2/16/11

ကျနော်နဲ့ နွား များ

မော်လမြိုင်စာပေဟောပြောပွဲအသံဖိုင်တွေထဲက စာရေးဆရာမခင်ခင်ထူးရဲ့ ဟောပြောချက် နားထောင်ဖြစ်ပါတယ်။ နောက်ဆုံးမှာပြောသွားတဲ့ " နွား ပေစိ " အကြောင်းနားထောင်ရင်း " နွား " နဲ့ပတ်သက်တဲ့ အဖြစ်ပျက်လေးတွေပြန်စဉ်းစားမိတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀နီးပါးကအဖြစ်ဖြစ်ကနေ ဒီနှစ်ပိုင်းအဖြစ်ပျက်တွေအထိဆိုတော့ မှတ်မိတာရှိသလို လုံးဝမေ့နေတာလည်းရှိသပေါ့လေ။

ကျနော်ဇာတိ အိန္ဒိယ-မြန်မာ နယ်စပ်မြို့ " တမူး " ဆိုတာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတော့ သွားလာရ အင်မတန်ခက်ခဲပြီး မြန်မာပြည်နယ်စပ်မြို့တွေထဲမှာ အစုတ်ဆုံးမြို့လို့ ပြောလို့ရနိုင်တယ်။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းခင်းပြီးနောက် အနီးဆုံးလေဆိပ်ရှိတဲ့ " ကလေး " မြို့ကို ၂ နာရီလောက်သာကြာပေမယ့် ဟိုအရင်ကတော့ ၂ ရက်လောက်မောင်းယူရတဲ့ခရီးပါ။ မိုးတွင်းကာလဆို အခန့် မသင့်ရင် ၂ ကလေး-တမူး နှစ်ပတ်လောက်ကြာပါတယ်။ နယ်မြို့မှာကြီးပြင်းလာရတဲ့ ကျတော်တို့လိုတောသားတွေမှာ " နွား " ဆိုတာငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသားရယ်။ ခွေးပြီးရင်နွားဟာ လူနှင့် အနီးကပ်ဆုံး၊ လက်ပွန်းတတီးအရှိဆုံးလို့ ပြောနိုင်ပါတယ်။ စိုက်ပျိုးရေးမှာ သုံးသလို သယ်ယူပို့ဆောင်ရေးမှာလည်းသုံးတာပါဘဲ။ မြို့တက်ပြီးရောင်းဖို့လာတဲ့ ဆန် ၊ ပဲတွေအပြည့်တင်ထားတဲ့ လှည်းတန်းရှည်ကြီးတွေမမေ့ပါ။ အဲဒိတုန်းကတော့ အဖိုးတန်အဆောင်ယောင်တွေထဲမှာ နွား ဟာတစ်ခုအပါဝင်ပေါ့။

လေးငါးခြောက်နှစ်သားအရွယ်တုန်းကတော့ ကျောင်းသွားရာလမ်းမှာ သူ့ဖာသာသူ အေးအေးလူလူ မျက်စားနေတဲ့နွားတွေမြင်တဲ့အခါ ခဲနဲ့ပေါက်ပြီးပြေးတယ်။ ခဲနဲ့အပေါက်ခံရတဲ့နွားတချို့က ဘယ့်နယ်မှမနေပေမယ့် တချို့နွားတွေကဖြင့် လန့်ဖြတ်ပြီးပြေးတဲ့အခါ သိပ်ကိုသဘောကျခဲ့တယ်။ သူတပါးအသားနာအောင်လုပ်တဲ့အပြင် အစာစားတာကိုနှောင့်ယှက်တာမျိုးကို ကျေနပ်ခဲ့ဖူးတယ်။ သနားရမှန်း မသိတတ်ခဲ့ပါ။ နွားဟာ ကန်တတ်တဲ့သတ္တဝါ။ ရှေ့ခြေနှစ်ချောင်းနဲ့ မဟုတ်ဘဲ နောက်ခြေနှစ်ချောင်းနဲ့ နောက်ပြန်ကန်တာမျိုးပါ။ နွားကန် (နကန်) ခံရရင်မသက်သာပါ။ ညိုသကျီးများ ကန်ခံလို့ကတော့ ဖူးရောင်ပြီး လမ်းတောင်မလျှောက်နိုင်ပါ။ ချည်တိုင် မှာ ချည်ထားတဲ့နွားရဲ့ နောက်ဘက်ကိုသွားပြီး ဒုတ်တံရှည်ရှည်နဲ့ နောက်ခြေတံနှစ်ချောင်းကို လှမ်းတို့တဲ့အခါ နွားက လန့်ပြီးကန်တတ်တယ်။ ဘလာချည်းသက်သက်ဖြစ်နေတဲ့ လေဟာနယ်ထဲကို ခုန်ဆွ ခုန်ဆွနဲ့ နောက်ပြန်ကန်နေတဲ့ နွားကိုကြည့်ပြီး ကျေနပ်စွာဟားတိုက်ရယ်မောခဲ့ဖူးပါတယ်။ ကျနော် အဲလောက်ထိ မိုက်မဲပြီး အကြင်နာတရားမဲ့ခဲ့ဖူးပါတယ်။
၇-၈ နှစ်သားလောက်ရောက်တဲ့အခါမှာတော့ ကျနော့အမေရဲ့ အဖေ၊ ကျနော့အဖိုး နွားတွေနဲ့ ကျနော်ထိပ်တိုက်တိုးပါတော့တယ်။ အဖိုးဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ခေါက်ခူရွာဇာတိဖြစ်တယ်။ ယောနယ် ပုံတောင် ပုံညာကဖြစ်ပြီး ကျနော့မိဘတွေဟာလည်းဘဲ ခေါက်ခူရွာသူရွာသားတွေပါ။ အဖေနဲ့အမေအိမ်ထောင်ပြုပြီးနောက်ပိုင်း အဖေကအလုပ်တာဝန်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကဘော်ချိုင့်ဝှမ်းမြို့တော် တမူး ကိုအပြောင်းကျတဲ့အတွက် အမေက ရောင်နောက်ဆံထုံးပါပါတယ်။ ကျနော့ကို တမူးမှာမွေးတယ်။ တမူးမှာ အမေအခြေကျပြီးနောက် အမေ့ညီမနှစ်ယောက်လည်း အိမ်ရောက်လာခဲ့တယ်။ ကျနော်တို့ ညီကိုတွေကဖြင့် အမေ့ညီမတွေကို လေးလေးလို့ခေါ်ပါတယ်။ လေသံအတိုင်းရေးရရင်တော့ " လလေး "လို့ရေးရမလားမသိ။ နောက်တော့ အမေ့ညီမနှစ်ယောက်ဟာ တမူးမြို့နားက ရွာသားနှစ်ယောက်နဲ့အကြောင်းပါပြီး ရောင်နောက်ဆံထုံးပါရပြန်တယ်။ အကြီးမက " ထင်းဇင် " ရွာ၊ အငယ်မက " မင်းသမီးရွာ " အမေက " တမူးမြို့ပေါ်မှာ။

အဖိုးဟာ နှစ်စဉ်နှစ်တိုင်း လယ်သိမ်းပြီဆိုတာနဲ့ သူပိုင်နွားတစ်ရှဉ်းနဲ့ သူ့သမီးတွေရှိရာ တမူးမြို့ဘက်ခရီးထွက်တော့တာပါဘဲ။ သူ့လှည်းပေါ် ရိက္ခာအပြည့်တင် ၊ ဓားမ နှစ်ချောင်း ချိတ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် ခေါက်ခူရွာကနေ သူ့သမီးတွေရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးအထိခရီးဟာ တစ်လကိုးသီတင်းကြာပါတယ်။ ဘယ်သူ့ဆီအရင်ဝင်မယ်ဆိုတာမျိုးသတ်မှတ်မထားဘဲ သူစိတ်ကူးတည့်ရာ သမီးအိမ်ကိုအရင်ဝင်ပါတယ်။ တစ်ခါတလေ အပျော်လွန်ပြီး မိုးကျပေမယ့် မပြန်ဖြစ်တော့ဘဲ နှစ်ပေါက်တဲ့အထိနေသွားတတ်တယ်။ အနေကြာလာတဲ့အခါမှာတော့ " သူ့အဖွားကြီးကိုတွေ့ချင်တယ် " သားတွေ၊ မြေးတွေ တွေ့ချင်တယ်အကြောင်းပြပြီး ယောနယ်ပြန်ပြေးတော့လည်း ဒီနွားတစ်ရှဉ်းနဲ့ ၊ ဒီလှည်းနဲ့ပါဘဲ။

အဖိုးကသူ့နွားတွေကို အင်မတန်ချစ်ပြီး အင်မတန်လည်းဂရုစိုက်ပါတယ်။ နွားဟာသူ အခင်တွယ်ဆုံးမိတ်ဆွေ ၊အချစ်ဆုံးသူငယ်ချင်းပါ။ အဖိုးလှည်းမောင်းတဲ့အခါ လှည်းသမားတွေရဲ့ ထုံးစံအတိုင်း ကြိမ်လုံးဆောင်ထားပေမယ့် သူ့နွားတွေကို ရိုက်လေ့မရှိ၊ ဟဲ့ ငပြာကြီး ရုန်းပါဟဲ့ ၊ လုပ်ပါဟဲ့ လို့သာဆိုတယ်။ တစ်ခါတစ်ခါ ကြိမ်တို့တာလောက်တော့ရှိသပေါ့လေ။ ဒါကြောင့် သူအချစ်ဆုံးမြေးဖြစ်တဲ့ ကျနော်က သူ့နွားတွေကို အနိုင်ကျင့်လို့မရပါ။ ဒါပေသိ ပိုပြီးပျော်စရာကောင်းတာက သူ့နွားတွေကိုချစ်တတ်လာအောင်သင်ပေးတာပါဘဲ။ လှည်းစီးရုံတင် မကျေနပ်နိုင်တဲ့ကျတော်က လှည်းမပါဘဲ နွားကြီးသက်သက်စီးချင်တဲ့အခါ အဖိုးဟာ ကျနော့ကိုသူ့နွားပေါ်တင်ပြီးဘေးကလိုက်ပေးရှာတယ်။ ဒီလိုနဲ့ ကျနော်လည်း နွားတွေနှင့် ယာဉ်ပါးလာခဲ့တယ်။ နွားတွေအပေါ် ချစ်တတ်လာခဲ့တယ်။

အဖိုးဟာ အားရင်သူ့နွားတွေကို ပွတ်သပ်ပြီး စကားပြောတတ်သေးတယ်။ ဘာတွေပြောမှန်းတော့မသိ။ ပါးစပ်၊ မျက်လုံး ၊ နားရွက် ကစလို့ ခွါ၊ အမြှီးထိအောင် ဂရုတစိုက်သန့်ရှင်ရေးလုပ်ပေးတယ်။ နေ့ခင်းဘက်မှာ " မှက် " တို့ " မွှား " တို့ အကိုက်မခံရအောင် ဂရုစိုက်တတ်သလို ညဘက်ဆိုလည်း ခြင်မကိုက်အောင်ဆိုပြီး သူ့နွားတွေနားမီးဖို ဖိုပေးထားတတ်သေးတယ်။ အစာကိုလည်းဂရုတစိုက်ကြွေးတယ်၊ လွတ်ကျောင်းတဲ့အခါ သူကိုယ်တိုင် သူ့နွားကိုကျောင်းတတ်တယ်။ ဒါကြောင့်သူ့နွားတွေဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲကြော့နေတဲ့ နွားချောတွေပါဘဲ။ "ငါ့နွားတွေက မင်းထက်အလုပ်လုပ်ပြီး မင်းလိုစကားမများဘူး" " ငါ့နွားတွေက မင်းလို ပြောရတာလက်ပေါက်မကပ်ဘူး" လို့အဖိုး နောက်ပြောင်ပြီးပြောခဲ့တဲ့စကားမမေ့ပါ။ အဖိုးနွားတွေက တကယ်လည်းလိမ္မာကြပါတယ်။

နွားတွေရဲ့ သဘာဝ ဆာသည်ဖြစ်စေ မဆာသည်ဖြစ်စေ ပဲခင်းထဲဖြတ်မောင်းဆိုရင်ဖြင့်မှီရာ လှမ်းစွဲပြီးစားတတ်ကြတယ်။ အထူးသဖြင့် စားတော်ပဲခင်းဆိုပိုဆိုးတတ်တယ်။ အညွန့်လေးတွေတက်နေတဲ့ စားတော်ပဲခင်းဟာ နွား တွေအတွက် သွားရည်ယိုစရာ နတ်သုဒ္ဓါပေါ့။ ဒါကြောင့် ပဲခင်းထဲဖြတ်မောင်းတာဘဲဖြစ်ဖြစ်၊ နွားနဲ့အလုပ် လုပ်တာဘဲဖြစ်ဖြစ် သွားရတဲ့အခါ " ခြင်းတောင်း အငယ်လေးတွေပုံစံ ခပ်ကျဲကျဲ ရက်ထားတဲ့ တောင်းသေးသေးလေးတွေ နွားပါးစပ်ကို စွပ်ပေးထားကြတယ်။ အဖိုးနွားတွေကတော့ အဲလို အုပ်ပေးထားစရာမလိုပါ။ " ဟဲ့ ဟဲ့ ငပြား ၊ ငဝါ မလုပ်နဲ့ " ဆို တခွန်းနဲ့တင်ပြီးပါတယ်။ နောက်တော့လည်း အဖိုးနွားတွေနဲ့ကျနော်လက်ပွမ်းတတီးဖြစ်လာပါတယ်။ ခေါင်းကိုင်လို့ကိုင် ၊ နားရွက်စွဲလို့စွဲ ၊ ဂျိုကိုင်လို့ကိုင် လုပ်ပေမယ့် ပြန်ခွေ့တာမျိုးမရှိဘဲ မျက်လုံးနှစ်လုံးကို မှိတ်ကာ မှိတ်ကာလုပ်တတ်တာကလွဲပြီး သည်းခံရှာကြတယ်။

ကျနော် ၈ -၉ တန်းကျောင်းသားရောက်တော့ သူငယ်ချင်းဖြစ်သူ ရဲ့အိမ်မှာသွားနေပြီး ကျောင်းတက်တယ်။ သူငယ်ချင်းဖြစ်သူရဲ့အဖေဟာ မြို့နယ် တိရိစ္ဆာန် ဆရာဝန်ဆိုတော့ နာမကျန်းဖြစ်နေတဲ့ အကောင်ပေါင်းစုံ တွေ့ရတော့တာပါဘဲ။ တစ်ခါက ချင်းတိုင်းရင်းသားတစ်ယောက် ကြက်မကြီးတစ်ကောင် ကိုင်လာပြီး " ဆာကီး ငါ့ကျေးဇူးရှင် ဒီကြက်မ နေကောင်းအောင် ကုပေးပါ " " ဆေးကုခ ကြက် သုံးကောင်ပေးပါ့မယ် " ဆိုပြီးလာတာလည်းတွေ့ဖူးပါရဲ့။ တကယ်တော့ သူ့ကိုအကောင် ၂၀၀ လောက်မွေးပေးခဲ့တဲ့ ကြက်မကြီး အသက်ရွယ်အရ နာမကျန်းဖြစ်တာကို မကြည့်ရက်လို့ထင်ပါရဲ့။ နွားမကြီးကနေ နွားပေါက်စလေး မွေးတာလည်းထိုင်ကြည့်ခဲ့ဖူးတယ်။ တော်တော် အရွယ်စားကြီးတဲ့အကောင်ကို မြေပေါ်လေးဘက်ထောက်ကြလာအောင်မွေးပေးရတဲ့အတွက် နွားမကြီးတွေအနေနဲ့ အတော်ခက်ခဲ အန္တရာယ်များတဲ့အလုပ်ပါ။ မတော်လို့ ခြေ၊လက်၊ခေါင်း ကန့်လန့်ဖြစ်နေတဲ့အခါ နွားမကြီးက တဘွဲဘွဲ အော်နေတတ်တယ်။ အဲဒိအခါ တိရိစ္ဆာန် ဆရာဝန် ကယ်မှ အဆင်ချောတော့တယ်။ ဝက် ၊ ဆိတ် ၊ ကျွဲ ၊ နွား ပိုက်တာတွေတော့ မပြောတော့ဘူး။ နောက်ကြုံရင်လည်းပြောတာပေါ့။

မြို့နယ် တိရိစ္ဆာန် ဆရာဝန်ဆိုတော့ သူပိုင်မြို့နယ်ထဲမှာရှိတဲ့ ကျွဲ၊ နွား တွေခွါနာလျှာနား ၊ ဒေါင့်သန်းရောဂါ စတာတွေမဖြစ်အောင် ကာကွယ်ဆေးထိုးပေးရတယ်။ လက်ထောက်ဆရာဝန်ရှိပေမယ့် မြို့နယ်ကကျယ်ပြီး ရွာတွေကများတဲ့အတွက် သူ့အပိုင် ၊ကိုယ့်အပိုင်ခွဲပြီး တာဝန်ယူရပါတယ်။ ကျနော့သူငယ်ချင်းဖြစ်သူရဲ့ အဖေဖြစ်တဲ့ တိရိစ္ဆာန် ဆရာဝန်ဟာ အသက်ရွယ်ရလာပြီဆိုတော့ အတော်အတန်ဝေးတဲ့ရွာဆို မသွားနိုင်တော့ပါ။ ကျနော်နဲ့ ကျနော့သူငယ်ချင်း ကို " တိရိစ္ဆာန် ဆေးထိုးနည်း သင်ပေးထားပါတယ် " ။

တိရိစ္ဆာန်က လူလိုအိပ်ယာပေါ်စင်းခံပေးတာမျိုးမဟုတ်တဲ့အတွက် တော်တော်မလွယ်တဲ့ ပညာရပ်ပါဘဲ။ သူတို့ ဆေးထိုးရတာ သိုင်းကစားသလိုပါဘဲ ၊ တိရိစ္ဆာန် အကောင်ပေါ်မူတည်ပြီး လျှင်မြန်ပါးနပ် မှုရှိဖို့ အရေးကြီးပါတယ်။ ခွေး ၊ ကြောင်တွေက အခန့်မသင့်ရင် ပြန်ရန်ပြုတတ်လို့ သူတို့ကို ဆေးထိုးရတာ သိပ်မခက်ပေမယ့် သိပ်မလွယ်ပါ။ " ဝက် " လို အရေထူပြီး ခြံထဲပတ်ပြေးနေတဲ့ အကောင်မျိုးဆို ဆေးတစ်ခါထိုးဖို့ ၂ နာရီ ၃ နာရီလောက်ကြာတတ်တယ်ခင်ဗျ။ ကျွဲ ၊ နွား တွေဆိုလည်းအခန့်မသင့်ရင် ကန်ခံရ ၊ ခွေ့ခံရတတ်တယ်။ အခဲမကျေတတ်တဲ့ အကောင်နဲ့တွေ့လို့ကတော့ လိုက်ခွေ့တော့တာဘဲ။ ကျနော်တို့ဘက်ကရွာတွေက ခြေတံအိမ်ရှည်တွေဆိုတော့ အဲလိုအလိုက်ခံရရင် အိမ်ပေါ်တက်ပြေးရတာပေါ့။ ဒါပေမယ့် အလေ့ကျင့်ရသွားပြီးနောက်မှာတော့ ကျွဲ နှင့် နွား ဟာ အလွယ်ဆုံး ကောင်တွေဖြစ်လာပါတော့တယ်။ သတ်မှတ်ထားတဲ့ ဆေးရေပမာန (ml) နဲ့ တရုတ်သိုင်းကားတွေထဲက လက်နက်ပုန်းပစ်သလို လျှင်မြန်မှုကိုတော့ သေချာဂရုစိုက်ရသပေါ့။

မြို့နယ် စီမံချက်အရ ဝေးလံတဲ့ရွာတွေကို ကျွဲ၊ နွား တွေခွါနာလျှာနား ၊ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးဖို့ အချိန်ကျလာတဲ့အခါ ၈ တန်းကျောင်းသား ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကို လွတ်တော့တာပါဘဲ။ ဒါဟာ တရားဝင်တော့မဟုတ်ပါ။ ဆေးကုတာမျိုးမဟုတ်ပဲ ကာကွယ်ဆေးထိုးတာမျိုးဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီးလွတ်ပုံရတယ်။ စက်ဘီး ၊ ခြေလျှင် သင့်သလိုသွားရတာမျိုးဆိုတော့ အတော်ပင်ပန်းတဲ့ခရီးပါ။ သို့ပေမယ့် ကျနော်တို့ သူငယ်ချင်းနှစ်ယောက်ကလည်း အကြံရှိသဗျ။ ကျွဲ ၊ နွား တွေကို ကာကွယ်ဆေးထိုးတဲ့အခါ ဆေးဖိုး ငွေ ၂၀ ကိုတောင်သူတွေဆီကကောက်ခံပါတယ်။ ဒါလည်း တရားဝင်ကောက်လို့ရဒါမျိုးမဟုတ်ပါ။ ရွာတွေရောက်တဲ့အခါ ကျနော်တို့ နှစ်ယောက်သဘောတူညီမှုလုပ်ပြီး တစ်ကောင် အစိတ်ဆိုပြီးဈေးသတ်မှတ်ပါတယ်။ တစ်ခါ တစ်ခါ ကာကွယ်ဆေးထိုးထွက်ရင် ကျနော်တို့ နှစ်ယောက်အတော်လေး တွက်ခြေကိုက်ပါတယ်။

ရွာတွေရောက်တဲ့အခါ သူကြီးအိမ်ကိုတန်းဝင်ရတယ်။ ကျိုးကြောင်းပြောပြပြီး ကျွဲ နွား စုဖို့ မောင်းထုပြီး အသိပေးဖို့ သူကြီးလက်ထောက် ရွာဆော်ကို ခိုင်းရတယ်။ စုလို့ရသမျှ ကိုရွာထဲမှာတင် ဆေးထိုးပေးလို့ရပေမယ့် အများစုကတော့ လယ်တဲ ၊ ယာထဲ အထိဆင်းပြီး ဆေးလိုက်ထိုးပေးရတဲ့အတွက် အတော်ပင်ပန်းပါတယ်။ ဇီးရှိတဲ့အကောင် ( ကိုယ်ဝန်ဆောင်ထားတဲ့ ကျွဲ ၊ နွား ) ဆိုကာကွယ်ဆေးမထိုးရဆိုပြီး မှာထားလို့ ဆေးမထိုးခင် အထီး၊အမ သေချာအောင်ကြည့်ရသေးသဗျ။ အမဆိုရင် ဇီးရှိ၊မရှိမေးရသေးတယ်။ ကိုယ်နမော်နမဲ့ လုပ်ပြီးထိုးမိလို့ ဆုံးပါးသွားလို့မဖြစ်ပါ။ ဒါသူတို့ ရတနာ။ သူကြီးအိမ်မှာ အစားသောက်ကောင်းပေမယ့် လယ်ထဲ ၊ ယာထဲဆင်းတဲ့အခါ ထမင်းတောင် မစားရတဲ့နေ့တွေလည်းကြုံးခဲ့ဖူးတယ်။ အပြန်ခရီးမှာတော့ ငွေထုတ်ပိုက် ၊ သူတို့ပေးလိုက်တဲ့ လက်ဆောင်တွေတထောကြီးသယ်ပြီး ပြန်ပေါ့။ ရွာတွေရှိရာကို သုံးလေးလတစ်ခါ သွားရတာမို့ နောက်တော့လည်း သူကြီး ၊ ရွာသူ ရွာသား၊ ကျွဲ နွား မကျန် ကိုယ့်တို့နှစ်ယောက်ကိုမှတ်မိနေပါတော့တယ်။ ၈တန်းကျောင်းသား ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လာတဲ့အခါ " ဝေး အကောင်ဆရာဝန်လေးတွေလာတယ် " ဆိုပြီး ကြိုတတ်ကြတယ်။ နောက်ဖေးက ကြက် ၊ ဝက် တွေကဖြင့် မျက်ခုံး ခပ်လှုပ်လှုပ်ပေါ့။ ( ကျနော်တို့ဘက်မှာ ဘယ်တိရိစ္ဆာန် ဖြစ်ဖြစ် အကောင်လို့ခေါ်လေ့ရှိတယ် )

မြို့နယ် တိရိစ္ဆာန် ဆရာဝန်တွေရဲ့ နောက်ထပ်အရေးကြီးတဲ့အလုပ်ရှိပါသေးတယ်။ သားသတ်လိုင်စင် ရထားတဲ့ သားသတ်ရုံက ဝက်၊ ကျွဲ ၊ နွား တွေရဲ့ ကျမ်းမာရေးကိုစစ်ဆေးပေးရတာပါ။ ကူးဆက်ရောဂါရှိတဲ့ ဝက် ၊ ကျွဲ ၊ နွား ဖြစ်နေခဲ့ရင် သတ်ပြီး ရောင်းခွင့်မပေးပါ။ တစ်နေ့ နွားသတ်ရုံ လိုက်သွားမိရာက ကျနော့တစ်သက် မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုမြင်ရပါတယ်။ သားသတ်ရုံထဲမှာ နွားခုနှစ်ကောင်လောက်တွေ့တယ်။ နှစ်ကောင်က သာအမိဖြစ်ဟန်တူတယ်။ နွားမကြီးကိုသာကြိုးးချည်ထားပြီး နွားသားလေးကို ကြိုးချည်မထားပါ။ ထူးထူးခြားခြား မြင်ကွင်းကာတော့ နွား မျက်လုံးနှစ်လုံးအောက်မှာ စိုနေတဲ့မျက်ရည်စီးချောင်းနှစ်ခုတွေ့ရတာပါဘဲ။ တစ်ကောင်တည်းမဟုတ်ဘဲ နွားတွေအားလုံးဖြစ်နေတယ်။ ရောဂါရှိလို့မဟုတ်ပါ။ သူတို့အသတ်ခံရမှာသိလို ငိုနေကြဟန်တူပါတယ်။ ချင်းအမျိုးသားဖြစ်တဲ့ ဘာသာခြား တိရိစ္ဆာန် ဆရာဝန် မေးကြည့်တဲ့အခါ " ရောဂါကြောင့်မဟုတ်ဖူး " " ဝမ်းနည်းလို့နွားတွေငိုတယ် " " ဒီရောက်လာတဲ့နွားတွေ အကုန်ဒီလိုဘဲ " ဆိုတော့ ကျနော်အတော်ဝမ်းနည်းသွားပါတယ်။ အဲဒိဝမ်းနည်းမှု အတိမ်နက်ကို ကျနော်မရှင်းပြတတ်ပါ။ အဲဒိနေ့ကစလို့ ဘာကြောင့် အမဲသားမစားလဲဆိုတာ မေးတိုင်း အဲဒိအဖြစ်ပျက်ကိုပြန်ပြောပြမိတယ်။ ခုချိန်ထိပါ။ ခုတော့ ကျုပစ်ထဲရောက်တဲ့အထိရေးမိတယ်ဆိုပါတော့။

ဒီလိုနဲ့ ၁၀ တန်းကို ရန်ကုန်မှာတက်။ အဝေးသင်ကျောင်းပြီး။ အလုပ်လုပ်။အလုပ်ကိစ္စနဲ့ နယ်စုံရောက်။ ဒါပေမယ့် ရန်ကုန်မှာရှိနေတဲ့အချိန် ကျနော် ချစ်တဲ့ နွားတွေကိုရည်စူးပြီး အထူးမေတ္တာပို့တဲ့လရှိပါတယ်။ အဲဒိအချိန်ရောက်ရင် ရာထောင်ချီပြီး ပျက်စီးလေ့ရှိလို့ပါ။ " သိုးသငယ် " နေရာအစားထိုးခံရတဲ့ နွားတွေအတွက် စိတ်မကောင်းပါ။ ကိုယ်တိုင် တိရိစ္ဆာန် ချစ်တတ်တဲ့လူတစ်ယောက်အနေနဲ့ ဘယ်လို တိရိစ္ဆာန် မျိုးကိုမှ မပျက်စီးစေလိုပါ။ ကျနော်ပိုင်ဦးနှောက်လေးနဲ့ စဉ်းစားထားတဲ့ ကိုယ်ပိုင်အတ္တဖြစ်လို့ သူတပါးကို ထိခိုက်မိတာမျိုးဖြစ်ချင်ဖြစ်နေပါလိမ့်။ အပြစ်တင်လည်း ကျေကျေနပ်နပ်ခံယုံပါ။ ဒါပေမယ့် ဘယ်သူ့ကိုမှရည်ရွယ်ပြစ်တင်လိုစိတ်မရှိခဲ့တာအမှန် ပါ။

ခုလို ကံကောင်းထောက်မလို့ နိုင်ငံရပ်ခြားရောက်တဲ့အခါ ရံဖန်ရံခါ အမေးခံရတတ်တဲ့မေးခွန်းတစ်ခုရှိပါတယ်။ " အော်မင်းတို့က မြန်မာလား၊ ဒါဆို ဗုဒ္ဓဘာသာပေါ့ ၊ အမဲသားမစားဘူးပေါ့ " ဆိုတဲ့မေးခွန်းပါ။ အဲလိုအချိန်မှာ " ငါအမဲသား မစားတာ ဘာသာရေးနဲ့ မသက်ဆိုင်ပါ၊ ငါတို့နိုင်ငံက မင်းတို့ လိုမတိုးတက်တဲ့အတွက် တို့ မိဘ ဘိုးဘွားတွေအပါဝင် ငါတို့ ငယ်ကတည်းက လယ်လုပ်ငန်းမှာ နွား နှင့် လူ အတူတူတွဲပြီးအလုပ်လုပ်ရတယ်၊ သယ်ယူပို့ဆောင်ရေးမှာလည်းသုံးရတယ်၊ တို့လူနေမှုဘဝမှာ နွားဟာ ကျေးဇူးအပြုဆုံး တိရိစ္ဆာန် ဖြစ်တာကြောင့် မိတ်ဆွေအဖြစ်တန်ဖိုးထားလို့ တို့များ နွားသားမစားတာ ဆိုပြီး အလေးနက်ထားပြီးပြန်ဖြေရတယ်။ ပြီးရင် ကျနော် ၈ တန်းကျောင်းသားတုန်းက မြင်ခဲ့ရတဲ့နွားသတ်ရုံအကြောင်း တဆက်တည်းပြောလိုက်တော့တာပါဘဲဗျာ။ ခုတော့ ကျုပစ်ဖိုရမ်ထဲရောက်တဲ့အထိရေးမိတယ်ဆိုပါတော့။
သတ္တဝါ တစ်ခု ကံတစ်ခု
ဟိုတလောကကျုပစ်ဖိုရမ်မှာရေးခဲ့တဲ့စာပါ။ ရေးမိတဲ့စာတွေတစ်စုတစည်းတည်းရှိစေချင်လို့ဒီမှာခဏသိမ်းပါမယ်။ ရှေးမြန်မာ ဘလော့ရဲ့ မူလ Themes နှင့်ဘာမှမသက်ဆိုင်ပါ။

2/9/11

ခြေတော်ရာများတွင် ပါလေ့ရှိသည့် လက္ခဏာများ

ခြေတော်ရာတွေနှင့်ပတ်သက်ပြီး အများကြီးလေ့လာမှုလုပ်ရပါဦးမယ်။ပိုပြီးရှေးကျတဲ့ အိန္ဒယ ၊ ပါကစ္စတန် (ဂန္ဓာရ)၊ အာဖဂန်နစ္စတန်( မထုရ )၊ သိရိလင်္ကာ(သီဟိုဠ်) ၊ ကမ္ဘောဒီးယား (ကမ္ဘောဇ) ၊ နီပေါ ၊ ဘင်္ဂလားဒေစ် စတဲ့နိုင်ငံတွေမှာတွေ့ရတဲ့ ခြေတော်ရာပါ အမှတ်လက္ခဏာတွေဟာ မြန်မာပြည်က ရှေးဟောင်း ခြေတော်ရာ ပါလက္ခဏာတွေနဲ့ မတူပါ။ ။ ရှင်းရှင်းပြောတော့ ဘာမှသေချာမသိသေးပါ။ ဒါကြောင့် On going Research ခေါင်းစဉ်အောက်မှာ ခဏထားပါမယ်။ ၁၀၈ ကွက်ရှိ အမှတ်လက္ခဏာကို ၁၀၈ ခုသောစာတွေနှင့် တိုက်ဆိုင်ပြီးတော့မှ ပုံ နှင့် စာ တွဲပြချင်ပါတယ်။ ခုတော့ အဆင်မပြေသေးပါ။

ခြေတော်ရာများတွင် ပါလေ့ရှိသည့် လက္ခဏာများ

၁။ သတ္တိစက် - လှံမ
၂။ သိရိဝစ္ဆစက် - အိမ်မွန်
၃။ နန္ဒိယာဝဋစက် - ဇလပ်ပန်း
၎။ သောဝတ္တိကစက် - လည်ရေးသုံးဆင့်
၅။ ဝဎမာနက စက် - ထမင်းပွဲ
၆။ ဝဋံသကစက် - ဦးဆောက်ပန်း
၇။ ဘဒ္ဓဌစက် - ချွန်းတောင်း
၈။ အကုင်္သစက် - ချွန်းတောင်း
၉။ ပါသာဒစက် - ပြာသာဒ်
၁၀။ တော့ရဏစက် - တံခါးတိုင်
၁၁။ သေတစ္ဆတ္တစက် - ထီးဖြူ
၁၂။ ခဂ္ဂစက် - သန်လျက်
၁၃။ တာလဝဏ္ဋစက်
၁၄။ မဟူရဟတ္တစက် - ဥဒေါင်းမြီးစည်း ( ယပ် )
၁၅။ စာမရံစက် - စာမရီမြီးစည်း ( ယပ် )
၁၆။ မဏိစက် - ပတ္တမြား
၁၇။ ပတ္တစက် - သပိတ် ၊ စားတော်ခွက်
၁၈။ သုမနဒါမစက် - မြတ်လေးပန်းခိုင် ၊ မြတ်လေးပန်းဆိုင်း
၁၉။ နီလုပ္ပလစက် - ကြာညို ၊ ကြာပြာ
၂၀။ သေတုပ္ပလစက် - ကြာဖြူ
၂၁။ ရတ္တုပ္ပစက် - ကြာနီ
၂၂။ ပဒုမစက် - ကြာပဒုမ္မာ
၂၃။ ပုဏ္ဍရိကစက် - ကြာပုဏ္ဍရိက်
၂၄။ ပုဏ္ဍပါတိစက် - ရေပြည့်အိုး
၂၅။ ပုဏ္ဏပါတိစက် - ရေပြည့်ဖလား
၂၆။ သမုဒ္ဒစက် - သမုဒ္ဒရာ
၂၇။ စက္ကဝါဋ္ဌပဗ္ဗတစက် - စကြာဋ္ဌာ
၂၈။ ဟိမဝန္တပဗ္ဗတစက် - ဟိမဝန္တာတောင်ပုံ
၂၉။ မေရုပဗ္ဗတစက် - မြင်းမိုရ်တောင်
၃၀။ သူရိယမဏ္ဍလစက် - နေဝန်း
၃၁။ စန္ဒဏ္ဍလစက် - လဝန်း
၃၂။ နက္ခတ္တာနိစက် - တောင်ကျွန်း ၊ဇမ္ဗူဒိပ်ကျွန်းပုံ
၃၃။ ပုဗ္ဗဝိဒေဟစက် - အရှေ့ကျွန်းပုံ၊ ကျွန်းငယ်ကျွန်းကြီး
၃၄။ အပရဂေါယာနစက် - အနောက်ကျွန်းပုံ
၃၅။ ဇမ္ဗူဒီပစက် - တောင်ကျွန်း၊ ဇမ္ဗူဒိပ်ကျွန်းပုံ
၃၆။ ဥတ္တရကုရုစက် - မြောက်ကျွန်းပုံ
၃၇။ စက္ကဝတ္တိစက်- စကြဝတေးမင်းပုံ
၃၈။ ဒက္ခိဏာဝဋ္ဋသင်္ခစက် - လက်ယာရစ်ခရုသင်းဖြူပုံ
၃၉။ သုဝဏ္ဏမစ္ဆယုဂဋ္ဌစက် - ရွှေငါးကြင်းအစုံ
၄၀။ စက္ကာဝုဓစက် - စက်နက်ပုံ
၄၁။ လဝဏသီတာစက် - သီတာခုနှစ်တန် ဆားငန်ရေပုံ
၄၂။ ဥစ္ဆုသီတာစက် - သီတာခုနှစ်တန် ကြံရည်ချိုပုံ
၄၃။ သုရာသီတာစက် - သီတာခုနှစ်တန် သေရည်ပုံ
၄၄။ သာဓိသီတာစက် - သီတာခုနှစ်တန် အမှုခပ်သိမ်းပြီးသောပုံ
၄၅။ ဒဓိသီတာစက် - သီတာခုနှစ်တန် နို့ဓမ်းရည်ပုံ
၄၆။ ဒုဒ္ဓသီတာစက် - သီတာခုနှစ်တန် နို့ရည်ပုံ
၄၇။ ဇလသီတာစက် - သီတာခုနှစ်တန် ရေချိုပုံ
၄၈။ ယုဂန္ဓရစက် - ယုဂန္ဓရတောင်
၄၉။ ဣသိဓရစက် - ဣသိရတောင်
၅၀။ ကရဝိကစက် - ကရဝိကတောင်
၅၁။ သုဒဿနစက် - သုဒဿနတောင်
၅၂။ နေမိန္ဓရစက် - နေမိန္ဓရတောင်
၅၃။ ဝိနတကစက် - ဝိနတကတောင်
၅၄။ အဿကဏ္ဏစက် - အဿကဏ္ဏတောင်
၅၅။ အနောတတ္ထစက် - အနောတတ္ထ ရေအိုင်
၅၆။ ကဏ္ဏမုဏ္ဍစက် - ကဏ္ဏမုဏ္ဍ ရေအိုင်
၅၇။ ရထကာရစက် - ရထကာရ ရေအိုင်
၅၈။ ဆဒ္ဒန္တစက် - ဆဒ္ဒန္တ ရေအိုင်
၅၉။ ကုဏာလစက် - ကုဏာလ ရေအိုင်
၆၀။ မဏ္ဍကိနီစက် - မဏ္ဍကိနီ ရေအိုင်
၆၁။ သီဟပ္ပါတစက် - သီဟပ္ပါတ ရေအိုင်
၆၂။ သုပဏ္ဏရာဇာစက် - ဂဠုန်မင်း
၆၃။ သံသုမာရစက် - မိကျောင်းမင်း
၆၄။ ဓဇစက် - တံခွန်လျားပုံ
၆၅။ ပဋကာစက် - တံခွန် ၊ ကုက္ကား
၆၆။ သုဝဏ္ဏသိဝိကာစက် - ရတနာသံလျက်
၆၇။ သုဝဏ္ဏဝါဋ္ဌဗီဇနီစက် - စာမရီသားမြီယပ်
၆၈။ ကေလာသပဗ္ဗတစက် - ကေလာသငွေတောင်
၆၉။သီဟရာဇာစက် - ခြသေ့င်္မင်း
၇၀။ ဗျ ဂ္ဃရာဇာစက် - ကျားမင်း
၇၁။ ဝလာဟက အဿရာဇာစက် - ဝလာဟကမြင်းမင်း
၇၂။ ဥပေါသထ ဆဒ္ဒန္တဟတ္တိရာဇာစက် - ဥပေါသထဆဒ္ဒဆင်မင်း
၇၃။ ဗာသုကီနဂရာဇစက် - ဗာသုကီ နဂါးမင်း
၇၄။ ဟံသရာဇာစက် - ဟင်္သာမင်း
၇၅။ ဥသဘရာဇာစက် - ဥသဘနွားမင်း
၇၆။ ဧရာဝဏ္ဏဟတ္တိရာဇာစက် - ဧရာဝဏ်ဆင်မင်း
၇၇။ သုဝဏ္ဏမကာရစက် - ရွှေမကန်းပုံ
၇၈။ သုဝဏ္ဏနာဝါစက် - မုခ်ထွတ်လေးခုရှိ ရွှေလှေ
၇၉။ ဗြဟ္မရာဇာစက် - ဗြဟ္မာမင်းပုံ
၈၀။ သဝစ္ဆကာဓေနုစက် - နို့တိုက်နေသော နွားသားအမိ
၈၁။ ကိံပုရိသ ကိံပုရိစက် - ကိန္နနီ - ကိန္နရာ
၈၂။ ကရဝိကစက် - ကရဝိတ်
၈၃။ မယူရရာဇာစက် - ဥဒေါင်းမင်း
၈၄။ ကောဉ္စရာဇာစက် - ကြိုးကြာမင်း
၈၅။ စက္ကဝါကရာဇာစက် - စက္ကဝါက်ငှက်မင်း
၈၆။ ဇိဝဉ္စီဝကရာဇာစက် - ဇီဝစိုးငှက်မင်းပုံ
၈၇။ စတုမဟာရာဇာဇိကာစက် - စတုမဟာရာဇ်နတ်ဘုံ
၈၈။ တာဝတိံသာစက် - တာဝတိံသာနတ်ဘုံ
၈၉။ ယာမာစက် - ယာမာနတ်ဘုံ
၉၀။ တုတိတာစက် - တုတိတာနတ်ဘုံ
၉၁။ နိမ္မာနရတီစက် - နိမ္မာနရတီနတ်ဘုံ
၉၂။ ပရနိမ္မိတ ဝသဝတ္တီစက် - ပရနိမ္မိတဝသဝတ္တီနတ်ဘုံ
၉၃။ ဗြဟ္မပါရိသဇ္ဈာစက် - ဗြဟ္မပါရိသဇ္ဈာ ဗြဟ္မာ့ဘုံ
၉၄။ ဗြဟ္မပုရောဟိတာစက် - ဗြဟ္မပုရောဟိတာ ဗြဟ္မာ့ဘုံ
၉၅။ မဟာ ဗြဟ္မာစက် - မဟာ ဗြဟ္မာ့ဘုံ
၉၆။ ပုရောဟိတာစက် - ပုရောဟိတာ ဗြဟ္မာ့ဘုံ
၉၇။ အပ္ပမာဏာဘာစက် - အပ္ပမာဏာဘာ ဗြဟ္မာ့ဘုံ
၉၈။ အာဘဿရာဇာစက် - အာဘဿရာ ဗြဟ္မာ့ဘုံ
၉၉။ ပရိတ္တသုဘာစက် - ပရိတ္တသုဘာ ဗြဟ္မာ့ဘုံ
၁၀၀။ အပ္ပမာဏသုဘာစက် - အပ္ပမာဏသုဘာ ဗြဟ္မာ့ဘုံ
၁၀၁။ သုဘကိဏှာစက် - သုဘကိဏှာ ဗြဟ္မာ့ဘုံ
၁၀၂။ ဝေဟပ္ပဘာစက် - ဝေဟပ္ပဘာ ဗြဟ္မာ့ဘုံ
၁၀၃။ အသညသတ္တာစက် - အသညသတ္တ ဗြဟ္မာ့ဘုံ
၁၀၄။ အဝိဟာစက် - အဝိဟာ ဗြဟ္မာ့ဘုံ
၁၀၅။ အတပ္ပါစက် - အတပ္ပါ ဗြဟ္မာ့ဘုံ
၁၀၆။ သုဒဿာစက် - သုဒဿာ ဗြဟ္မာ့ဘုံ
၁၀၇။ သုဒဿီစက် - သုဒဿီ ဗြဟ္မာ့ဘုံ
၁၀၈။ကကနိဋ္ဌာစက် - အကနိဋ္ဌာ ဗြဟ္မာ့ဘုံ

2/7/11

ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ်

ထိုင်း၊ ကမ္ဘောဒီးယားနယ်စပ် လက်နက်ကြီးများ ပစ်ခတ်

ထိုင်းစစ်တပ်ဘက်က နယ်စပ်ကိုဖြတ်ပြီး အမြောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ၁၁ ရာစုနှစ် ဟိန္ဒူဘုရားကျောင်းရဲ့ တစိတ်တပိုင်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ကမ္ဘောဒီးယား အစိုးရက ပြောလိုက်ပါတယ်။

ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရဲ့ ရလဒ်အဖြစ် ကုလသမဂ္ဂရဲ့ ထိန်းသိမ်းထားသင့်တဲ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖရာ့ဝိဟာရ ဘုရားကျောင်းရဲ့ တစိတ်တပိုင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သတင်းကို ပြင်သစ် သတင်းဌာနတခုကို ကိုးကားပြီး ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်အပေါ် ထိုင်းအစိုးရက တုံ့ပြန်မှု တစုံတရာ မရှိသေးဘူးလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က အငြင်းပွားနေကြတဲ့ ဘုရားကျောင်းနားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့တွေ တိုက်ခိုက်မှု အသစ်တွေ ပြန်ဖြစ်ခဲ့ပြီး ယာယီ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းလူမျိုး အများစုက သဘောမတူပေမဲ့ ၁၉၆၂ ခုနှစ် နိုင်ငံတကာ တရားရုံးက ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်က ဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ဒီအငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ ပြောပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းစာတွေက ဖော်ပြပါတယ်။

စနေနေ့က ထိုင်းနိုင်ငံ People's Alliance for Democracy ပါတီအဖွဲ့ဝင် ၂,၀၀၀ လောက် ဘန်ကောက်မှာ စုရုံးပြီး ပိုပြီး တင်းမာပြတ်သားတဲ့ ရင်ဆိုင်မှုမျိုးလုပ်ဖို့ ၀န်ကြီးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟွန်း (Hor Namhong) က သူ့အဆိုအရ ထိုင်းတပ်ဖွဲ့တွေရဲ့ ဗြောင်ကျကျ ရန်လိုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂကို တင်ပြ တိုင်တန်းမယ်လို့ ဆိုပါတယ်။

Credit to VOA Burmese Services


စလေရုပ်စုံကျောင်းက ကျောက်စာပိုင်းကျိုးနှစ်ခု

Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/
Photo by Saw Thet Lin @ http://sawthetlin.blogspot.com/

Photo by Saw Thet Lin @ http://sawthetlin.blogspot.com/


ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုပုံကို ဘလော့ဂါ ကိုစောသက်လင်းမှ ကျေးဇူးပြုပါတယ်။ (၁၈-၁၂-၂၀၁၀) စလေမြို့ ရုပ်စုံကြောင်းရောက်စဉ်ရိုက်ယူခဲ့တယ်လို့သိရပါတယ်။ ဘယ်နေရာမှာ ဘာတွေ့တယ်ဆိုတာအမြဲနားစွင့်နေရတဲ့ ကျွန်တော့အတွက်တော့ ဓာတ်ပုံတွေရဲ့တန်ဖိုးက ကြီးမားလှပါတယ်။ ကိုစောသက်လင်းကို ကျေးဇူးအထူးတင်တယ်လို့ ဒီနေရာမှာဆိုပါရစေ။

စလေရုပ်စုံကျောင်းကို ရှေးဟောင်းသုတေသနဌာနက စောင့်ရှောက်ထားတယ်လို့သိရပါတယ်။ ပန်းပုလက်ရာ ၊ ဗိသုကာလက်ရာ ၊ လက်သမားပညာ ၊ လက်မှုပညာစတာတွေကို တပေါင်းတည်းလေ့လာလို့ရတဲ့အပြင် စိတ်ဝင်စားဖွယ်ရာ ကျောက်စာတွေလည်းရှိနေပါတယ်။ ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားတို့ စိတ်ဝင်တစားသွားရောက်တတ်တဲ့ နေရာတစ်ခုအပါဝင်ဖြစ်လာပါပြီ။ Flickr.com မှာကြည့်ရတဲ့ ပုံတချို့ရယ် ၊ မိတ်ဆွေတချို့ ကျေးဇူးပြုတဲ့ပုံတွေသာကြည့်ဖူးပြီး လူကိုယ်တိုင်မရောက်ဖူးသေးပါ။
ခုမြင်နေရတဲ့ ကျောက်စာကျိုးအပိုင်းစနှစ်ခုကို တောင်သူတွေရဲ့ ယာထဲကရရှိတာဖြစ်ပြီး ရုပ်စုံကြောင်းကို ပေးပို့ထားရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရှေးဟောင်းသုတေသနဌာနက စာရင်းသွင်းပြီးပြီလား၊ အစီရင်ခံစာထုတ်ပြီးပြီလားဆိုတာမသိရသေးပါ။ ပေါက်ပြားစာမိထားပုံပေါ်တဲ့ ကျောက်စာဟာ အတော်လေးပျက်စီးနေပြီဖြစ်ပေမယ့် ကြိုးစားဖတ်မယ်ဆိုရင်ဖြင့် ရနိုင်ကောင်းပါတယ်။
ကျွန်တော်ကြိစားဖတ်သော်လည်းဘဲ ခုချိန်ထိဖတ်မရပါ။ ခြောက်ကြောင်းမြှောက်မှာစာတန်းမှာ " ဂြီ " လို့ထင်ရတဲ့ စာလုံးတစ်လုံးတွေ့တယ်။ ခုနှစ်ကြောင်းမြှောက်မှာလည်းထပ်တွေ့တယ်။ ပုဂံခေတ်ရေးဟန်လို့ ယူဆပါတယ်။ ဒါပေမယ့် တိတိကျကျပြတ်ပြတ်သားသားမြင်ရတာမျိုးမဟုတ်လို့ပိုင်ပိုင်နိုင်နိုင်မပြောနိုင်သေးပါ။ ရှေ့ဆက်လေ့လာရပါဦးမယ်။ မိတ်ဆွေတို့လည်းဖတ်လို့ရတယ် အဖိုးတန်အချက်လက်တွေရှိတယ်ဆိုရင်ဖြင့် အသိပေးပါဦး။ ပညာယူချင်လို့ပါ။ ဒီကျောက်စာနှစ်ချပ်နှင့်ပတ်သက်ပြီး High Resolution ပုံတွေရှိရင်ဝေမျှပါဦး။

2/6/11

ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့သဘောတူ

Photo by The Mirror ( Cambodia )

Photo by The Mirror ( Cambodia )

ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ် အပစ်ရပ်ဖို့သဘောတူ

အနည်းဆုံး စစ်သားတယောက် သေဆုံးခဲ့ရတဲ့ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်လို့ တိုက်ပွဲတွေ ထပ်မံဖြစ်ခဲ့ပြီးတဲ့နောက် စနေနေ့မှာပဲ ထိုင်းနဲ့ကမ္ဘောဒီးယား နိုင်ငံတို့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း ဘန်ကောက် မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Ron Corben က သတင်းပေးပို့ထားတာကို မနန္ဒာချမ်း က အပြည့်အစုံ တင်ပြထားပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေဟာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးတဲ့နောက်ပိုင်း မနေ့က စနေနေ့နှောင်းပိုင်းမှာတော့ ရေရေရာရာမရှိလှတဲ့ အပစ်အခတ် ရပ်စဲရေး ထွက်ပေါ်လာပါတယ်။ တနှစ်အတွင်း ဒီနယ်မြေမှာ ပထမဆုံး အသေအပျောက်တွေရှိခဲ့တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားရတဲ့အတွက် နှစ်နိုင်ငံ စစ်တပ်အရာရှိတွေကတော့ တဖက်ကိုတဖက် အပြစ်တင်နေ ကြတာပါ။ ထိုင်းအစိုးရပြောခွင့်ရသူ ပန်နိတန် ၀ါတန်ရာဂွန် ကတော့ စစ်တပ်မှာ ပစ်ခတ်ခွင့်အတွက် တိတိကျကျ သတ်မှတ်ပြဌာန်းထားတာတွေ ရှိတဲ့အကြောင်းနဲ့ ဒါကိုလည်း ကမ္ဘောဒီးယားနိုင်ငံကို အသိပေးထားတယ်လို့ ဆိုပါတယ်။

“စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခံရတဲ့အခါမျိုးကိုသာ ဘယ်လိုလက်တုံ့ပြန်ရမလဲ ဆိုတာကို ကျနော်တို့က ညွှန်ကြားထားပြီးသား ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဆက်သွယ်အကြောင်းကြားဖို့ အတွက်လည်း ၀န်ကြီးချုပ်က ပြောထားပါတယ်။ ငြိမ်းချမ်းတဲ့ အဖြေတရပ်ရဖို့အတွက်လည်း ကမ္ဘောဒီးယား နိုင်ငံနဲ့ အတူပူးတွဲ ဆောင်ရွက်သွားနိုင်မယ်လို့လည်း ၀န်ကြီးချုပ်က မျှော်လင့်ထားတာပါ။ နှစ်ဘက်စလုံးမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တဲ့အတွက်ကတော့ ၀မ်းနည်းစရာ ဖြစ်ပါတယ်။”

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်က အချေအတင်ဖြစ်နေတဲ့ နေရာက နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီ ဖြစ်တဲ့ ပရ၀ိဟာရ (Preah Vihear) ဘုရားကျောင်းအနီးမှာ ပြီးခဲ့တဲ့သောကြာနေ့နှောင်းပိုင်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အငြင်းပွားစရာ နယ်မြေပိုင်နက် ကိစ္စတွေနဲ့ပတ်သက်ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် ဒါဟာနောက်ဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယားရော ထိုင်းနိုင်ငံကပါ ဒီဘုရားကျောင်းကို သူပိုင်ကိုယ်ပိုင် တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၁၉၆၂ ခုနှစ် ကမ္ဘာ့ခုံရုံးကနေ ဒီဘုရားကျောင်းကို ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ထားခဲ့တာ ဖြစ်သလို ၂၀၀၈ ခုနှစ်မှာ ဒီဘုရားကျောင်းဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ကြေညာထားခဲ့တာပါ။

ဒါပေမဲ့လည်း ဘုရားကျောင်းအနီး နယ်မြေကိုတော့ ၂ ဖက်အကြား သဘောတူညီမှု မရနိုင်သေးတဲ့အတွက် မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ နယ်စပ် အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် အဘိဆစ် ၀ိဂျာဂျီဝ အနေနဲ့ ခပ်တင်းတင်း ကိုင်တွယ်ဖို့ နိုင်ငံရေးမှာ သြဇာညောင်းတဲ့ ထိုင်းအမျိုးသားရေးဝါဒီ အုပ်စုကတောင်းဆို ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့တဲ့အတွက် မကြာသေးခင် ရက်တွေအတွင်း တင်းမာမှုတွေ ပိုပြီးကြီးထွားလာတာပါ။

နှစ်နိုင်ငံစလုံး အသင်းဝင်အဖြစ်ပါဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထဲမှာ နိုင်ငံရေးအရ လုံခြုံစိတ်ချရမှုတွေ ရှိစေဖို့နဲ့ ဆက်ဆံရေးတွေ ပိုမိုတိုးမြှင့်သွားဖို့ အစီအစဉ်တွေအပေါ် အခုတိုက်ခိုက်မှုတွေက ထိခိုက်စရာတွေ ဖြစ်ခဲ့ရတယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက မြင်ကြပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝမ် ကလည်း ပဋိပက္ခဖြစ်ခဲ့တဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုခဲ့သလို သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့အတွက်လည်း တောင်းဆိုခဲ့တာပါ။ နှစ်ဖက်စလုံးကတော့ အာဆီယံအသင်းက ကြားဝင် စေ့စပ်ပေးဖို့အတွက် လိုလားပုံရတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Credit to VOA Burmese Services