5/24/11

သမိုင်းထဲက လောကီပညာ

သမိုင်းထဲက လောကီပညာ

ဒေါက်တာသန်းထွန်းက " မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ " စာတမ်းငယ်ကိုပြုစုရေးသားတဲ့အခါ ဗဒုံမင်းလက်ထက်ကို အထူးကိုးကားခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ မြန်မာတွေရဲ့ အခေါင်အထွတ် ကို ရောက်တဲ့အချိန်ဖြစ်လို့ပါတဲ့။

မြန်မာ့သမိုင်းတစ်လျှောက်မှာ မြန်မာတွေ လောကီပညာကို ဘယ်လောက် အားကိုးတယ်ဆိုတာ ဖော်ပြလိုတဲ့ရည်ရွယ်ပြီး ရေးသားတင်ပြသွားတယ်ဆိုပေမယ့် ပဒုံမင်းလက်ထက် ခေတ်တစ်ခေတ်တည်းကိုသာပြောသွားတယ်။ ဒီတော့ ကျန်တဲ့ခေတ်ကာလတွေအတွက် မင်းတို့လူငယ်တွေဆက်လုပ်ကြဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ ဒီအလုပ်ဆက်လုပ်ဖို့ဟာ အပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့ အချက်လက်ရှာရတာခက်ခဲပြီး အင်မတန် ဝိရောဓိဖြစ်စေနိုင်တဲ့ အလုပ်ဖြစ်နေပါတယ်။

မြန်မာတွေအတွက် လောကီပညာဟာ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ၊ အတိတ်၊ နိမိတ် ၊ တဘောင်၊ စနည်း ၊ ဘဝေါ ဆိုပြီးရှိပါတယ်။ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ စတာတွေကို ပထမအုပ်စု ၊ ဗေဒင် ယတြာကို ဒုတိယအုပ်စု ၊ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ စတာတွေကို တတိယအုပ်စုဆိုပြီးအုပ်စု သုံးစုခွဲလို့ရမယ်ထင်ပါတယ်။ လူပြောသူပြောသိပ်များတဲ့ ဆေးမင်ကြောင်ဟာ ပထမအုပ်စုထဲကဖြစ်ပြီး ၊ ဥစ္စာပစ္စည်း ဘယ်မှာမြုပ်ထားတယ်ဆိုတာကိုညွန်းတဲ့ သိုက်စာကို ဒုတိယအုပ်စုထဲထည့်ပါမယ်။

လောကီပညာကို မှော်ပညာလို့ခေါ်ပြီး သိုးဆောင်းဘာသာစကားနဲ့ပြောတော့ Magic ။ ဖရေဇာ (J.G Frazer) ကဖြင့် လောကီပညာဆိုတာ တူရာတူကြောင်းဖြစ်တယ် (Homeopathic Magic) နဲ့ ထိထားလို့အကျိုးတူကူးစက်တယ် ( Contagious Magic ) ဆိုပြီးအခြေခံ နှစ်မျိုးရှိတယ်လို့ဆိုပါတယ်။ ဒါကိုအလွယ်ပြောတဲ့အခါ ဖြစ်ချင်တာကို အတုလုပ်ခြင်း (Imitation) နဲ့ အစွမ်းထက်မြက်တဲ့ပစ္စည်းကို ထိကိုင်ထားလို့ ကိုယ့်မှာလည်း အစွမ်းတိုးတက်လာခြင်း(Contagion) ဆိုပြီးပြောရပါမယ်။

လောကီပညာ မှော်ပညာဆိုတာ ယုံကြည်မှုကိုအခြေခံကာ ဖြစ်တည်လာခြင်းဖြစ်ပြီး သမိုင်းမတင်မှီခေတ်ကာလကတည်းကရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ လွန်ခဲ့တဲ့အနှစ်တစ်သောင်းကျော်ကဖြစ်တဲ့ ပြဒါးလင်းဂူ ( ပဒတ်လိုဏ်ဂူ ) နံရံပေါ်မှာရေးခဲ့တဲ့ အရုပ်တွေထဲက သမင်ရုပ် ၊ နွားရုပ် နှင့် မှော်ဆရာရုပ်တွေဟာ သာမန်ရိုးရိုး အရုပ်တွေမဟုတ်ပါ။

မှော်ဆရာက ရွတ်ဖတ်ပြီး အရုပ်ကိုလှံနဲ့ထိုးကြရင် နောက်တစ်နေ့ အမဲလိုက်တဲ့အခါ သားကောင်တွေရမယ်လို့ ယုံကြည်ချက်မှုနဲ့ ဂူနံရံမှာရေးဆွဲခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဟာ အတူကိုအတုလုပ်တဲ့ (Sympathetic Magic) မှော်အတတ်လို့ ထင်မြင်ချက် ပေးထားပါတယ်။ အဲဒိ လောကီပညာဆိုင်ရာ ယုံကြည်မှုဟာ ယနေ့ခေတ်သစ်မြန်မာ့ယဉ်ကျေးမှုမှာတောင် ရှိနေပါသေးတယ်။ ဥပမာပြောရရင် " ကြွေးတင် ရှင်ဘုရင်ဆပ် " စကားနဲ့အတူ အိမ်မှာ ဘုရင်နဲ့ မိဘုရားပုံ ချိပ်ဆွဲထားတက်သလိုမျိုးပါ။

ပညာရှင်တချို့က မြန်မာ့လော့ကီပညာဟာ သရေခေတ္တရာ ခေတ် လောက်ကတည်းက စတယ်လို့ဆိုပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ မြန်မာ့သမိုင်းပုံစာအုပ်ထဲက " ပျူ " စာတမ်းငယ်ထဲမှာတော့ ပျူတွေဟာ သူတစ်ပါးအသက်မသတ်လိုလို့ ပိုးထည်မဝတ် ၊ သို့သော် ဗေဒင်မေးဝါသနာပါတယ် လို့ဆိုထားပါတယ်။ ကိုးကားစရာအထောက်ထား နည်းပါးလွန်းတဲ့အတွက် သရေခေတ္တရာ ပျူခေတ် ကတည်းက မြန်မာ့လော့ကီပညာဟာ စနေပြီလို့ပြောရင် သိပ်ရဲတင်းလွန်းရာကျပါမယ်။

ပညာရှင်တချို့ကဆိုတယ်။ လောကီပညာရပ်တွေဖြစ်တဲ့ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ၊ ဆေးမင်ကြောင် ပညာတွေဟာ ပုဂံခေတ်အစောပိုင်းမှာ ဆိုးသွမ်းတယ်လို့အဆိုရှိတဲ့ အရည်းကြီးတွေရဲ့ပညာရပ်ဖြစ်ပါတယ်တဲ့။ အရည်းဆိုတာ ရဟန်းကိုခေါ်တာဖြစ်ပြီး မြေဝယ်တဲ့အခါ သေပွဲကျင်းပပြီး ကိစ္စဖြတ်လေ့ရှိတယ်ဆိုတာလောက်သာ ကျောက်စာတွေမှာတွေ့ရတယ်။ ဒီတော့ ရဟန်းတွေဟာ သေရည်သောက်တယ်ဆိုတဲ့အချက်ကိုသာ လက်ခံစရာရှိတယ်။ လူတချို့ဆိုသလို မိုက်ရမ်းဆိုးသွမ်းတဲ့အပြုမှုမျိုးရှိတယ်ဆိုတဲ့ မှတ်တမ်းမျိုးမတွေ့ရှိသေးပါ။

ကျောက်စာထဲမှာလည်းတွေ့ရပြီး ဖြစ်နိုင်တာကို ခန့်မှန်း ( Studies Guess )ပြောရရင် မြန်မာတွေရဲ့ ပထမရွှေခေတ် ပုဂံ ၁၁ ရာစုလောက်မှာတော့ လောကီပညာ အားကောင်းစပြုနေပါပြီ။ ပုဂံဟာ စီးပွါးရေး ၊ နိုင်ငံရေးအင်အားတောင့်တင်းလာတဲ့အတွက် မိမိတို့ကောင်းမှုကုသိုလ် ဘုရားပုထိုးတည်ရာမှာလည်းကောင်း ဗိသုကာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ လယ်ယာလုပ်ငန်း၊ လက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ အန္ဒိယသား လုပ်သားတွေတင်သွင်းနေရပါပြီ။

အခါပေး ပုဏ္ဏား ဟူးရားတွေဟာ ဘုရင့်နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ အဓိက ဦးစာပေး ပညာရှင်တွေ ဖြစ်နေပါပြီ။ တနည်းပြောတော့ သူတို့ဟာအဆင့်မြင့် လောကီပညာရှင်တွေပါပဲ။ သူတို့နှင့်အတူတပါတည်း တင်သွင်းမိရက်သားဖြစ်နေတာက ဟိန္ဒုအယူဝါဒ နဲ့ လောကီပညာ ဆိုင်အတတ်ပညာတွေပါဘဲ။ အတွင်း အပြင်မှာရှိတဲ့ အနုပညာလက်ရာတွေကိုကြည့်ပြီးနောက်မှာတော့ ယခုအခေါ် နန်းဘုရား ၊ စေတနာကြီးဘုရားတို့ဟာ ပုဂံခေတ် အန္ဒိယသားတို့ ဝတ်ပြုကိုးကွယ်ရာ ဟိန္ဒုနတ်ဘုရားကျောင်းတွေဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါးရှိပါတယ်။

ရာဇဝင်စာအုပ်တွေထဲမှာတော့ မနုဟာဘုရင် ဟာ ဗျတ်ဝိကိုသတ်ပြီ မြို့ရိုးပေါ်မှာ မြှုပ်တယ်။ သထုံမြို့ကိုပတ်ပြီး သွေးစက်တွေကိုချတဲ့အခါ အစိမ်းသရဲအဖြစ်နဲ့ မြို့ကို စောင့်ရှောက်ရတယ် လို့ ဆိုတယ်။အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) (၁၀၄၄- ၁၀၇၇ ) သထုံကိုသွားတိုက်တဲ့အခါ အခိုင်မာခုခံသည်ကတစ်ကြောင်း မြို့ရိုးပေါ်မှာ မြှုပ်ထားတဲ့ အစိမ်းသေသရဲ ဗျတ်ဝိကခုခံတဲ့အခါ အလွယ်တကူတိုက်၍မရ လို့ဆိုပါတယ်။

မနုကျယ် ဓမ္မသတ် မြီးခန်းမှာတော့ မြို့စတေးခံရမယ့် လူဆီက ကြွေးမတောင်းရလို့ပါပြီးဖြစ်နေပါတယ်။ ဟုတ်မဟုတ်သေချာမပြောနိုင်ပေမယ့် မြို့ရိုး၊ ကျုံး ၊ နန်းတော်တည်ဆောက်တဲ့အခါ လူသတ်ပြီးစတေးတယ်ဆိုတာတော့ လူပြောသူပြောများတဲ့ လောကီပညာရပ် တစ်ခုအပါဝင် ဖြစ်နေပါတယ်။

ထီးလှိုင်မင်း ( ၁၀၈၄- ၁၁၁၃) (အများအခေါ် ကျန်စစ်သား) နန်းတက်ပြီး တစ်ဆယ့်ခုနှစ် နှစ်အကြာမှာ နန်းတော်သစ်တည်ဆောက်ပါတယ်။ နန်းတော်တည်ဆောက်ပုံအသေးစိတ်ကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့ပြီး ယခု" ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ " လို့ခေါ်ပါတယ်။

အဲဒိနန်းတည်ကျောက်စာဟာ ဗိသုကာပညာ ပန္နနက်တည်ဆောက်ပုံ စတာတွေထက် နေ့စဉ်စီမံတဲ့ အန္တရာယ်ကင်း လောကီအစီရင်တွေကိုသာ အသေးစိတ်မှတ်တမ်းတင်ထားခဲ့တာများပါတယ်။ ဒါဟာ ပုဂံခေတ်ဦးပိုင်းလောကီပညာအကြောင်းမှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော အခိုင်မာဆုံး မှတ်တမ်းကျောက်စာဖြစ်ပါတယ်။

၎ နိုဝင်ဘာ ၁၁၀၁ မှ ၉ မေ ၁၁၀၂ အထိ နန်းတော်တည်ဆောက်ချိန် ၆ လကြာတယ်။ တည်ဆောက်ချိန်ခြောက်လဆိုပေမယ့် တည်ဆောက်မှုမှာ ပါဝင်သူတွေအားလုံးဟာ နေ့စဉ်ရက်ဆက်လုပ်ငန်းခွင်ဝင်ရတာမျိုးမဟုတ်ပါ။ လောကီပညာရှင် ဗေဒင်ပညာရှင် ပုဏ္ဏား ဟူးရားတွေရဲ့ တွက်ချက်မှုအရ အခါတော်ပေးတဲ့နေ့ရက်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ရပါတယ်။ တည်ဆောက်ပုံအစ အဆုံးအသေးစိတ်ကို ဒေါက်တာသန်းထွန်းရဲ့ ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာစာတမ်းမှာဖတ်ပါ။ ဒီနေရာမှာတော့ စိတ်ဝင်စားစရာ လောကီအစီရင်တချို့ကိုသာရည်ညွန်းသွားပါမယ်။

၎ နိုဝင်ဘာ ၁၀၁၁ ။ ။ တည်ဆောက်မှုမှာပါဝင်တဲ့ သံပျင်ကြီး၊ သံပျင်ငယ်၊ ကလန် ၊ သူကြီး ၊ ယင်သင် ၊ ပုဏ္ဏား ၊ ဟူးရား ၊ ဗိသုကာ နဲ့ ဝေါထမ်းပုဏ္ဏား များ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ရတယ်။ မွန်လူမျိုး ၁၂၆ ယောက် ၊ မြေကာလသားအိုး ၁၂၀ ။ ဗိဿနိုး နတ်မင်းကိုပူဇော်။ ကောင်းမြတ်တဲ့အချိန်ကြရောက်ပြီလို့ စည်တီး။ နေ့သုံးဗဟိုရ် မှာတစ်ဆယ့်ခုနှစ်ဌာနတွေမှာရေဆေး။

၅ နိုဝင်ဘာ ၁၀၁၁ ။ ။ ရေဆေး ရေပက်တစ်ကြိမ်ထပ်ပြီးလုပ်။

၆ နိုဝင်ဘာ ၁၀၁၁ - ၂၄ ဇန်နဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဇန်နဝါရီ ၁၁၀၂ ။ ။ နောက်ထပ်တစ်ကြိမ် ရေဆေး ရေပက်လုပ်။

၂၆ ဇန်နဝါရီ ၁၁၀၂ - ၂၂ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၃ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ဝေါထမ်းပုဏ္ဏားများ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ပြီးရေခတ်ဆင်း။ ပန္နက်ရိုက် ရွှေကြိုးတား။

၂၄ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ တစ်ဗဟိုလ် တစ်နာရီ (စက်နာရီ ၉ နာရီ ၂၄ မိနစ်) မှာ အပြင်နက္ခတ်ကိုကြည့်ပြီး အတိတ်ကောင်း နိမိတ်ကောင်းဖတ်၊ စာနဲ့ရေး။ ရဟန်းတွေ ပရိတ်ရွတ်။

၂၅-၂၇ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၈ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ရွှေကာလသားအိုး ၈လုံး၊ ငွေကာလသားအိုး ၈လုံး၊ ကြေးကာလသားအိုး ၁၀၈လုံး။ ဓားလွယ်ကိုင်ထားတဲ့ မြန်မာနဲ့ အိုးကိုပွေ့ကိုင်မယ့်လူတွေက ပုဆိုးဖြူဝတ်ပြီး၊ ပေါင်းဖြူဆောင်း။

၁ မတ် ၁၁၀၂ ။ ။ နံနက် ၁၁နာရီ ၁၆ မိနစ်မှာ မဟာထေရ ၊ ရှင်အရဟံနဲ့ ပရိတ်ရွတ်သံဃာ ၈၁၀၈ပါးပရိတ်ရွတ် ၊ ခေါင်းဆောင် မဟာထေရှိပါးအတွက် ဖျာရှစ်ချပ်၊ ပန်းရေးပုဆိုး ၈ ထည်။ တူရွင်း ၈ ချောင်း။ ကာလသားအိုး ၁၀၈ လုံး။ ခရုသင်း ၁၀၈ခု။ ဖျာ ၁၀၈ ချပ်။ ပန်းရေးပုဆိုး ၁၀၈ထည်။ တူရွင်း ၁၀၈ ချောင်း။

၂ မတ် ၁၁၀၂ ။ ။ တနင်္ဂနွေနေ့ တစ်ဗဟိုရ်(နံနက် စက်နာရီ ၉နာရီတိတိ) ဥသျှစ်ရွက်နီဏ္ဍာန် ရွှေပြားခတ်တဲ့ အဆင်းတန်ဆာဝတ် ပုဏ္ဏားသမီးပျိုတွေက ချည်မျှင်ကိုယူပြီး ၊ သံဗျင်ပြဇျာ လင်္ကာရကတန်းထိုးပြီး ပန္နက်တိုင်တွေမှာရစ်ပတ်။

၃ မတ် ၁၁၀၂။ ။ကြေးကာလသားအိုး ၃၃ လုံး၊ ဖျာ ၃၇ ချပ်၊ ငှက်ပျောပွဲ ၃၇၊ ကာလသာရေအိုး ၁၄၈ လုံး၊ ရွှေပန်း ၃၇ ကုံး၊ ဆီမီး ဒေါင်းလန်း ၃၇ခု၊ သံဘုတ်ဒေါင်းလန်း ၃၇ ၊ နေစာမြက်ထည့် ခရုသင်း ၃၇ လုံး။

၎ - ၆ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ မတ် ၁၁၀၂ ။ ။ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံ ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်း။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်း။

၈ မတ် ၁၁၀၂ ။ ။ စနေနေ့ သုံးဗဟိုရ် ( စက်နာရီ ညနေသုံးညာရီ ) သံဗျင် ကကာင်္သူရ် ၊ သံဗျင် ရာဇိသူရ်၊ သံဗျင် ရိပုသဒ္ဒနော၊ သံဗျင် မဟာဆတ္တိ၊ သံဗျင် သံဗျင်ပြဇျာ လင်္ကာရ ၊ ပုဏ္ဏား ဟူးရားတို့က နန်းရင်ပြင်လေးဘဲအစပ်မှာ နိဓိ(ရတနာအိုး) ကိုပုဆိုးဖြူထုပ်ပြီးမြှုပ်။

၉-၁၁ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၂ မတ် ၁၁၀၂ ။ ။ ပြာသာဒ်ကြီးကြငှန်းတိုင် တွင်းတူး။ ခပြင်ဆင်ကပ်တိုင် လေးတိုင်စိုက်။ ၃ ဗဟိုရ် ၂ နာရီ (စက်နာရီ ညနေ ၅ နာရီ) မှာထောင့်တိုင်တွေစိုက်ထူ။

၁၃ မတ် ၁၁၀၂ ။ ။ သောကြာနေ့ နံနက်စောစော ၅ နာရီ ( စက်နာရီ ၇ နာရီ ) လှေကားလေးဖက်တပ်ဆင်။ အရပ် ဆယ်မျက်နှာကို ရှစ်ခိုး။

၁၄ မတ် - ၆ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ ဧပြီ ၁၁၀၂ ။ ။ တနင်္လာနေ့ လေးဌာနဘေးတိုင်တွေကို ထွင်းဖောက်။

၈ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၉ ဧပြီ ၁၁၀၂ ။ ။ ဗုဒ္ဓဟူးနေ့ သီဟန ပလ္လင်ထားဖို့ရာ ပြသာဒ်ကြီး လေးမျက်နှာ လှေကားတပ်ဆင်။

၁၁ ဧပြီ ၁၁၀၂ ။ ။ လှေကားတပ်ဆင်ပြီး။

၁၂-၁၅ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၆ ဧပြီ ၁၁၀၂ ။ ။ ဗလိနတ်စာကျွေး ၊ ဗိဿနိုးနတ်မင်းပူဇော်။

၁၇-၂၄ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဧပြီ ၁၁၀၂ ။ ။ သောကြာနေ့ တိုင်ဖို ၊ တိုင်မအားလုံးစိုက်ထူပြီး။

၂၆ ဧပြီ - ၅ မေ ၁၁၀၂ ။ ။ ပူဇော်ပွဲထပ်လုပ်။

၉ မေ -၁၁၀၂ ။ ။ ဗိဿနိုးနတ် ပူဇော်။ သီဟန ပလ္လင်အချောသတ် ပြီးစီး၊ ရွှနန်းတော်တည်ဆောက်မှုအပြီးသတ်။

အထက်ဖော်ပြပါအချက်တွေဟာ နန်းတော်တည်ဆောက်မှုလုပ်ငန်းတွေထဲကမှ စိတ်ဝင်စားစရာတချို့ ဖြစ်ပါတယ်။ နန်းတည်ကျောက်စာအရ နန်းတော်တည်ဆောက်မှုဖြစ်စဉ်တစ်ခုလုံးကို လေ့လာတဲ့အခါ လောကီအစီရင်တွေကသာလွမ်းမိုးထားတာတွေ့ရပါတယ်။

ထီးလှိုင်မင်းဟာ ပိဋကတ် သုံးပုံအလှူရှင် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ရှင်အရဟံလို ဆရာကောင်း မျိုးအနားမှာရှိနေပါလျှက် နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ လောကီအစီရင်တွေကို ပိုပိုသာသာ ဦးစားပေးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

၇ မတ် ၁၁၀၂ မှာတော့ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံတယ် ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်းပြီးမြှုပ်ပြန်တယ်။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်းထားတယ်။ အလွယ်ပြောတော့ ဒါဟာ နန်းတော်သစ်တည်ဆောက်ရာမှာ " အင်း " ချ တာဖြစ်ပါတယ်။

လူပြောသူပြောများလှတဲ့ လူသတ်ပြီးစတေးတာမျိုးတော့ မတွေ့ရပါ။ သို့ပေမယ့် မြန်မာ့သမိုင်းမှာ ဒီမင်းဟာ နန်းတော်သစ်တည်ဆောက်ရာမှာ လောကီပညာတွေကို ဦးစားပေးဆောင်ရွက်စေတဲ့ ပထမဦးဆုံး မင်းအဖြစ်မှတ်တမ်းဝင်ပါတယ်။

ဆက်ရန်........................

5/20/11

အိုးဖုံး ပေါ်ရေးထားတဲ့ တရုတ်စာ




ဒီအိုး ဖုံးပေါ်ရေးထားတဲ့ တရုတ်စာကိုဖတ်ပြီး ဘာသာပြန်ပေးလို့ရမလားခင်ဗျာ။ တရုတ် သင်္ချိုင်းအုတ်ဂူတစ်ခုကိုပေါ်စဉ်က အရိုးအိုးလို အိုးတစ်ခုရဲ့အဖုံးပါတဲ့။ အိုးကတော့ ရောင်းလိုက်ပြီတဲ့။ ရန်ကုန်ရှေးဟောင်းပစ္စည်းဆိုင်မှာတွေ့လို့ရိုက်လာတာ။ ရေးထားတဲ့စာက တရုတ်ရှေးဟောင်းစာမဟုတ်ပါ။ ဒါပေသိ အလွန်ဆုံး ရှိလှမှ အမရပူရခေတ် ၁၉ရာစုပေါ့။ ဒီထက်အများကြီး နောက်ကျတာမျိုးလည်းဖြစ်နိုင်တယ်။ သိပ်မဟောင်းသေးဘူးထင်တာဘဲ။ ရေးထားတဲ့စာ ရဲ့ အဓိပ္ပာယ်ကိုသိရင်တော့ အဖြေထွက်လောက်တယ်။

5/17/11

၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ပုရပိုဒ်



အမေရိကန်နိုင်ငံ Northern Illinois University မှာရှိတဲ့ Southeast Asia Digital Library မှာသိမ်းထားတဲ့ အင်းကွက်တွေပါတဲ့ ပုရပိုဒ်စာဖြစ်ပါတယ်။ ခေါက်ချိုးပေါင်း ၁၃ ချိုးရှိပြီး ခုမြင်နေရတာကတော့ ခေါက်ချိုး နှစ်ခုရဲ့ မျက်နှာပြင်သာဖြစ်ပါတယ်။ ဒီပုရပိုဒ်ရဲ့ သက်တမ်းကိုတွက်ချက်ရာမှာ ၁၈၅၀ ဝန်းကျင်ဖြစ်တယ်လို့ အဖြေရတဲ့အတွက် နှစ်ပေါင်း ၁၆၁ နှစ်ရှိပြီဖြစ်တဲ့ ရှေးပစ္စည်းဖြစ်နေပါတယ်။ ပုရပိုဒ်ပေါ်မှာရေးထားတဲ့ အင်းကွက်တွေနှင့် စမတွေကို လေ့လာဖို့လိုပါသေးတယ်။ ၁၈၅၀ ဝန်းကျင်လို့ပြောထားပေမယ့် ရေးထားတဲ့ စာလုံးအသုံးနှုန်း၊ အရစ်အဆွဲ နှင့် မင်နီရောင်သုံးထားတာက သတိထားချင်စရာဖြစ်နေတယ်။ ကျနော့အထင် ၁၉၅၀ ဆိုရင်တော့ ဖြစ်နိုင်ကောင်းတယ်။ ခုလောလောဆယ်တော့ ဘာမှမပြောလိုသေးပါ။


Subject - Parabaik
Materials - Paper
Place of Origin - Burma
Current Location - Northern Illinois University Libraries, Special Collections
Date - 1850
Measurements - 17 x 46 cm
Technique - Manuscript

4/19/11

မန္တလေး နန်းတွင်းကျောက်စာရုံ

လမ်းပေါ်ကနေ လှမ်းကြည့်ရင်မြင်နေရတဲ့ ကျောက်စာရုံ


မန္တလေးရောက်တဲ့အခါ လူတိုင်းနီးပါးက စာထဲမှာသာဖတ်ဖူးတဲ့ ရှေးက နန်းတော်ကြီးကို တအံ့တဩကြည့်ကြသည်ပေါ့။ မင်းတုန်းမင်းကို သတိရရင်ရမယ်၊ သီပေါမင်းကို သတိရချင်ရမယ်။ ဘာဘဲဖြစ်ဖြစ် တွေးလို့ ငေးလို့ကောင်းတဲ့ အတိတ်ကို အောင့်မေ့ကြသည်ပေါ့။ မန္တလေး နန်းတော်ကြီးနှင့် မန္တလေးအကြောင်းရေးထားတဲ့ စာတွေ၊ကဗျာတွေကလည်း များမှများ။ ရှေးကမြို့တွေမှာ မြို့တည် ၊ နန်းတည် ကဗျာ ၊ ရတုတွေရှိပေမယ့် မန္တလေးဟာ စာအတင်ခံရဆုံး ၊ အရေးအများဆုံးပါ။


ဒေါက်တာသန်းထွန်းက မန္တလေး ရက်စွဲသမိုင်း ကိုပြုစုတဲ့အခါ ' မဟုတ်က ဟုတ်ကတွေရေးရင် သတ်ပစ်မယ် ' ဆိုပြီး ခြိမ်းခြောက်စာပို့သတဲ့။ အဲလောက် သဲသဲလှုပ်မန္တလေးကိုချစ်ကြတာ။ မန်းလေးကိုဒီလောက်အသားပေးလွန်းတော့ ကပ်ရက် မင်းနေပြည်တော်တွေဖြစ်တဲ့ အမရပူရ ၊ အင်းဝ ၊ စစ်ကိုင်း စတဲ့နေရာတွေက သမိုင်းဝင်အဆောက်ဦးတွေ တဖြည်းဖြည်းမှေးမှိန်လာတယ်လို့ဆိုချင်ပါတယ်။


မန္တလေးရောက်တဲ့အခါ နန်းတော်ထဲသွားလည်ပြီး တောင်ကြည့် မြောက်ကြည့်လုပ်လေ့ရှိပေမယ့် ၊ နန်းတော်ရှေ့ လမ်းမကြီးဘေးတင်ကပ်ရက်မှာရှိတဲ့ ကျောက်စာရုံထဲကိုတော့ စိတ်ဝင်တစားသွားကြည့်တဲ့လူ ရှိချင်မှရှိမယ်။ မရှိဘူးလို့ပြောတာမဟုတ်ပါ။ ဘိုးတော်ဗဒုံမင်း လက်ထက် အနယ်နယ်အရပ်ရပ်က ယူလာတဲ့ မူရင်းကျောက်စာတွေရယ်၊ ဆင့်ထိုးကျောက်စာတွေရယ်၊ စပ်ထိုးကျောက်စာတွေရယ် စုစည်းထားတဲ့ နေရာလေးပါ။ ကျောက်စာရုံနှစ်ရုံရှိတယ်။ ကျောက်စာရုံထဲအမြဲလာတာ ဘယ်သူကမွေးထားမှန်းမသိဘဲ လွှတ်ကြောင်းထားတဲ့ နွားရယ် ၊ အဲနားက ကလေးတချို့ရယ်။ နွားကတော့ ကျောက်စာရုံဝင်းထဲ မြက်ပင်တွေဝင်စားတယ် ၊ စာလို့ဝရင် လျှောက်လမ်းပေါ် အစာစွန့်တယ်။ ကလေးတွေကတော့ အပျင်းပြေဝင်ဆော့ကြတယ်။



ကျောက်စာရုံအတွင်းပိုင်း မြင်ကွင်း


ဘေးကပ်ရက်က နောက်ထပ်ကျောက်စာရုံသို့


ကျောက်စာရုံ နောက်တစ်ရုံ


ကလေးတွေ လက်ဆော့သွားတာ။

အလကားနေရင်း လူကြီးတွေ လက်ဆော့သွားတာ။


စစ်အတွင်းက ဗုံးဒါဏ်ကြောင့် ပျက်စီးသွားတာကို နားလည်ပြီးဖြေလို့ရတယ်။




ဒီဘက်အစိုးရလက်ထက်ရောက်မှ ဘာအကြောင်းပြချက်မှ မရှိဘဲ ပျောက်ပျက်သွားသည်ဆိုတာကိုတော့ လုံးဝနားမလည်ပါခင်ဗျာ။ ရှေးဟောင်းသုတေသနဌာန နှင့် လူတွေ အသုံးမကျလို့ ပျောက်ပျက်သည်လို့ ပြောင်းရေးရင်ကောင်းမယ်။




ဒီကျောက်စာကို တမင်မြောင်းဖုံးလုပ်လိုက်လား ဒါမှမဟုတ် သူ့ဖာသာသူလဲသွားလားမပြောတတ်ပါ။ ကျနော်မ-ကြည့်ပေမယ့် သိပ်လေးတော့ မ-မရဘူး။ ပြန်မယ့်နေ့ ညနေဘက်ကြီးသွားဖြစ်တာဆိုတော့ အချိန်မရပါ။ ဒီကပြီးရင် ကားပေါ်မတက်ခင် ဘုရားကြီးအနောက်မုဒ်က နံရံဆေးရေးတွေဓာတ်ပုံရိုက်ဖို့ကျန်သေးလို့ အမြန်ပြေးရသေးတယ်။ မန္တလေးကိုချစ်တဲ့လူတွေ လုပ်ပေးနိုင်ရင်သိပ်ကောင်းမယ်။ ကျောက်စာကမြောင်းဖုံးလို ဖြစ်နေတော့ ဝင်ဆော့တဲ့ကလေးတွေက တက်တက် နင်းပြီးဆော့တာဆိုတော့ ကြာရင်ပျက်စီးသွားမှာဘဲ။

4/18/11

မြန်မာပြည်ရှိ ပြတိုက်များစာရင်း

အမည်မဖော်လိုသူတစ်ဦးပေးသွားတဲ့ မှတ်ချက်အပေါ်မူတည်ပြီး မြန်မာပြည်မှာရှိတဲ့ ပြတိုက်စာရင်းကို ကြိုးစားလုပ်ကြည့်ပါတယ်။

အက္ခရာစဉ်အလိုက်
၁။ ကျိုင်းတုံ ယဉ်ကျေးမှုပြတိုက
်၂။ ကျောက်တော် မဟာမုနိပြတိုက်
၃။ စလေရုပ်စုံကျောင်း ပြတိုက်
၎။ စစ်တွေ ဗုဒ္ဓပြတိုက
်၅။ စစ်တွေ ယဉ်ကျေးမှုပြတိုက်
၆။ စစ်ကိုင်း ဗုဒ္ဓပြတိုက်
၇။ ညောင်ရွှေ ဗုဒ္ဓပြတိုက်
၈။ တကောင်း ရှေးဟောင်း သုတေသနပြတိုက
်၉။ တောင်ကြီး ယဉ်ကျေးမှု ပြတိုက်
၁၀။ ပခန်း ရှေးဟောင်း သုတေသနပြတိုက်
၁၁။ ပုဂံရှေးဟောင်း သုတေသနပြတိုက်
၁၂။ ပုသိမ် ယဉ်ကျေးမှုပြတိုက်
၁၃။ ပဲခူး ရွှေမော်ဓောဘုရားပြတိုက်
၁၄။ ပဲခူး ရှေးဟောင် သုတေသနပြတိုက် ( အမြဲတမ်း တံခါးပိတ်ထားပါသည် )
၁၅။ ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်၁၆။ ဘုတလင် ဗုဒ္ဓပြတိုက်
၁၇။ မန္တလေး ယဉ်ကျေးမှုပြတိုက်
၁၈။ မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှု ပြတိုက်
၁၉။ မြစ်ကြီးနား ယဉ်ကျေးမှုပြတိုက်
၂၀။ မြောက်ဦး ရှေးဟောင်းသုတေသနပြတိုက်
၂၁။ မော်လမြိုင် မွန်ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက်
၂၂။ ရွှေဘိုရှေးဟောင်း သုတေသန ပြတိုက်
၂၃။ လွိုင်ကော် ယဉ်ကျေးမှုပြတိုက်
၂၄။ သရေခေတ္တရာ ရှေးဟောင်းသုတေသနပြတိုက်
၂၅။ ဟံသာဝတီ ရှေးဟောင်း သုတေသနပြတိုက်
၂၆။ ဟားခါး ယဉ်ကျေးမှုပြတိုက်
၂၇။ အမျိုးသားပြတိုက် (ရန်ကုန်)
၂၈။ အမျိုးသားပြတိုက် (နေပြည်တော်)
၂၉။ အင်းဝရှေးဟောင်း သုတေသနပြတိုက်



အထက်ပါ ပြတိုက်တွေဟာ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနလက်အောက်မှာရှိတယ်လို့သိရပါတယ်။ ၂၀၁၁ ဧပြီ ၁ ရက်မှစ၍ စနေ၊ တနင်္ဂနွေရက်များကို ပြတိုက်ဖွင့်ရက်အဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။ ပြန်တမ်းဝင် ရုံးပိတ်ရက်များကို တနင်္လာနေ့နှင့် အင်္ဂါနေ့ တိုင်းတွင် ပိတ်ရက်အဖြစ် သတ်မှတ်တော့မည်ဖြစ်ကြောင်း သိရပါတယ်ခင်ဗျာ။



ရှေးမြို့တော်ဟောင်းတစ်ခုဖြစ်တဲ့ ဟန်လင်းမှာ ပြတိုက်ရှိ/မရှိ ကျနော်မသိပါ။ သိတဲ့လူများ ကူညီဖြည့်စွတ် နိုင်ပါတယ်။ တချို့ Private Collector ဟာလည်းဘဲ ပြတိုက်တမျှစုဆောင်းပြသတတ်ပါတယ်။ အချို့ ဘုန်းတော်ကြီးကျောင်းတွေဟာလည်းဘဲ ဗုဒ္ဓဘာသာဆိုင်ရာရှေးပစ္စည်းတွေကို ပြတိုက်တမျှ အရေတွက်များများစုဆောင်းပြသထားတတ်ပါသေးတယ်။