကျန်ရစ်တယ်။ တိဘက်ဘက်က ရှေးလက်ရာတွေမှာလည်းကျန်ရစ်တယ်။ အထူးချဖြင့် ပုရပိုဒ်တွေမှာကျမ်းတစ်ဆောင်အဖြစ်နဲ့ ကျန်ရစ်တယ်။ အမှန်တော့ ဒီလို နန်းဓလေ့ထဲ လိင်မှုဆိုင်ရာတွေကို တီးတိုးသဖန်းပိုး လို့တမျိုး အတိလင်းတစ်သွယ်သင်ကြားပေးရတာဟာ အရှေ့ အနောက် ကမ္ဘာ ဘယ်နေရာမှာဖြစ်ဖြစ် ရှေးသက်ဦးဆံပိုင် ဘုရင်စနစ်ရှိခဲ့တဲ့ တိုင်းနိုင်ငံတွေမှာ လုပ်မြဲထုံးစံသာဖြစ်တယ်။ ဘာသာတရားနဲ့မဆိုင်ပါ။

မင်းတုန်းမင်းပြီးတော့ သီပေါမင်းလက်ထက် လှမ်းကြည့်ရအောင်ပါ။ ညီအမတွေကို မယား/မိဖုရားလုပ်တာလူတိုင်းသိတယ်။ စုဖုရားလတ် ချုပ်ချယ်လို့ သိပ်မရှုပ်နိုင်ရှာဘူးရယ်လို့ လူတိုင်းသိထားကြတယ်။ ဒိုင်းခင်ခင်ကတော့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်ကျန်ကျစ်တယ်။ စုဖုရားလတ် ဝေဖန်ရေးတွေထဲမှာ ဆရာကြီးမြသန်းတင့်ရဲ့ ဝေဖန်ရေးမှာတော့ စုဖုရားလတ် သီပေါနဲ့ပေါင်းဖက်တော့ ဆယ်ကျော်သက်။ ပါတော်မူတော့ ၂၀ စွန်းစွန်းရယ်။

ဒီတော့ ဒီအသက်ရွယ် ဘုရင့်မိဘုရားတစ်ပါးဆီ ဒီလိုအပြုမူတွေရှိတယ်ဆိုသာ သာမန်မိန်းမသားတွေလို ပြုမူတာဘဲဆိုပြီး ဖေးဖေးမမပြောသွားခဲ့တယ်။ လူတချို့ကတော့ စုဖုရားလတ်ဟာ တစ်လင်တစ်မယား စနစ်ကိုတည်ထောင်ဖို့ ကြိုးစားခဲ့တဲ့ နေဝင်ချိန်မိဖုရားတစ်ပါးအဖြစ် ခေါ်ဆိုတတ်ပါသေးတယ်။ ထားပါတော့။

သီပေါမင်းခေတ် ဝက်မစွတ်ဝန်ထောက် သိမ်းထားတဲ့ ပုရပိုဒ်တွေထဲမှာ ဘုရင်အလိုရှိတိုင်း ကာမဂုံဖြည့်ပေးရတဲ့ အမျိုးသမီးစာရင်း ကျန်ရစ်တယ်။ အဲဒီစာရင်းကို ပြုစုပေးရတဲ့သူက ရေနံသာစားဖြစ်တယ်။ ရှင်းရှင်းပြောတော့ ဘုရင်လုပ်သူက အဟမ်း အဟမ်း ဆိုရင် ရေနံသာစားက စားရင်းထဲကအတိုင်း နီးစပ်ရာ အမျိုးသမီးပြေးခေါ်ပေးရဟန်တူပါတယ်။ စာရင်းကို ကြည့်ရအောင်ပါ။

" ကာမဂုံ အခွင့်ရလျှင် အခါမရွေး ( x ) လိုကြောင်း ရေနံသာ ရေတွက်သည့်စာရင်း "

သမီးပျို စာရင်းဖြစ်ပြီး စုစုပေါင်း ၁၆ ယောက်။
၁။ အစ်မတော်ဘုရား ( ချွန်းတောင်း / မိုင်းခိုင်မင်းသမီး )
၂။ ပြင်စည်မင်းသမီး (မကွေး မိဖုရားသမီး )
၃။ မိုးမိတ်မင်းသမီး (စာပွဲတောင်းမိဖုရားသမီး )
၎။ လှိုင်ကျွန်းသမီးကြီး (တောင်တွင်း/မင်းကတော်သမီး)
၅။ ငန်စွန် (မိဖုရား)သမီး ထရန်ကာ (မင်းသမီး)
၆။ ကြေးမြှင့် မိဖုရား
၇။ ပင်းအတွင်းဝန် သမီး
၈။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအကြီး
၉။ မိုင်ခိုင် ( မြို့စားခင်မမင်းဝန်) မင်းသမီးအငယ်
၁၀။ ညောင်ဝန် သမီး
၁၁။ ဥယာဉ်အုပ် သမီး
၁၂။ တရားမ အရေးပိုင်သမီး
၁၃။ စာရေးကြီး ငအုံ သမီးအကြီး
၁၄။ ကုလားဝန် သမီးအကြီး
၁၅။ သီပေါဝန် သမီး
၁၆။ ပင်သာ သမီး

သူတပါး မယား တွေလည်းပါတယ်။ စာရင်းကြည့်ပါ
၁။ တောင်ခွင်မင်းကြီး ကတော်
၂။ ပင်သာ (မင်းသား) မယား
၃။ စာရေးကြီး ဦးဘိုးရှုတ် မယား
၎။ ရေနံချောင်းမင်းကြီး မယား သီလ
၅။ အမြောံဝန် မယား
၆။ ကွပ်ရွာဝန်ထောံ မယား
၇။ ခန်ပတ်ဝန်ကြီး မယား
၈။ ရှေ့ဝင်းမှူး မယား
စုစုပေါင်း သူတပါး မယား ၈ ယောက်ရှိတယ်။

သူတပါး တူမ နှင့် အခြား သမီးလား မယားလားမသိတဲ့ စာရင်းက
၁။ ပင်းကလဲဝန်ထောံ တူမ
၂။ ကုလားမ ဘီဘီ
၃။ ပြင်စည်
၎။ ကျောံပန်းတောင်း
စုစုပေါင်း ၄ ယောက်။ သီပေါမင်းခေတ်မှာ အဖြူမ ကိုယ်လုပ်တော်တွေလည်းရှိတယ်။ သူတို့တွေဟာ သက်ဆိုင်ရာနယ်ချဲ့လိုတဲ့အစိုးရကစေလွတ်တဲ့ လခစားကြေးစား မိန်မပျက် တစ်ဖြစ်လဲ သူလျှိုတွေပေါ့။ နာမည်ကြီးကိုယ်လုပ်တော်ကတော့ ယွန်းခင်ခင် (The Lacquer Lady)ပေါ့။

ဒီစာရင်းဟာ သီပေါမင်းရဲ့ မယားစာရင်းဆိုသေချာစေတာက လူအမည်တွေနှင့် အမိန့်တော်ထုတ်တဲ့နေ့ ( မှတ်တမ်းတင်တဲ့နေ့ ) ဟာ မြန်မာလို ၁၂၄၆-၁၂၄၇ ခု ( ၁၈၈၄-၅ ) ဖြစ်တာကြောင့်ပါတဲ့။

အထူးမှတ်သားရမှာက ရှင်ဘုရင့်အလိုရှိတိုင်း လာရောက်ပြီး ကာမဂုံ ဆက်ရမယ့်စာရင်းထဲမှာ သူတပါးမယားတွေပါနေတာပါဘဲ။ ဘာသာတရားအဆုံးမနှင့် သီလတရား ကျင့်ဝတ်တွေရှိစေကာမူ ဘုရင်တွေအတွက် အကျုံးမဝင်တာ သတိထားမိပါတယ်။ ဘုရင်ဆိုတာ ကာမေသု သီလစောင့်စရာမလိုတဲ့သဘောပေါ့။ မင်းကျင့်တရားဆယ်ပါးတော့ မပြောတော့ပါဘူး။