11/27/10

ပျောက်ကွယ်ပျက်စီးသွားတော့မည့် ရှေးဟောင်းလက်ရာများ


ဒီတစ်ခေါက် မိဘတွေ ကန်တော့ဖို့ အလည်ပြန်သွားတဲ့ ခရီးစဉ်တစ်လျှောက် ဒီနေရာတွေ ရောက်ခဲ့တယ်။

၁။ ရန်ကုန်
၂။ မန္တလေး
၃။ ရွှေဘို
၎။ ပဲခူး



၂၁ ရက်ကြာတဲ့ ခရီးစဉ်တစ်လျှောက်မှာ ဘုရားပျက် ၊ စေတီပျက် ၊ ဘုရားခေါင်းချိုး ၊ အုတ်ကျောင်းပျက် ၊ ပျက်ဆီးနေတဲ့ နံရံဆေးရေးပန်းချီ ၊ ပြိုပျက်နေတဲ့ သာသနိက အဆောက်အုံ၊ ကျောက်စာ စတာတွေကို မြင်ရတဲ့အခါ မယုံကြည်နိုင်လောက်အောင် စိတ်ပျက်ရတယ်။ အထောက်အထား နှင့် ပြောလို့ရအောင် ဓာတ်ပုံရိုက်ယူလာတယ်။ ဒီခရီးစဉ်မှာ မြင်ခဲ့ရတဲ့ အရာတွေအားလုံးဟာ မထိန်းသိမ်းဘဲ ဒီလိုသာပစ်ထားမယ်ဆိုရင် နောက်သုံးနှစ်အကြာမှာ ထပ်ပြီးမြင်ရဖို့ မသေခြာတော့ပါ။ ဓာတ်ပုံပေါင်း နှစ်ထောင်ကျော် သုံးထောင် လောက်ရိုက်ယူလာခဲ့ပါတယ်။


ရှေးဟောင်း အဆောက်ဦး ၊ ဘုရား ပုထိုး နှင့် ဘုရာဆင်းတုတွေရှိရာ ရွာတွေကို သွားပြီးလေ့လာတဲ့အခါ အရာရှိ တစ်ယောက်ကလိုက်ပို့လေ့ရှိလို့ ဓာတ်ပုံရိုက်ယူရမှာ အဆင်ပြေပါတယ်။ ကျောင်းထိုင် ဆရာတော်တွေကလည်း လိုလိုလားလား လိုက်ပြ ၊ ထုတ်ပြကြတော့ ပိုပြီးအဆင်ပြေပါတယ်။ အများလေ့လာဖို့ အခါအခွင့်သင့်သလို တင်ပါမယ်။


ရောက်ခဲ့တဲ့ ဘုရားပုထိုးတွေရဲ့နေရာ အတိကျအသေးစိတ်ကို မဖော်ပြတော့ပါ။ ဘာဖြစ်လို့ဆိုတော့ တချို့ ဘုရားပျက်တွေဟာ လူသူအရောက်ပေါက်နည်းပြီး အတွင်းထဲမှာ အကောင်းပကတိအတိုင်းရှိနေသေးတဲ့ ရှေးဟောင်း ဘုရားဆင်းတုတော်တွေ ကျန်နေသေးလို့ ဖြစ်တယ်။ ကိုယ်ရေးလိုက်တဲ့ အချက်လက်တွေ ဘုရားခိုးဂိုဏ်း နှင့် သိုက်သမားတွေဆီရောက်သွားမှာမျိုး မလိုလားပါ။


ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူအချို့ဟာ ဘုရားဖူးအဖြစ် လှည့်လည်နေပြီး ရောက်ရာအရပ်ကို သေချာမှတ်တယ်။ လိုချင်တဲ့ ဘုရားဆင်းတုတွေကို ဓာတ်ပုံရိုက်ယူလာလေ့ရှိတယ်။ နောက်ပြီးတော့မှ ဘုရားခိုးဂိုဏ်း တွေကို နေရာဒေသ နှင့် လိုချင်တဲ့ဘုရားဆင်းတုဓာတ်ပုံ အချက်လက်တွေပေးပြီး ခိုးယူခိုင်းလေ့ရှိတယ်။ တချို့ ဘုရားခိုးသူတွေဟာ ဘုရားဆင်းတုရှိရာ ဘုန်းကြီးကြောင်းတွေမှာ နှစ်ပေါက်တဲ့အထိ ဘုန်းကြီးဝတ်ပြီးအခွင့်ခါ စောင့်နေတတ်တယ်။ ဘုရားခိုးသူတွေထဲမှာ ဘာသာခြား ပါသလို ဗုဒ္ဓဘာသာဝင်တွေ တွေလည်း ၊ ပါတယ်။ မြန်မာနိုင်ငံသားတွေပါသလို နိုင်ငံခြားသားတွေလည်းပါတယ်။ ပညာမဲ့သူတွေပါသလို ခေတ်ပညာတတ်တွေလည်းပါတယ်။ ရွာသားတွေ ပါသလို ရွာစားတွေလည်းပါတယ်။ ငမြောက်ငခြောက်တွေပါသလို ပေါက်ပေါက် ရောက်ရောက်တွေလည်းပါတယ်။


ဒီလို ရှေးဟောင်းပစ္စည်းတွေနှင့် သာသနိက ဆိုင်ရာအဆောက်အုံတွေ ပျောက်ပျက်ရာမှာ ရှေးဟောင်းသုတေသန ဌာနကိုချည်း အပြစ်တင်နေမယ်ဆိုရင်တော့ မတရားပါ။ သာမန်လူတွေမှာလည်း ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ သာမန်လူဆိုရာမှာ ဗုဒ္ဓဘာသာဝင်တွေကိုချည်းပြောနေခြင်းမဟုတ်ပါ၊ ဘာသာခြားတွေလည်းပါ ပါတယ်။

ဘယ်ဘာသာကိုဘဲ ကိုးကွယ်ကိုးကွယ် ၊ ဘယ်အရပ်မှာဘဲနေနေ ၊ ဘာလူမျိုးဘဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအားလုံးကို တလေးတစားထိန်းသိမ်းဖို့တာဝန်ရှိတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ ဆိုရာမှာ ဘာသာပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ကိုကိုယ်စားပြုတယ်။ ငါ့ဘာသာ မဟုတ် ၊ ငါတို့ဒေသမဟုတ် ၊ ငါတို့လူမျိုးနှင့်မဆိုင် ဆိုပြီး ဖာသိဖာသာ နေမယ်ဆိုရင် ဒါဟာနိုင်ငံသားမပီသ လူသား မပီသတာပါဘဲ။



ထိုင်းနိုင်ငံက ရုပ်ရှင်ကားတစ်ကားမှာ ဘုရားခိုးတဲ့သူတွေဟာ ဆင်းတုတော်တစ်ခုလုံး မသယ်နိုင်တဲ့အခါ ဦးခေါင်းချိုးယူသွားတာကြည့်ရတယ်။ မြန်မာပြည်မှာလည်းဒီအဖြစ်မျိုးရှိနိုင်တာပါဘဲ။ အားအားရှိ ဘုရားရေလောင်းတဲ့ လူတွေ ၊ ရောင်တော်ဖွင့်တဲ့လူတွေကြောင့် ရုပ်ပွါးတော်မှာ ရေးထားတဲ့စာတန်း ပျက်သွားတာမျိုး မတော်တဆ ထိခိုက်မိပြီး ပျက်ဆီးရတာမျိုးလည်းရှိတယ်။ အဖိုးတန် ရှေးလက်ရာ ရုပ်ပွါးတော်တွေကျိုးပျက်ရတဲ့ အခြားအကြောင်းရာတွေလည်းရှိပါသေးတယ်။


စစ်ကိုင်းအထွက်နားက ဘုန်းကြီးကျောင်းတစ်ကျောင်းကိုဝင်ဖြစ်တယ်။ ဘုရားဝင်းထဲလျှောက်ပတ်ကြည့်တဲ့အခါ ပစ္စည်း အကျိုးပဲ့တွေစုပုံထားတဲ့ နေရာကိုရှာတွေ့တယ်။ ဘုရားခေါင်းကျိုး ၄ ခုတွေ့ တယ်။ လက်အုပ်ချီနေဟန် ရဟန်းရုပ် တစ်စုံ တွေ့တယ်။ တစ်ခုက အကောင်းပကတိ၊ အခြားတစ်ရုပ်ကတော့ ခေါင်းကျိုးနေပါပြီ။ ကျောက်ဖြူသားနှင့် ထုဆစ်ထားတာမို့ ကျိုးလွယ်တယ်။ တစ်ခုခုနှင့် အတော်အတန် ထိခိုက်မိရင်ဘဲ လည်ပင်း ၊ လက်ချောင်း စတဲ့နေရာတွေဟာ အလွယ်တကူကျိုးပဲ့သွားနိုင်ပါတယ်။

ရုပ်ပွါးဆင်းတုကို ဆေးကြောသန့်စင်ရင်း ဖြစ်ဖြစ် တစ်နေရာကနေ နောက်တစ်နေရာရွှေ့ရင်းဖြစ်ဖြစ် မတော်တဆ လွတ်ကျတဲ့အခါ ခုလိုအလွယ်တကူဘဲပျက်ဆီးသွားလေ့ရှိတယ်။ ထုံးစံအတိုင်း ဘုရားရုပ်ပွါးတော်မှာ အနာအဆာ အကျိုးပဲ့ဖြစ်နေရင် ဘယ်လောက်ရှေးကျတဲ့ ပစ္စည်းဖြစ်နေပါစေ အမြင်မသာဆိုပြီး ချောင်ထဲပစ်ထားလိုက်တော့တာပါဘဲ။



ရွှေဘိုအနားက ရွာသုံးရွာရောက်ခဲ့တယ်။ လူသူအရောက်ပေါက်နည်းတဲ့နေရာတွေမှာ ကုန်းဘောင်ခေတ်ဦး ဗိသုကာလက်ရာဟန် စေတီပျက်တွေအတော်များများတွေ့တယ်။ ဘုရားပတ်လည်နှင့် အတွင်းမှာရှိတဲ့ ကျောက်ဖြူ ၊ ယွန်း နှင့် သစ်သား ရုပ်ပွါးတော် အတော်များများကို ခေါင်းကျိုးပြီး မြေပြင်ပေါ်ပြန့်ကြဲနေတာမြင်ခဲ့ရတယ်။ အခြားရွာတစ်ရွာက ဂူဘုရားပျက်တစ်ခုရဲ့ မဲမှောင်နေတဲ့ ဂူထဲကိုဝင်ပြီး ဓာတ်မီးထိုးလိုက်တဲ့အခါမှာတော့ မယုံကြည်နိုင်လောက်အောင် ဘုရားခေါင်းကျိုးအတော်များများစုပုံထားတာကို မြင်လိုက်ရတယ်။ ပထမတော့ ဘုရားသူခိုးတွေက ခေါင်းတွေချည်း ရိုက်ချိုးယူသွားတယ်လို့ ထင်နေပေမယ့် ကျိုးနေတဲ့ခေါင်းတွေကို မြေပြင်ပေါ်မှာတွေ့လိုက်ရတော့ ဘာကြောင့် မှန်းစဉ်စားမရပါ။ ဘုရားခိုးတွေရဲ့လက်ချက်မဟုတ်ဘဲ ဘာသာခြား ဆိတ်ကျောင်းသား ၊ နွားကျောင်းသားတွေ ရန်လိုတတ်တဲ့ စိတ်နှင့် ရိုက်ချိုးဖျက်ဆီးပစ်လေ့ရှိကြောင်း အတူပါလာတဲ့ အရာရှိတစ်ဦးက ပြောပြတဲ့အခါ အတော်လေးစိတ်မကောင်းဖြစ်ရပါတယ်။


ကြေး၊ သံ ၊ခဲမဖြူ နှင့် အခြားသတ္တု တွေရောကျိုပြီး ပုံဖော်ထားတဲ့ ရွှံ့စေးမြေ ဒါမှာမဟုတ် ဖယောင်းခွက်ပေါ် သွင်းလောင်းပြီး လိုရာအရုပ်ကိုပုံဖော်ယူတဲ့အလေ့ အင်းဝခေတ်မှာတော့ လူကြိုက်များပါတယ်။ အဲဒီ ရုပ်ပွါးတော်တွေဟာ လက်ရာကြမ်းပြီး အရွယ်ငယ်တယ်။ တတ်နိုင်တဲ့လူတွေကြပြန်တော့ ဒီလိုသေးငယ်တဲ့ အရုပ်လေးတွေကို ရွှေရည်လူးတတ်ကြတယ်။ ဘုရားစေတီ ဆောက်လုပ်ပြီးတဲ့အခါ ရွှေငွေလက်ဝတ်ရတနာတွေနှင့်အတူ အထက်ဌာပနာတိုက်မှာ ထည့်သွင်းပူဇော်လိုက်လေ့ရှိတယ်။ ဒါကြောင့် တချို့ဘုရားခိုးသူတွေဟာ စေတီတွေရဲ့အထက် ဌာပနာတိုက်တွေကို အလွယ်တကူဖောက်ယူလေ့ရှိတယ်။




အချို့ ဘုရားတွေကြပြန်တော့ နှစ်ပေါင်း အတော်ကြာတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးလာတယ်။ ရာသီဥတုဒါဏ်ကြောင့် အထက်ဌာပနာတိုက်ရှိတဲ့ စေတီအထက်ပိုင်းက အုတ်ချပ်တွေဟာ တဖြေးဖြေးခြင်း ကျိုးပဲ့ပြီးနောက် ဌာပနာပစ္စည်းတွေလည်းမြေခရပါတော့တယ်။ အဖိုးတန်တဲ့ ရွှေ ၊ ငွေတွေကို တန်ဖိုးထားပေမယ့် လက်ရာကြမ်းတဲ့ သတ္တုရုပ်ကလေးတွေကိုတော့ဖြင့် အရေးတယူမရှိပါ။





ရွှေဘို ကားလမ်းဘေးက ရွာတစ်ရွာမှာ ကုန်းဘောင်ခေတ်ဦးလက်ရာဟန် အုတ်ကျောင်းပျက်တစ်ခုတွေ့လို့ဝင်တယ်။ အလှူရှင်က အုတ်ကျောင်းနှင့် အတူ ခေါင်းလောင်းကိုပါလှူတယ်။ ရေအတွက် ကျောင်းဘေးမှာ ကန်တူးပြီးလှူတယ်လို့ ခေါင်းလောင်းစာမှာ ဖတ်ရတယ်။ အုတ်ကျောင်းဘေး ကပ်ရက် ဂူဘုရားနှစ်ဆူတွေ့တယ်။ အလှူရှင်ဘယ်သူမှန်းသေချာ မသိရ။ ဂူဘုရားနှစ်ခုစလုံး ပြိုကျနေပြီ။ ဂူအတွင်းမှာ ထိုင်တော်မူ ရုပ်ပွါးဆင်းတု ထုလုပ်ထားပေမယ့် တစ်ဂူမှာဘဲကျန်တော့တယ်။ သူ့အရင် ကျောင်းထိုင် ဆရာတော်ဟာ ကျောင်းဆောင်အသစ်ဆောက်ရာမှာ အုတ်လိုနေလို့ ပျက်နေပြီဖြစ်တဲ့ အုတ်ကျောင်းနံရံကို ဖြိုပြီး အုတ်ယူတယ်လို့လက်ရှိ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။ ရှေးဟောင်းအဆောက်ဦးကို တတ်နိုင်သလောက်မပြင်ဘဲ အုတ်လိုချင်လို့ ဖျက်ပြီးယူတာတော့မကောင်းပါ။ လက်ကျန် နံရံကို ဓာတ်ပုံရိုက်ယူလာတယ်။







ရွှေဘိုအနီးတဝိုက်က ရွာတွေမှာ ပျက်ဆီးနေတဲ့ ရှေးဟောင်း ဘုရားစေတီ ၊ ဂူဘုရား ၊ ကျောင်း စတဲ့ သာသနိက အဆောက်အုံတွေ အရေတွက်အတော်များများတွေ့ရတယ်။ ဒါတွေအကုန်လိုက်ပြင်မယ်ဆိုရင်လည်း သိန်းထောင်ပေါင်းများစွာကုန်ပါမယ်။ အနီးနားမှာနေကြတဲ့ ရွာသူ ရွာသား ၊ မြို့သူ မြို့သားတွေကတော့ အဟောင်းကို ပြုပြင်ဖို့ထက် အသစ်တည်ပြီးလှူဖို့သာ စိတ်အားသန်ကြတယ်။ သူတို့ အမြဲလုပ်ဖြစ်တာက နှစ်စဉ် နှစ်တိုင်း ဂူဘုရားတွေရဲ့အတွင်းအပြင်ကို ထုံးသုတ်ပစ်တာပါဘဲ။ ထုံးသုတ်တဲ့ရက်စွဲကို နံရံမှာရေးခဲ့လို့ နှစ်တိုင်းသုတ်မှန်း သိရတယ်။ အတွင်းဂူ နံရံမှာ ရေးထားခဲ့တဲ့ ဆေးရေးပန်းချီတွေ ဘာမှမမြင်ရတော့ပါ။ စုတ်တံ မရောက်နိုင်တဲ့ နံရံခပ်မြင့်မြင့်တွေမှာ ရေးရေးမြင်နေရသေးတဲ့အတွက် အရင်က ဒီနံရံမှာဆေးရေးတွေရှိပါလားဆိုပြီးသိရတယ်။



နောက်တစ်ရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကတော့ အနီးနား ဘုရားပျက်တွေ ရုပ်ပွါးဆင်းတုတော်တွေ ဂရုတစိုက် ကောက်ယူထိန်းသိမ်းထားတယ်။ သို့သော် ပေစာ ၊ ပုရပိုဒ်စာတွေကိုတော့ဖြင့် စိတ်ဝင်စားဟန်မတူပါ။ သေတ္တာကြီးတစ်လုံးထဲမှာ ပိုးကိုက်ပျက်ဆီးတဲ့အထိ စုပုံထည့်ထားတယ်။ ဖြစ်သလို ထည့်ထားတဲ့အတွက် စာတွေအားလုံးဟာ ရှေ့နောက်အစီစဉ်တကျမရှိတော့ပါ။ ဖောက်ဖွင့်ပြီး ဖတ်ကြည့်တော့ ဆက်စပ်လို့ မရနိုင်တဲ့ ဗေဒင် ကျမ်း ၊ အင်းကျမ်း တချို့နှင့် ပိဋကတ်စာတွေ တွေ့တယ်။ ကျောင်းထိုင်ဆရာတော်ကို မေးလျှောက်ကြည့်တော့ အရင်ကတော့အများကြီး ၊ သို့ပေမယ့် တချို့ စာတွေကို လူတွေက ငှါးပြီးပြန်မပို့လို့ ဒါဘဲကျန်တော့တယ်လို့ မိန့်တယ်။ ဒီလိုစာတွေဟာ ပြတိုက်မှာရှိနေမယ်ဆိုရင် လေ့လာလိုသူတွေအတွက်အကျိုးများပါမယ်။

ကျောက်ပြားပေါ် မြတ်စွာဘုရား ခြေတော်ရာအသေးစိတ်ကို ထွန်းထုထားတဲ့ ကျောက်စစ်လက်ရာတစ်ခုကို ဘုန်းကြီးကျောင်း ဝင်းထဲက သရက်ပင်ခြေရင်းမှာ ထောင်ထားတာတွေ့တယ်။ ကုန်းဘောင် ခေတ်ဦးပိုင်းလက်ရာဟန်ဖြစ်ပြီး သုံးပိုင်းကျိုးသွားတာဖြစ်နိုင်တယ်။ အကျိုးနှစ်ပိုင်း ထောင်ထားတာတွေ့ပြီး ကျန်တစ်ပိုင်း ဘယ်ရောက်သွားလဲမသိပါ။ သဲကျောက်အမျိုးစားဖြစ်တဲ့အတွက် ဓားသွေးကျောက် လုပ်လိုက်လားမပြောတတ်ပါ။ ဒါဟာလည်း တန်ဖိုးကြီး ရှေးလက်ရာဖြစ်လို့ ကျန်နေသေးတဲ့ အကျိုးနှစ်ခုဟာ သရက်ပင်ခြေရင်းမှာမဟုတ်ဘဲ ပြတိုက်မှာသာရှိနေသင့်တယ်။


ကုန်းဘောင် ခေတ်ဦးပိုင်းမှာ တည်ထားလှူဒါန်းခဲ့တဲ့ ဘုရားတွေကို ချုံပြောရရင် ဂူဘုရား နှင့် စေတီ ဆိုပြီး နှစ်မျိုး ရှိတယ်။ စေတီက အောက်ခြေမှာ ဂူ မပါ။ ဂူဘုရားက အောက်ခြေမှာ ဂူပါပြီး ဝင်ပေါက် သုံးပေါက်ရှိတယ်။ ဂူတွင်းမှာ အများအားဖြင့် ထိုင်တော်မူ ရုပ်ပွါးဆင်းတုတွေကို သစ်စေးမံ ဘုရား ၊ သစ်သား သစ်စေးသုတ် ၊ စကျင်ကျောက် စတာတွေနဲ့ ထွင်းထုပူဇော်လေ့ရှိတယ်။ ရုပ်ပွါးဆင်းတု မျက်နှာမူရာ ရှေ့တည့်တည့်ဟာ အဓိကဝင်ပေါက်ဖြစ်ပြီး ဘေးနှစ်ဘက်ဝင်ပေါက်တွေထက် ကျယ်ဝန်းပြီး ဂူအတွင်းပိုင်းကို လေဝင်လေထွက်ကောင်းစေတယ်။ အလင်းရောင်ရစေတယ်။


စေတီ ဘုရားတွေရဲ့ အပြင်ပိုင်းကိုယ်ထည်ဟာ အများအားဖြင့် ရိုးရှင်းပြီး ထောင့်ချိုး နေရာတွေမှာသာ အင်္ဂတေ ကနုတ်ပန်း ပုံဖော်တာကိုတွေ့ရတယ်။ စေတီ ဘုရား ထောင့်လေးထောင့်မှာဘဲဖြစ်ဖြစ် ၊ အဝင်ပေါက် ဘေးတဘက်တချက်စီမှာဘဲဖြစ်ဖြစ် ခြင်္သေ့ ရုပ်ထားလေ့ရှိတယ်။ စေတီ ဘုရား တစ်ခုလုံး အတွင်းပြင် တည်ဆောက်ပြီးချိန်မှာတော့ ဘေးပတ်ပတ်လည်မှာ အုတ်နှင့် အရန် တံတိုင်း ခတ်လေ့ရှိတယ်။ ခပ်လှမ်းလှမ်း နေရာမှာတော့ ရေ အဆင်ပြေစေဖို့ရာ ကန် လည်းတူးခဲ့သေးတယ်။ ခုတော့ အနီးနားက လူတစ်ချို့ ဘုရားမြေ ၊ ဘုရားတံတိုင်း အတွင်းကိုပါ ကျူးကျော်တာမျိုးလည်း တွေ့ ခဲ့ရတယ်။

ရှိခိုးဆောင်ကို ကျွန်းလုံးတိုင်တွေနဲ့ဆောက်ပြီး တိုင်ခြေကနေ လူမြင် သာလောက်တဲ့အမြင့် လောက်မှာ သစ်စေးနှင့် ရုပ်ကြွပုံဖော်ပြီး ရွှေရည်သုတ်ထားတဲ့ လက်ရာတွေကို ရွှေဘို ရွှေတန်ဆာဘုရား မှာတွေ့တယ်။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် ဇာတ်နိပါတ်တော်တွေကို အသေးစိတ်ပုံဖော်ထားတာဖြစ်လို့ အနုစိတ်ပြီး လက်ရာသိပ်ကောင်းတယ်။ ဒီလိုအနုပညာလက်ရာမျိုး နေရာတိုင်းမှာမတွေ့နိုင်ပါ။ စိတ်ပျက်စရာကောင်းတာက အဲဒိမှာရှိတဲ့ ဘုရားဂေါပက။ ခန့်မှန်း နှစ်တစ်ရာလောက်ရှိပြီဖြစ်တဲ့ သစ်စေးရုပ်ကြွလက်ရာတွေရှိတဲ့ တိုင်းလုံး ပတ်ပတ်လည်ကို ပစ္စည်းပေါင်းစုံချိပ်ဖို့ ၊ ခြင်ထောင် ထောင်ဖို့ ၊ ကြိုးတန်းဖို့ သံရိုက်ပြီး ချိတ်လုပ်တယ်။ ကြော်ငြာစာရွက်ကပ်တယ်။ အဲဒါမျိုးမလုပ်ရဘူး ရှေးလက်ရာတွေကို ဖျက်ဆီးမိရက်သား ဖြစ်တတ်တယ်လို့ ပြောတဲ့အခါ မကြားဟန်ပြုတယ်။ လိုက်ပို့တဲ့အရာရှိမျက်နှာကြောင့် ပစ္စည်းစုံအောင်လိုက်ပြတာရယ်။ တိုင်လုံးတွေကို ဓာတ်ပုံရိုက်တဲ့အခါ ချိတ်ထားတဲ့ ပစ္စည်းဖြုတ်ပေးတာရယ်ကြောင့် အဲဒိဂေါပကကို ကျေးဇူးတင်ရပါမယ်။

11/22/10

မန္တလေး မဟာမြတ်မုနိဘုရားကြီးက နံရံဆေးရေးပန်းချီ


ရန်ကုန်ရောက်တဲ့ ညနေဘက်မှာဘဲ မန္တလေးကိုဆက်တက်ပါတယ်။ နောက်တစ်နေ့ နံနက် ၇ ရာရီလောက် မန္တလေး ရောက်တယ်။ ၄ နာရီလောက်အချိန်ယူပြီး လျှောက်ပတ်ကြည့်တယ်။ ရှော့ပင်းမောတွေ တိုးလာတယ်၊ ဆိုင်ကယ်တွေတိုးလာတယ် ၊ ဟန်းဖုန်း တွေတိုးလာတယ် ၊ အဝတ်စားဝတ်ဆင်မှု ပုံစံနည်းနည်းပြောင်းလာတယ်။ ကျွဲဆည်ကန်ကစပြီး ရောက်တဲ့ နေရာတိုင်းမှာ ယဉ်စည်းကမ်း လမ်းစည်းကမ်း ထုံးစံအတိုင်းဖြစ်နေတာ မြင်ရတယ်။

ကားမောင်းသူချပေးတဲ့ မဟာမြတ်မုနိဘုရားကြီး တောင်ဘက်မုတ်က ဝင်ဝင်ချင်းမှာဘဲ ဒီနံရံ ဆေးရေးပန်းချီကိုတွေ့ တယ်။ အမှန်တိုင်းဝန်ခံရရင် ဒီနေရာမှာ နံရံဆေးရေးပန်းချီတွေရှိမှန်း အရင်က မသိခဲ့ပါ။ သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဆေးရေးပန်းချီတွေကို ဘယ်သူမှ အလေးမထားတာပါဘဲ။ အင်္ဂတေ ပေါ်မှာရေးထားတာဖြစ်တဲ့အတွက် အင်္ဂတေသားတွေ ကွာကျသွားတာနဲ့ ပန်းချီတွေပါ ပျက်စီးသွားပါတော့တယ်။ အဲဒိလို ပျက်သွားတဲ့ နံရံကို ထုံး ၊ ဒါမှမဟုတ် ဆေးဖြူ သုတ်ထားတာမြင်ရတယ်။ လူ့အညစ်ကျေး ၊ ကွမ်းတံတွေးကြောင့် ညစ်ပတ်နေပါတယ်။ ဘုရားဆောင်းတန်းမှာ ပန်းပုထုပြီး အသက်မွေးဝမ်းကြောင်းတဲ့ လူတွေရဲ့ သစ်တို သစ်စ ၊ ပျဉ်တို ပျဉ်စ တွေကို ဆေးရေးပန်းချီတွေရှိတဲ့ နံရံတွေပေါ် ထောင်ထားတာလည်းတွေ့ခဲ့ရတယ်။

ရှေ့မှာ ပြောခဲ့တဲ့အတိုင်း သိပ်အဟောင်းကြီးမဟုတ်ပေမယ့် လက်ရာကောင်းပါတယ်။ မန္တလေး ဆရာချုံ ရဲ့လက်ရာတွေကို အမှတ်ရစေပါတယ်။ ရေးဆွဲတဲ့ ခုနှစ် ၊ ရေးဆွဲသူ ၊ လှူဒါန်းသူ စတဲ့အချက်လက်တွေကို နောက်မှဘဲ စီစစ်ပြီးရေးပါမယ်။

10/16/10

ပျူစာပါ ပုဂံခေတ် မြေပုံဘုရား





အမျိုးအစား - မြေပုံဘုရား ( အများအခေါ် အုတ်ခွက်ဘုရား )
လက်ရှိတည်နေရာ - ဗြိတိလျှ ပြတိုက်၊ လန်ဒန်

တွေ့ရှိရာနေရာ - မြန်မာ
ပြုလုပ်ပုံနည်းပညာ - ပုံစံခွက် သုံးပြီး မြေသားပုံဖော်
မူလနေရာ - မြန်မာ ( ပျူ )
အချိန်ကာလ - ၈ - ၁၀ ရာစု (this date according to Guy 2002; Luce suggests 10th-11thC)
မှတ်ချက် ။ ။ Guy က ၈ - ၁၀ ရာစုလို့ခန့်မှန်းပြီး ၊ လုစ် ကတော့ ၁၀-၁၁ ရာစုလို့ ခန့်မှန်းပါတယ်။ )
အရွယ်အစား

အမြင့် - ၈ စင်တီမီတာ

ဗျက် အကျယ် - ၆.၅ စင်တီမီတာ

ဒီမြေပုံဘုရား ကို လန်ဒန် ၊ဗြိတိလျှပြတိုက် မှာသုတေသနလုပ်နေဆဲအဆင့် ရှေးပစ္စည်းစာရင်းမှာ တွေ့ရပါတယ်။ သမိုင်း သုတေသန စိတ်ဝင်စားသူတွေကတော့ ဒီမြေပုံဘုရားကို မှတ်မိချင်မှတ်မိပါလိမ့်မယ်။ ကျောက်စာဝန်ဟောင်း ဦးမြရေးတဲ့ " အုတ်ခွက် ရုပ်ပွါးဆင်းတုတော်များအကြောင်း " စာအုပ် ၊ ပုံ ၁၀၅ ဖြစ်ပါတယ်။ မြင်းကပါ အရှေ့ ကျဆင်းဘုရား အတွင်းကရရှိတယ်လို့သိရပါတယ်။

မြင်နေရတဲ့အတိုင်း အနည်းငယ်ရှင်းပြလိုပါတယ်။ လန်ဒန် ၊ဗြိတိလျှပြတိုက်မှူးအဆိုအရ မဟာဗောဓိပင်အောက်မှာဖြစ်တယ်။ ဦးမြကတော့ ဗောဓိပင်အကြောင်းပြောမထားပါ။ တင်ပြင်ခွေ ရုပ်ပွါးတော် သုံးခုလုံးရဲ့အပေါ်မှာ ထီးအမိုးငယ်ရှိပါတယ်။ ရုပ်ပွါးတော် သုံးခုလုံးရဲ့ အောက်မှာတော့ ကြာပလ္လင် ခံထားတယ်။ အုတ်ခွက်အလယ်က ရုပ်ပွါးတော်ဟာ မြတ်စွာဘုရား တရားဟောနေဟန် " ဓမ္မစကြာ မုဒြာ " ဖြစ်ပြီး ၊ အာသနခေါ်တဲ့ ခြေဟန်ကို စစ်ဆေး ကြည့်တဲ့အခါ ဘယ်ခြေကို ညာခြေပေါ်ထပ် ခွေထားပြီးတည်ငြိမ်အေးဆေးတဲ့ ဟန် " ပဂျင်ကာသန " ဖြစ်တယ်။

ယာဘက် ရုပ်ပွါးဆင်းတုတော်ကတော့ အရိမေတ္တေယျ ကိုကိုယ်စားပြုတယ်။ လက်တော်မြေထိ ဘူမိဖဿမုဒြာ ဖြစ်ပြီးခြေဟန်ကတော့ " ပဂျင်ကာသန " ဖြစ်တယ်။ဝဲဘက် ရုပ်ပွါးတော်ဟာ ထူးခြားမှုရှိပါတယ်။ဦးခေါင်းမှာ မကိုဍ်ဆောင်းထားတဲ့ အပြင် ၊ မင်းဝတ်တန်ဆာဝတ်ဆင်ထားတယ်၊ စလွယ်လွယ်ထားတာဖြစ်လို့ ပိုပြီးထူးခြားတယ်။ ကြာပလ္လင်ပေါ် မင်းထိုင် ထိုင်နေဟန် " ရာဇလိလာသန" ဖြစ်ပြီး အဲဒိအချက်တွေအားလုံးအရ ပြောရရင် ဘုရားလောင်း ဗောဓိသတ္တဖြစ်တယ်။ မြေပုံဘုရားတစ်ခုလုံး ကိုခြုံပြီးပြောရရင်တော့ ဒါဟာ မဟာယာန ဟန်ဖြစ်ပါတယ်။ ဒီလို မြတ်စွာဘုရားကို ဘေးရံအရိမေတ္တေယျ နှင့် ဗောဓိသတ္တ ဘုရားလောင်း ယှဉ်တွဲ ပြုလုပ်ပူဇော်ကြခြင်းဟာ ပုဂံခေတ်ဦးပိုင်းမှာ လူကြိုက်များပုံပေါ်တယ်။အတွေ့ရများတယ်။ ဒါကြောင့် လုစ် က ပုဂံခေတ်ဖြစ်မယ်ဆိုပြီး ခန့်မှန်းပုံရတယ်။

ဒေါက်တာသန်းထွန်းရဲ့စာတမ်းတွေမှာတော့ ဒီမြေပုံဘုရားအကြောင်း ရေးထားတာမတွေ့ပါ။ ထုဆစ်ပုံဟန်ပန် မှာတော့ ဘုရားလောင်း ဗောဓိသတ္တ ကလွဲပြီး ကျန်တဲ့ ရုပ်ပွါးနှစ်ခုမှာ ပုဂံဟန်သိပ်မတွေ့ရပါ။ မျက်နှာတော် ဥခေါင်းတော်တို့က ပုဂံဟန် မပြ။ ဦးမြကတော့ ပျူ မှတ်တမ်းစာရေးထားတဲ့ ပုဂံ အနော်ရထာ ခေတ် မဟာယာန ဗုဒ္ဓဘာသာဆိုင်ရာ အုတ်ခွက်ဘုရားလို့ ဆိုပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အဲဒီမြေပုံဘုရားရဲ့ အောက်ခြေ အလယ်မှာ ရေးထားတဲ့ ပျူစာ ၇ လုံးတွေ့တယ် ၊ ပထမ စာလုံး နှစ်လုံးက ပျူ အက္ခရာနှင့် " ဗုဓ ( ဗုဒ္ဓ ) " ဆိုပြီးရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းရှင်းပြောတော့ ဦးမြရဲ့အယူဆကို ကြိုက်တယ်။ ကျန်တဲ့ စာလုံးတွေကတော့ ရာသီဥတုဒါဏ်ကြောင့် ဖတ်မရလောက်အောင် ဝါး (ပျက်) သွားပါပြီ။

ဒီနေရာမှာ သတိထားပြီးပြောလိုတာက အနိရုဒ္ဓ ( အနော်ရထာ ) ပုဂံခေတ်ဦး လက်ရာ မြေပုံဘုရားတွေမှာ " နာဂရီ " ဘာသာနှင့် မှတ်တမ်းတင်တယ်လို့ G.H Luce ကပြောခဲ့တယ်။ နောက်ပိုင်း မွန်စာ နှင့် မှတ်တမ်းတင်ထားတဲ့ မြေပုံဘုရားတွေ့တဲ့အခါ ဒေါက်တာသန်းထွန်းက " နာဂရီ ၊ မွန် " စာဆိုပြီး ဖြည့်စွတ်ပါတယ်။ အခု သုတေသန လုပ်ဆဲဖြစ်တဲ့ ဒီမြေပုံဘုရားကို ပုဂံခေတ် ဦးပိုင်း ပျူလက်ရေး ဖြစ်တယ်လို့အတည်ပြုနိုင်ရင်တော့ " နာဂရီ ၊ မွန် ၊ ပျူ " စာတွေနှင့် မှတ်တမ်းတင်တယ်လို့ ထပ်ပြီး ဖြည့်ချင်ဖြည့်ရနိုင်ပါတယ်။


ဒီဘလော့ကိုလာဖတ်မိတဲ့ လူတွေထဲမှာ ပျူစာဖတ်တတ်တဲ့လူရှိရင် ပြောခဲ့ပါ ၊ HR ဓာတ်ပုံ ပို့လိုက်ပါမယ်။

ကျမ်းကိုး။ ။
ဒေါက်တာသန်းထွန်း၊မြန်မာ့ မီးဖုတ်မြေထယ် ပစ္စည်း ၊ မုံရွေး စာအုပ်တိုက်၊ ၂၀၀၂။
သီရိပျံချီ ဦးမြ ၊ အုတ်ခွတ် ရုပ်ပွါးဆင်းတုတော်များအကြောင်း ၊ ပ-ဒု ၊ Department of Archaeology၊ 1961။
THE ART AND CULTURE OF BURMA
Chapter II The Pre-Pagan Period: The Urban Age of the Mon and the Pyu
Dr. Richard M. Cooler , Art History of Southeast Asia, Northern Illinois University
Original Link http://www.seasite.niu.edu/burmese/cooler/Chapter_2/Chapter_2.htm

10/9/10

ပြည်စိုး

ငယ်ငယ်က အမေဆိုပြတဲ့ သီချင်းတွေထဲမှာ ' ရွှေပြည်စိုး ' ဆိုတာပါတယ်။ ရွှေပြည်ကို စိုးရတဲ့သူလား ဒါမှမဟုတ် အခြားအဓိပ္ပာယ်ရှိလား ၊ ဒါမှမဟုတ် " ပြည်စိုး " နဲ့ အတူတူဘဲလား ဆိုတာသေခြာမသိလို့ မပြောတတ်ပါ။ သို့သော် ကျောက်စာ ၊ ပြန်တမ်း ၊ စစ်တမ်း တွေမှာ တွေ့ရတဲ့ ' ပြည်စိုး ' အကြောင်းတော့ အထောက်အထားနှင့် အသေခြာပြောလို့ရတယ်။

ပုံအထောက်အထားရမလားဆိုပြီး နံရံဆေးရေးပန်းချီတွေ နှင့် ပုရပိုဒ်တွေမှာရှာပေမယ့် သူကြီးသာသာ ရာထူးအဆင့်လောက်သာရှိတဲ့လူဆိုတော့ တရေးတယူ ဦးစားပေးမှတ်တမ်းတင်တာမျိုးတော့ ခုချိန်ထိတော့မတွေ့သေးပါ။ ဦးမောင်မောင်တင် က " ရွှေနန်းသုံး ဝေါဟာရအဘိဓာန် " ရေးထားခဲ့လို့ နှောင်းလူတွေ လေ့လာခွင့်ရတယ်။ တောင်ကြီးက ပါမောက္ခဒေါ်တင်အုန်း နှင့် တောင်ကြီးတက္ကသိုလ် မြန်မာစာဌာန ပြုစုခဲ့တဲ့ " ပုဂံခေတ် မြန်မာကျောက်စာများလာ ဝေါဟာရများ လေ့လာချက် " အဘိဓာန်စာအုပ်ငယ်ဟာ သမိုင်း သုတေသ လေ့လာသူတွေအတွက် သိပ်အသုံးဝင်တယ်။

တင်နိုင်တိုး က " မြန်မာဝန်တစ်ရာ " စာအုပ်ထုတ်တယ်။ ရှေ့ကလူတွေရေးပြီးသားတွေထဲက ဟိုတစ်စ ဒီတစ်စ ကူးချပြီး ပြုစုထားတဲ့ စာတမ်း၊ စာဆောင် မျိုးကို ဒေါက်တာသန်းထွန်းကတော့ " စပ်ထမီ " ဆိုပြီး အမည်ပေးတယ်။ ရှေးမြန်မာဘလော့ရေးသူကတော့ ရောင်းမစွန်တဲ့ စပ်ထမီတွေအတော်များများ လုပ်ခဲ့ပြီးပြီ။ အေဒီ ၂ ရာစုလောက်ကနေပြီး ပျူ ၊ ပုဂံ အပါဝင် ၁၉ ရာစုလောက်အထိ ကျောက်စာ၊မြေပုံဘုရားစာ ၊ မင်စာ၊ ပုရပိုဒ်စာ ၊ ပေစာ တွေထဲက အချက်လက် ဝေါဟာရတွေကိုစုပြီး " စပ်စောင် " တစ်ထည်လုပ်ဖို့ ရည်ရွယ်စုစည်းထားပါကြောင်း။။။။



" ပြည်စိုး "

စစ်တမ်းများ၌ မြို့ရွာကို အုပ်ချုပ်သူအကြောင်းအမြဲတစေပါရှိ၏။ မြို့ရွာကို အုပ်ချုပ်သည့်အရာထမ်းများမှာ မြို့ကို မြို့သူကြီး၊ တိုက်နယ်ကို တိုက်သူကြီး၊ ရွာကို ရွာသူကြီးစသည်ဖြင့် အများအပြားပင်ရှိပေသည်။ သူကြီးရာထူးကား ပုဂံခေတ်ကပင်ရှိခဲ့၏။

သူကြီးများအစား အချို့မြို့ရွာများတွင် ပြည်စိုးဆိုသူက ကြီးစိုးသည်။ ကုန်းဘောင် ခေတ်ဦးတွင် ပြည်စိုးကြီးစိုးသည့် မြို့အနည်းငယ်သာရှိဟန်တူသည်။ ပုဂံမြို့တွင် ပြည်စိုး ၄ ယောက်ရှိကြောင်း ၁၁၂၇ ခု စစ်တမ်းတွင်ပါသည်။ သို့ရာတွင် ပုဂံမြို့ ၁၁၄၅ ခုစစ်တန်း၌ ပြည်စိုးနေရာတွင် မြို့သူကြီးဟူ၍ ၄င်း တွေ့ရှိရသဖြင့် ပြည်စိုးနှင့် မြို့သူကြီးမှာ ထပ်တူထပ်မျှ ဖြစ်မည်ဟု ယူဆရပေသည်။ တောင်ဆင်းမြို့တွင်လည်း မြို့သူကြီးအစား ပြည်စိုးကြီးစိုးသည်။ မြို့သူကြီးအောက် အဆင့်နိမ့် ၍ ရွာသူကြီးထက် အရာမြင့်သည့် ရွာများကို အုပ်ချုပ်ရသော ပြည်စိုးတမျိုးလည်းရှိသေးသည်။ ဥပမာ တူရွင်းတိုင်မြို့ ကျေး၌ တောင်ရှေ့ ပြည်စိုးသည် ၂၁ ရွာကို ၄င်း၊ တောင်နောက်ပြည်စိုးသည် ၂၃ ရွာကို၎င်း ကြီးစိုးစီရင်ကြသည်။

ပုဂံခေတ်တွင် ပြည်စိုး ရှိ မရှိကို မပြောနိုင်သော်လည်း အဝခေတ်တွင်ကား ရှိနေပေပြီ။ အဝခေတ် ပြည်စိုးသည်ကား ရွာသူကြီးထက် အရာမြင့်၏။ အဝခေတ် ကျောက်စာများ၌တွေ့ရသည်ကား

" ရွာသူကြီးစသော အသည်တိုင်သည် ပြည်စိုဝ်ကိုဝ်ဆိုဝ်လေ၏ " ။ ( ကျောက်ရစ်ရွာ ရွှေပေါင်းလောင်းဘုရားကျောင်း ကျောက်စာ မျက်နှာဖက် ကြောင်းရေ ၇ ။ သက္ကရာဇ် ၇၅၇ )

" ရွှေပြည်စိုဝ် မ္လစ်သာသူကြီး " ( စကိုင်း စေတီလှ ကျောဖက် - ကျောက်စာကြောင်းရေ ၁၃ ။ သက္ကရာဇ် ၇၈၅ )။ " စကိုင်ပြည်စိုဝ် မဟာကမန် ဆင်မတစီ ရွှေထာတစင် " ( စကိုင်း အောင်းချမ်းသာချောင်ကျောက်စာ ကြောင်းရေ ၁၁ ။ သက္ကရာဇ် ၇၉၃ ) စသဖြင့်တွေ့ရပါသည်။

" ပြည်စိုဝ်စစ်သာ က္လောင်ကိုဝ်လှူတဝ်မူသည်" ( အမြင့်မြို့နယ် တောကျောင်းရွာ တောင်ဖက် တမျက်နှာကျောက်စာ ကြောင်းရေ ၂၀။ သက္ကရာဇ် ၇၂၆ )

" မင်ပြည်စိုဝ်စစ်သာခွန်တံ" ( ဆားလင်းကြီးမြို့နယ် ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ ကြောင်းရေ ၁၃ ။ သက္ကရာဇ် ၇၄၅ )


ပြည်စိုး ၄ ယောက်တို့၏ တာဝန်ဝတ္တရားများမှာ

၁။ တိုင်းသူရင်းမင်းမှုကို စီရင်ရခြင်း
၂။ တိုင်ထောင် တိုင်ဆော် ရောက်လျှင် ရုံးတော်မှာ စု၍ တန်းခေါင်းတို့နှင့် အမိန့်တော်ကို ထောက်ခါ
ပြည်စိုးမင်းလျင်က ပြည်စိုး၊ စချီတန်းခေါင်းတို့ကို အစုကျ ခွဲခန့်စီရင်ရခြင်း။
၃။ ပြည်စိုးမင်းလျင်သည် ပြည်စိုး၊ စချီ၊ တန်းခေါင်းများမှ အစုသင့်ကျသည်ကို တဝတည်း စုရုံး၍ ပေးရခြင်း။
၎။ တန်းခေါင်း၊ သူကြီး ငယ်သားတို့ ရိုးရာတရားစကားရှိလျှင် မင်းလျင်ကစီရင်၍ တဝက်ကို
အရာတော်ဆက်သွင်းခြင်း။
၅။ ချောသံတမန် ရောက်လျင် ပြည်စိုးတို့နှင့် စချီတို့က ချောထမင်း အလှည့်သင့် ပို့ရခြင်း။
၆။ ကျွဲဝင် နွားဝင် မြင်းဝင်များမှ ၁၂ လစေ့၍ အရှင်မပေါ်လျှင် မင်းလျင် သိမ်းလျက် တဝက်ကို
အရာတော်ဆက်သွင်းရခြင်း။
၇။ ဆင်သေလျှင် အစွယ်ကို အရာတော် အပို့ဆက်သွင်းရခြင်း။
ဥကင်တော်ကြီးဖွင့်သောအခါ ပြည်စိုး ၁ လျှင် ငွေဖလား ၅ိ ခုတ်စီ ပေးဆောင်ကြရ၏။ ၄င်းတို့၏ အခွင့်အရေးကာ

၁။ စီရင်သည့် ရိုးရာမှုများမှ ကွမ်းဖိုးတဝက်ကို စားပိုင်ခြင်း။
၂။ ကျွဲဝင် နွားဝင် များမှ တဝက်ကိုစားပိုင်ခြင်း။
၃။ ကျွဲ နွားသေလျင် ပြည်စိုးတို့က ဆင်ကုန်း၊ တင်သား စားပိုင်ခြင်း။

မြို့သူကြီးသေသော် အရာကိုဆက်ခံလျှင် ကြေး ၂၀ိ၊ ပြည်စိုး တို့ အရာဆက်ခံလျှင် လက်ဆောင်ကြေး ၁၀ိ ဆက်ရိုး။ သူကြီးငယ်တို့ အရာဆက်ခံလျှင် ဖျင်တစုံ မြို့သူကြီးကို တိုင်ရိုးရှိပါသည်။ တူရွင်းတိုင်စစ်တမ်း ၁၁၆၄ ။

သားအရာခံလျှင် ငွေဖလား ၅ိလုပ်၊ လက်ဖက်ချောင်း ခါသာနှင့် ရွှေလက်တော်မှာ ဆက်သ၍ အရာခံရပါသည်။ သူကြီးတို့သေ၍ သားဆက်ခံလျှင် ဖျင်တစုံနှင့် ကျွန်တော်ပြည်စိုးမှာ တိုင်ကြားရသည်။ တောင်ဆင်း စစ်တမ်း ၁၁၄၅။


" ပြည်စိုး " အမှုထမ်းတွေအကြောင်း စုစည်းဖော်ပြလိုက်ပါတယ်။ ဦးမောင်မောင်တင်ပြုစုတဲ့ ရွှေနန်းသုံးဝေါဟာရအဘိဓာန် ပဌမတွဲ မှာတော့ " ပြည်စိုး " မပါ။

ရည်ညွန်း ။ ။ ကုန်းဘောင်ခေတ်စစ်တမ်းများ ၊ ဒေါက်တာ ရီရီ။
တူရွင်းတိုင်စစ်တမ်း ၁၁၆၄ ။
တောင်ဆင်း စစ်တမ်း ၁၁၄၅။
ပုဂံမြို့ စီရင်စု ၁၁၂၇ ခုစစ်တမ်း။
မြတ်လေးဆူဘုရား ကျောက်စာ။
ရွှေပေါင်းလောင်းဘုရားကျောင်း ကျောက်စာ ။
မြတ်လေးဆူဘုရား ကျောက်စာ ။
စကိုင်း စေတီလှ ကျောက်စာ။
စကိုင်း အောင်းချမ်းသာချောင်ကျောက်စာ။
ဆားလင်းကြီးမြို့နယ် ခွန်သာရွာ မြတ်လေးဆူဘုရား ကျောက်စာ ။

10/3/10

မိဘုရားနှင့် မိဖုရား အဆုံးအဖြတ်

မိဘုရားနှင့် မိဖုရား အဆုံးအဖြတ် ။ ။ မိဘုရားသည် ပြည်သူတို့၏ အမိဖြစ် သောကြောင့် သဒိသူပစာအားဖြင့် " အမိဘုရား " ခေါ်ဝေါ်သည်။ အ- ကြေ၍ " မိဘုရား " ခေါ်ဝေါ်သည်။ အာလုပ်ပုဒ်ဖြစ်သတည်း။

သက္ကရာဇ် ၅၈၅ ခုနှစ် ရေးထိုးသည့် လေးထောင့်ကန် လေးမျက်နှာဘုရားကျောက်စာတွင် " အမိဖုရှား စသော မောင်းမတော်ခပ်သိမ်း " ဟူ၍ ထိုပုဂံခေတ်က အ, မကြေပဲ " အမိဘုရား " ခေါ်ဝေါ်ရေးသားကြောင်း ထင်ရှားသည်။

သက္ကရာဇ် ၁၂၂၂ ခုနှစ် ရေးထိုးသည့် မန္တလေး ရတနာပုံ ရွှေမြို့တော် တောင်ပြင် မဟာနွယ်စင်ရပ်ရှိ မဟာဗောဓိကျောက်စာတွင် " စတုသဋ္ဌိလက္ခဏာ၊ အင်္ဂါအနဂ္ဃီ ၊ အစုံရှိသော နှမတော်မြတ် သိရီနတ်အား ကိုးပါးသော ကျောက်မျိုးတို့ဖြင့် ပြည်သူ့မိမြတ် သတ်မှတ်တင့်ကဲ ချီးဝှဲးပြဋ္ဌာန်းတော်မူပြီးနောက် " ဟူ၍ မိဖုရားကြီးတင်တော်မူသည်ကို " ပြည်သူ့မိမြတ် သတ်မှတ်သည် " ဟူသော ဝေါဟာရဖြင့် ဆိုလေသည်။

သက္ကရာဇ် ၆၆၀ ခုနှစ် ရေးထိုးသည့် မိဘုရားစော ကျောက်စာတွင် " ရန်ခပ်သိမ်းကို နှိမ်နင်းနိုင်သော သီရိရာဇာမည်သော မင်းကြီးများဖြစ်သော မိဘုရားစော သည် " ဟူ၍၎င်း။

သက္ကရာဇ် ၁၁၈၃ ခုနှစ် ၊ မဇ္စျိမဒေသ ဗုဒ္ဓဂယာ အရပ်ရှိ မဟာဗောဓိ ကျောက်စာတွင် " မြတ်သော မိဘုရားခေါင်းကြီးနှင့် တကွ " ဟူ၍၎င်း၊ " သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ အမည်တော်ရှိသော တောင်မိဘုရားခေါင်ကြီး နှင့်တကွ " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၀၅ ခုနှစ် ၊ လောကမဏိစူဋ္ဌာ ဘုရားကျောက်စာတွင် " တိုင်းနေ ပြည်သူ လူအများတို့အား သနားကရုဏာ မေတ္တာပင်စည် ခက်မတည်လျက် သက်ကြည်တော်မူသဖြင့် တောင် မိဘုရားခေါင်းကြီး " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၀၉ ခုနှစ်၊ ဆိတ်ပေါက်ဘုရား ကျောက်စာတွင် " မင်းညီ မင်းသား ၊ မင်းမိဘုရား ၊ မွှန်ကြားပေါက်ပြ " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၁၁ ခုနှစ် ၊ စက်တော်ရာဘုရား ကျောက်စာတွင် " အဘိရူပ ၊ ဒဿနက ၊ စသည့်ကျေးဇူး ၊ ထူးကဲလွန်မြတ်တော်မူသော ရှစ်သောင်းထွတ်ဖျား မိဘုရားခေါင်ကြီး ဘုရားနှင့် " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၂၁ ခုနှစ် ၊ မန္တလေးတောင်ခြေ သုဓမ္မာ ကျောက်စာတွင် " မြောက်နန်းတော် မိဘုရားသည် " ဟူ၍၎င်း။

သက္ကရာဇ် ၁၂၃၆ ခုနှစ် ၊ ဗုဒ္ဓဂယာအရပ် မဟာဗောဓိကျောက်စာတွင် " အခေါင်ညာထား ၊ မိဘုရားမြတ် " ဟူ၍၎င်း အသီးသီး ကျောက်ထက်အက္ခရာဖြင့် ထင်ထင်ရှားရှား ရှိလေသည်။

သို့ပါလျက် အချို့က စက္ကူ စာအုပ်ပြုလုပ်ရန် ကျောက်စာကို စက်တင်ပုံနှိပ်သည့်အခါ ကျောက်စာမူတွင် စတုတ္ထက္ခရာ ဘကုန်းနှင့် ရှိသည်ကို ဒုတိယက္ခရာ ဖဦးထုပ် သို့ လဲပြောင်းစက်တင်ပုံနှိပ်ကြသည့် အရာများစွာ တွေ့ရလေသည်။ ဤသို့ ရှေးပညာရှိတို့၏ ကျောက်စာအက္ခရာမူကို ပြင်ဆင်ခြင်းမှာ အလျှင်းပင်မသင့်ချေ။

အချို့သူတို့ကလည်း မန္တလေးရတနာပုံ ဒုတိယနန်းစံ မာရ်အောင်ရတနာ စေတီတော် ဒါယကာမင်းတရား လက်ထက်တော်ရောက်မှ မိဖုရားကြီး ဓားထက်သည်ကို ကြောက်ရွံ့ရသဖြင့် ဖဦးထုပ် နှင့် ဘကုန်း လဲပြောင်းပြီးကာလ " မိဖုရား " ဟုရေးရလေဟန် မဟုတ်မမှန် လုပ်ကြံပြောဆိုကြလေသည်။

မိဘုရား ဟူသော ပုဒ်အက္ခရာကို ပုဂံခေတ်ကောင်းစားစဉ် လွန်ခဲ့သော အနှစ် ၉၀၀ လောက်ကပင် စတုတ္ထက္ခရာ ဘကုန်းတချောင်းငင် ဥသရနှင့် " ဘု " ဟူ၍၎င်း၊ ရကြီးအချတွင် ဝိသဇ္ဇနီနှင့် " ရား " ဟူ၍၎င်း အရေးအသားရှိခဲ့သည့်ပြင် ကုန်းဘောင် ပဌမအလောင်းမင်းတရားကြီးမှစ၍ တဆဲ့တဆက်သော မင်းတို့လက်ထက် နန်းတော် ၊ အိမ်တော်နှင့်တကွ လွှတ်ရုံးငါးရပ်တို့၌လည်း စတုတ္ထက္ခရာ ဘကုန်း နှင့် ချည်း ရေးသား သုံးနှုန်းခြင်း ဖြစ်လေသည်။ ထို့ကြောင့် မိဘုရားဟူသော ပုဒ်အက္ခရာကို ရှေးကာလက ရှိဟောင်းဖြစ်သော ကျောက်စာမူ ၊ ပေမူ ၊ ပုရပိုက်မူတို့တွင် ပါသည့်အတိုင်း ရေးသားသင့်လေသည်။

====================================
(ကျမ်းစာပါ မူရင်းအတိုင်း ပြန်လည်ကူးယူဖော်ပြသည်။)