9/23/10

ံ နံရံဆေးရေးပန်းချီ ရှိသော ဂူဘုရား များ ( ပုဂံ )

ကိစ္စတစ်ခုအတွက် ခရီးသွားရင်း လမ်းကြုံတဲ့တွက် မထင်မှတ်ဘဲ ပထမဆုံးအကြိမ်အဖြစ် ပုဂံရောက်တယ်။ ဘယ်ကိုသွားလို့ ဘယ်က စလေ့လာရမှန်းမသိတဲ့အတွက် စက်ဘီးတစ်စီးနှင့် စိတ်ကူးတည့်ရာသွားခဲ့တယ်။

ဒုတိယအခေါက် ပုဂံရောက်တဲ့အခါမှာလည်း ထုံးစံအတိုင်း ကားဆရာလိုက်ပို့တဲ့ တစ်ရက်ခရီးစဉ် နှင့်ဘဲပုဂံတစ်ပတ်လှည့်တယ်။ ပုဂံပြတိုက်မှာတင် တစ်ရက်နီးပါးကုန်တယ်။ ကားဆရာလိုက်ပို့ တဲ့ ဘုရားတွေအပါဝင် နေရာအတော်များများမှာ ပုဂံခေတ် မူလ ဗုဒ္ဓရုပ်ပွါးတော်တွေမရှိပါ။ သိုက်သမားရန်ကြောက်ရတာက တစ်ကြောင်း ၊ အခြားအခြားသောအကြောင်းတွေကြောင့် ပြတိုက်ကိုပြောင်းရွှေ့ ပြီး အများလေ့လာဖို့ ပြထားတယ်။

ဒီတော့ ပုဂံကိုလေ့လာဖို့ သွားမယ်ဆိုရင် ဗိသုကာလက်ရာ ၊ စဥ့်ကွင်း ၊ အင်္ဂတေ ပန်းရံ ၊ ဆေးရေးပန်းချီ အပါဝင် အဆောက်ဦးနှင့် အတွင်း အပြင် အလှဆင်ထားတဲ့ ရှေးလက်ရာတွေကို ဘုရား ပုထိုးတွေမှာလေ့လာနိုင်မယ်။ ပြတိုက်ကိုသွားရင် ပုဂံခေတ် မူလ ဗုဒ္ဓရုပ်ပွါးတော် ၊ ကျောက်စာမူရင်း နှင့် အခြားရှေးပစ္စည်းတွေကို သီးခြားလေ့လာနိုင်မယ်။

အဓိကပြောချင်တာက သာမန် ဘုရားဖူးသွားတာမျိုးမဟုတ်ဘူးဆိုရင်တော့ ဘယ်ကိုသွားမယ်၊ ဘာကိုလေ့လာမယ် ဆိုပြီးအသေအချာကြိုတင် ပြင်ဆင်သွားတာအကောင်းဆုံးဖြစ်မယ်။ နှစ်ပေါင်း ထောင်ကျော်ပြီးဖြစ်တဲ့ ရှေးလက်ရာတွေကို အဓိကထားပြီးလေ့လာလို့ရတဲ့နေရာတွေကို အုပ်စုလိုက်ခွဲပြီး ရေးကြည့်ချင်ပါတယ်။

နံရံဆေးရေးပန်းချီ လက်ရာတွေရှိတဲ့ ဘုရား ဂူ ကျောင်းတွေက ( အက္ခစဉ်အလိုက် )
၁။ ကုန်းတော်ကြီး ၊ ၁၃ ရာစုနှစ်
၂။ ကျန်စစ်သား ဥမင် ၊ ၁၃ ရာစုနှစ်
၃။ စိုးမင်းကြီး ဂူ ၊ ၁၂ ရာစုနှစ် ၊ ဘုရားအမှတ် ၄၉၆
၎။ စူဋ္ဌာမုဏိ ( ဘုရားအမှတ် ၇၄၈/၃၆၄)

၅။ နဂါးရုံ ၊ ၁၁ ရာစုနှစ်
၆။ နဘဲတောဘုရား ( ၃၅၉/၂၁၈)
၇။ နွားပြဂူ
၈။ နန္နမညာ ၊ ၁၃ ရာစုနှစ်
၉။ ပထိုးသမျှ ၊ ၁၁ ရာစုနှစ် ( ယနေ့အခေါ် ပုထိုးသားများ )
၁၀။ ပဲနံ့သာ ဂူ ၊ ၁၃ ရာစုနှစ်
၁၁။ ဖြတ်စရွှေ ဂူ ၊ ၁၂ ရာစုနှစ်

၁၂။ ဘုရားသုံးဆူ ၊ ၁၃ ရာစုနှစ်
၁၃။ မြင်းဂဗာ ဂူပြောက်ကြီး ၊ ၁၃ ရာစုနှစ် ( ယနေ့အခေါ် မြင်းကမ်းဘား ဂူပြောက်ကြီး )
၁၄။ မင်းဂဗာ ဂူပြောက်ငယ် ၊ ၁၃ ရာစုနှစ်
၁၅။ မြင်းပြ ဂူ ၊ ၁၂ ရာစုနှစ်
၁၆။ မင်းနန်သူ
၁၇။ လောကထိပ်ပန် ၊ ၁၃ ရာစုနှစ်
၁၈။ လောကအုပ်ဆောင်း ၊ ၁၂ ရာစုနှစ်
၁၉။ လေးမျက်နှာ

၂၀။ လှိုင်ရှေ ၊ ၁၂ ရာစုနှစ်
၂၁။ သမ္ဘူလ ၊ ၁၃ ရာစုနှစ်
၂၂။ သယံဘူ ၊ ၁၂ ရာစုနှစ်
၂၃။ သကျမုနိ ၊ ၁၃ ရာစုနှစ်
၂၄။ သရိ ၊ ၁၂ ရာစုနှစ် ( ဘုရားအမှတ် ၄၁၈ )

၂၅။ သာယာဝတေး ၊ ၁၃ ရာစုနှစ်

၂၆။ သိမ်းမဇီး ၊ ၁၃ ရာစုနှစ်
၂၇။ သက်တော်ရဘုရား ( ဘုရားအမှတ် ၆၀/၄၆ )
၂၈။ သဗ္ဗညုဘုရား ၊ ၁၁ ရာစုနှစ် ( ၁၅၉၇/၉၀၆)

၂၉။ ဝက်ကြီးအင်း ဂူပြောက်ကြီး ၊ ၁၃ ရာစုနှစ်

၃၀။ ဝိနည်းဓိုရ် ၊ ၁၃ ရာစုနှစ်
၃၁။ အဘယ်ရတနာ ၊ ၁၁ ရာစုနှစ်
၃၂။ အာနန္ဒ ဘုရား ၊ ၁၁ ရာစုနှစ် ( နံရံတစ်ခုလုံး နှစ်စဉ်နှစ်တိုင်း ထုံးသုတ်ပစ်လို့ ဆေးရေးပန်းချီတွေ ကျန်သေးလားဆိုတာမသေချာ )

၃၃။ အာနန္ဒ အုတ်ကျောင်း ၊ ၁၈ ရာစုနှစ်
၃၄။ ဥပါလိ သိမ် ၊ ၁၁ ရာစုနှစ်


( ကြိုးစားပြီး စာရင်းလုပ်ထားတာပါ ၊ ကျန်ခဲ့တာရှိရင် ထောက်ပြပါ။ ပုဂံတစ်ဘက်ကမ်း တန့် ကြည်တောင် ကတချို့ ဂူဘုရားတွေမှာလည်း နံရံဆေးရေးတွေရှိတယ်လို့ သိရပါတယ်။ သိရင်ပြောပါ။ )


ဓာတ်ပုံရိုက်တာကို ဘယ်သူကစပြီး တားမျက်လိုက်လဲမသိပါ။ ဘာကြောင့် မရိုက်ခိုင်းလဲ ဆိုတာနားမလည်။ ဒါပေမယ့် ဓာတ်ပုံရိုက်ပြီးမှတ်တမ်းယူမှ အဖိုးတန်မှတ်တမ်းကျန်မှာပါ။ မလွဲသာလို့ ပြင်ဆင်ရတယ်ဆိုရင် ရိုက်ယူထားတဲ့ ဓာတ်ပုံဟာအခိုင်မာဆုံး အထောက်ထားဖြစ်တယ်။ အင်တာနက်မှာတင်လိုက်တဲ့အခါ ပုံကြည့်ပြီး ပြည်တွင်း ပြည်ပက ပညာရှင်တွေပါလေ့လာလို့ ရနိုင်တဲ့ သင်ထောက်ကူပစ္စည်းပါ။ ဓာတ်ပုံမှတ်တမ်း မယူလိုက်ရသေးခင် ပျက်ဆီးသွားတဲ့ ရှေးလက်ရာတွေ ပုဂံမှာတင် တော်တော်များနေပါပြီ။ ဘာနှင့်မှအစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်။ ပုဂံပြတိုက်မှာလည်း ရိုက်လို့မရပါ...
Photo by Marc Aurel at flickr.com


ဒီနေရာမှာထပ်ပြီးပြောချင်တာက ပုဂံသွားတဲ့အခါ နံရံဆေးရေးပန်းချီတွေလေ့လာဖို့စိတ်ကူးရှိတယ်ဆိုရင် ဒါတွေပါအောင်ယူသွားပါ။

၁။ ကင်မရာ
၂။ မှတ်စရာ စာအုပ် နှင့် ခဲတံ ( ဘောပင် )
၃။ အားကောင်းကောင်း မီအိမ် ( ဓာတ်မီး ) ၊ တချို့ဂူတွေကမှောင်လို့ နံရံဆေးရေးတွေကို ကောင်းကောင်း မမြင်ရ )

၎။ တစ်ခါသုံး မျက်နှာအုပ်အဝတ်စ ( Mask ) ၊ ဂူထဲမှာ လင်းနို့ ချေး ၊ ကလေးချေး အနံပြင်းတယ် )
၅။ အရောင်မပါတဲ့ မျက်မှန် ၊ မျက်စိထဲ အမှုံအမွှားတွေမဝင်အောင် ကာကွယ်ဖို့
၆။ ၂၀၀ တန် ၊ ၅၀၀ တန်ငွေ ( သော့ကိုင်ထားတဲ့ အစောင့်ကို ကြည်ကြည်သာသာ ဖွင့်ပေးစေလိုရင် လူကြည့်ပြီးပေး )
၇။ စားစရာနှင့် ရေသန့် ဘူး


နှစ်ပေါင်းထောင်ချီ တဲ့အဖိုးတန် ဆေးရေးပန်းချီပေါ်မှာ ဒီလိုရေးသွားတယ် ဖိနပ်ကိစ္စမရေးခင်ကတည်းက မီးသွေးခဲ အပါဝင် ဒုတ်ခြောင်းစတဲ့ ရရာနှင့် လျှောက်ရေးချက်ခဲ့လို့ မူလ ဆေးရေးပန်းချီ ကိုမမြင်ရသလောက်ဖြစ်နေပါပြီ။
Photo by Marc Aurel at flickr.com


ဒါတွေမလုပ်မိဖို့ သတိထားပါ
၁။ နံရံဆေးရေးတွေကို လက်နှင့်မကိုင်ပါနဲ့
၂ ။ ချွေးတွေထွက်နေမှာဖြစ်တဲ့ ခန္ဓာကိုယ်ကြီးနှင့် နံရံကိုမမှီပါနဲ့

၃။ ဂူထဲမှာ အစာမစားပါနဲ့
၎။ ဂူထဲမှာ ဘာအရည်မှမသောက်ပါနဲ့
၅။ နှပ်အညစ်ပါနဲ့
၆။ တံတွေးမထွေးပါနဲ့
၇။ ကွမ်းစားပြီး မဝင်ပါနဲ့ ( ကွမ်းထွေး ခံရတဲ့ နံရံဆေးရေးပန်းချီတွေများလှပြီ )
၈။ နံရံက အင်္ဂတေစတွေကို ဆွဲနှုတ်တာမျိုး မလုပ်ပါနဲ့

၉။ နံရံကို အပူချိန်သိပ်ပြင်းတဲ့ မီးလုံး ၊ မီးအိမ်နှင့် အချိန်ကြာကြာ ကပ်ပြီးထားတာမျိုးမလုပ်ပါနဲ့ ( တချို့ တိုးဂိုက်တွေကလုပ်တတ်တယ် )

၁၁။ ဆေးရေးတွေရှိနေတဲ့ နံရံပေါ်မှာ ပေါက်ကရလေးဆယ် လျှောက်မရေးပါနဲ့ ( ဘယ်သူ ဘယ်ဝါ ဘယ်ရက် ဘယ်လ ရောက်၏ စသဖြင့် )



ကွမ်းတံတွေး အထွေးခံရတဲ့ နံရံဆေးရေးပန်းချီ (ဧပရယ် ၁၆ ၊ ၂၀၁၀ )
Photo by ArnisD @ flicker.com


၂၁ ဖေဖော်ဝါရီ ၂၀၀၉ မှာရိုက်ထားတဲ့ပုံပါ။
ဒီလိုစာရေးတတ်တဲ့အကျင့်လည်း ဘယ်သူကစတယ် မပြောတတ်ပါ။
သို့သော် မြန်မာတစ်ပြည်လုံးက ဘုရားပုထိုးတွေ နှင့် သာသနိက အဆောက်ဦးတွေမှာ ကြောက်စရာကောင်းလောက်အောင်မှတ်တမ်းတင်ကြပါတယ်။



နောက်ဆုံးပြောချင်တာက ပုဂံဘုရားတွေမှာရှိတဲ့ နံရံဆေးရေးပန်းချီ ဆိုပေမယ့် ပုဂံခေတ်လက်ရာတွေချည်း မမှတ်ပါနဲ့ ။ အင်းဝခေတ်ဟန်တွေလည်းရှိတယ် ဥပမာ ဥပါလိသိမ်။ ခေတ်သစ်လက်ရာတွေလည်းရှိတယ်။ နောက်မှအသေးစိတ်ပြန်လုပ်ကြည့်ပါဦးမယ်။

9/11/10

ရွှေဒင်္ဂါး ရွှေတို ရွှေစ


ရှေးပစ္စည်းကြည့်တယ်ဆိုတာမျိုးက တစ်ယောက်တည်းကြည့်တာထက် လူအများကြည့်တာပိုပြီးအကျိုးရှိပါတယ်။ တချို့က အနုပညာမျက်စိနှင့်ကြည့်တယ်၊ တချို့ က သမိုင်းမျက်စိနှင့်ကြည့်တယ်။ တချို့ က နည်းပညာပိုင်းဆိုင်ရာ မျက်စိနှင့်ကြည့်တယ်။ ဒီလိုအမြင်သုံးမျိုးလုံး တစ်ဦးတည်းဆီမှာရှိချင်မှရှိမယ်။ လူအများဝိုင်းကြည့်တော့ ရှူ့ ထောင့်မျိုးစုံကကြည့်တာဖြစ်တဲ့အတွက် အချက်လက်မျိုးစုံရတယ်။ ဒီတော့ ဒီပစ္စည်းကို ဘယ်တုန်းကလုပ်တယ် ၊ ဘယ်နေရာမှာ သုံးတယ်၊ ဘယ်သူတွေက ဘယ်လိုနည်းပညာနှင့်လုပ်တယ် စသဖြင့်ခန့် မှန်းလို့ ရ နိုင်တဲ့အတွက် ရှေးပစ္စည်းအားလုံးဟာ ယဉ်ကျေးမှု ၊ နည်းပညာ ၊ သမိုင်း စတာတွေကို အထောက်ကူဖြစ်စေတဲ့ ပစ္စည်းတွေပါဘဲ။

ရွာတစ်ရွာက လယ်စာရင်းငှါးလူတစ်ယောက်က လယ်ထွန်ရင်း မြေထဲကနေ ကြေးအိုးတစ်လုံးကောက်ရတယ်။ ဝမ်းသာအားရနှင့် လယ်ရှင်ကိုအပ်တယ်။ လယ်ရှင်ကလည်း ရွှေအိုး ဟုတ်မဟုတ်စစ်ကြည့် ပြီး ကြေးဖြစ်နေတဲ့အတွက် သာမန်ဘဲသဘောထားတယ်။ အိုးနပန်းမှာ စာရေးထားတဲ့ စာကိုဖတ်လည်းမဖတ်တတ် စိတ်လည်းမဝင်စား။ ထမင်း၊ ဟင်းချက်ဖို့ အိုးတစ်လုံးရတယ်လို့ သာသဘောထားတယ်။ ဒီလိုနှင့် အဲဒိကြေးအိုးနှင့်ချက်စားလိုက် ထင်းမီးတွေကြောင့် မဲသွားတဲ့အခါ ဖွဲပြာ ၊ စတီးဖတ် တွေနှင့် တိုက်ချွတ်ဆေးကြောလိုက်နှင့် ကြာလာတဲ့အခါ အိုးနပန်းကစာ ဖတ်မရအောင်ပျက်သွားပါပြီ။ တဆင့်စကား တဆင့်ကြားပြီး သတင်းရလို့ သွားကြည့်တဲ့အခါ ရေးထားတဲ့စာ တစ်လုံး ၊ နှစ်လုံးသာကျန်ပါတော့တယ်။


ဒီလိုဘဲ ပျူ ခေတ်လက်ရာ အရုပ်တွေထွင်းထုပုံဖော်ထားတဲ့ ကျောက်စစ်ရုပ်ပြားတစ်ခု လယ်ထွန်းရင်းကောက်ရတယ်။ ဒါးသွေးကျောက်လုပ်လိုက်တဲ့အတွက် သတင်းရလို့ သွားကြည့်တဲ့အခါ ကျောက်ပြားတစ်ဝက်သာ ကျန်ပါတော့တယ်။ ရွှေဒင်္ဂါး ၊ ရွှေဒင်္ဂါး ၊ ရွှေတိုရွှေစ ၊ ငွေတိုငွေစ စတာတွေကောက်ရတဲ့အခါ ရှေးဒီဇိုင်းအတုံးကြီးဆိုပြီး အရည်ကျိုပစ်တယ်။ ဒီလိုနှင့် အဖိုးတန် သမိုင်းဝင်ရှေးပစ္စည်းတွေပျောက်ပျက်ရတယ်။


ခုနောက်ပိုင်းမှာတော့ ပိုပြီးအမြင်ကျယ်လာပါပြီ။ ဒါကြောင့် ရှေးပစ္စည်းတွေ ရတဲ့အခါ ရောင်းစားရင်ဈေးကောင်းရမှန်းသိနေပါပြီ။ ရှေးဟောင်းပစ္စည်းရောင်း/ဝယ်တဲ့ လူကိုရှာပြီးရောင်းတယ်။ ဒီလိုနှင့် မြန်မာနိုင်ငံပြင်ပကို ရောက်သွားပါတယ်။ ဒါဟာလည်းပျက်ဆီးခြင်းတစ်မျိုးပါဘဲ။ ခုမြင်နေရတဲ့ ရွှေဒင်္ဂါး ရွှေတို ရွှေစ တွေကို ဗြိတိလျှ ပြတိုက်မှာ သိမ်းထားတယ်။ သုတေသန လုပ်ဆဲဖြစ်လို့ အများပြည်သူလေ့လာဖို့ ပြမထားပါ။ တစ်ခုခုတွေ့ ရင်ပြောခဲ့ပါဦး။

9/4/10

၂- မိဘုရားအကြောင်း

" မဟေသီ သာဘိသေကာ " ဟူ၍ မာဂဓအဘိဓာန်စာကိုယ် ( နှာ-၁၆၈ )။ " သာဘိသေကာ လဒ္ဓါဘိသေကာ ရာဇိတ္ထီ မဟေသီ နာမ " ဟူ၍ ၎င်းဋီကာ ( နှာ- ၁၆၉ ) တို့ ၌ လာရကား သွန်းလောင်းအပ်သော အဘိသိက်ရှိသော မိဘုရားကြီးသည် မဟေသီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ ---

မဟ ပူဇာယံ ၊ ကမ္မနိ ဣသော၊ ဣေဿ၊ တတောဤ ---

ဟူ၍မိန့်အပ်၏။ မဟ၊ မဟသဒ္ဒါသည်။ ပူဇာယံ ၊ ပူဇော်ခြင်း၌ ဖြစ်၏။ ကမ္မနိ ၊ ကံအနက်၌။ ဣသော ၊ ဣသ ပစ္စည်းသက်ရာ၏။ ဣဿ ၊ ဣအက္ခရာကို ။ ဧ၊ ဧပြု ။ တတော ၊ ထို့ နောင်မှ။ ဤ၊ ဤ ပစ္စည်း သက်ရာ၏။

တနည်းကား -- များစွာကုန်သော မင်းမိန်းမတို့ ကို စိုးမိုးတတ်သောကြောင့် မဟေသီမည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ပင်လျှင်---

မဟတိယော ရာဇိတ္ထိယော ဤသတိ အဘိဘဝတီတိ ဝါ မဟေသီ၊ ဤသ ဣဿရိယေ ဤ---

ဟူ၍ မိန့် အပ်၏။ ဝါ ၊ တနည်းကား ။ မဟတိယော ၊ များစွာကုန်သော ။ ရာဇိတ္ထိယော ၊ မင်းမိန်းမတို့ ကို ။ ဤသတိ အဘိဘဝတိ ၊ စိုးမိုးတတ်၏ ။ ဣတိတသ္မာ၊ ထို့ ကြောင့် ။ မဟေသီ ၊ မဟေသီမည်၏။ ဤသ ၊ ဤသ သဒ္ဒါသည်။ ဣဿရိယေ ၊ စိုးမိုးခြင်း၌ ဖြစ်၏။ ဤ ၊ ဤ ပစ္စည်းသက်။ ဤကား ဋီကာပါဌ်၏ အနက်။

မိဖုရားခေါင်ကြီးမှတပါး အခြား မင်းမိန်းမများသည် ဘောဂိနီ မည်၏။ အဘယ်ကြောင့် မိဘုရားခေါင်ကြီးမှတပါး အခြား မိန်းမများသည် ဘောဂိနီမည်သနည်း ဟူမူကား- စည်းစိမ်ရှိသောကြောင့် ဘောဂိနီ မည်၏။ ထို့ ကြောင့် အဘိဓာန်ဋီကာ၌ " ဘောဂ ယောဂါ ဣနီ " ဟူ၍ မိန့် အပ်၏ ။ ဘောဂယောဂါ ၊ စည်းစိမ်နှင့် ယှဉ်ရကား။ ဘောဂိနီ ၊ ဘောဂိနီ မည်၏။ ဣနီ ၊ ဣနီပစ္စည်း သက်ရာ၏။

မိဖုရားခေါင်ကြီးလည်း မင်းကဲ့သို့ အဘိသိက် ခံသင့်ကြောင်းကိုကား ယခင် ဆိုအပ်ခဲ့ကုန်ပြီးသော အဘိဓာန်စာကိုယ်ဋီကာနှင့် အဘိသိက်ခံသောမင်း ၊ အဘိသိက်ခံသော မိဖုရားတို့ ၏ သားသည် ရာဇပုတ္တ မည်၏ ဟူ၍ လာသော သမ္မောဟဝိနောဒနီ အဋ္ဌကထာ ( နှာ--၅၀၁ ) များကို ထောက်၍ သိရာ၏ ။ မဟေသီ ၊ အဘိသိက်ရှိသော မိဖုရားကြီးသည် ပူဇော်အပ်သောကြောင့်တည်း ။
(ကျမ်းစာအုပ်ပါ မူရင်းအတိုင်း " ပြန်လည်ကူးယူဖော်ပြ " သည်။ )
...................................................................................................

၁၉ ရာစုနှစ် မိဘုရားဝတ်ရုံ

8/29/10

၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်း

စဥ့်ကွင်းရဲ့ အရွယ်အစားက

အမြင့် - ၄၁.၉၁ စင်တီမီတာ ( ၁၆လက်မခွဲ)
ဗျက်အကျယ် - ၃၀.၄၈ စင်တီမီတာ (၁၂ လက်မ)
ထုအထူ - ၅.၀၈ ( ၂ လက်မ )
Marilyn Walter Grounds ဆိုသူက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။

ဒီစဥ့်ကွင်းကိုလေ့လာနေတာကြာပါပြီ။ ဓာတ်ပုံအမြင်အရ သိပ်မပျက်ဆီးသေးတာကို တွေ့ ရပါတယ်။ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာဖြစ်တယ်။ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေအဖြစ်ပုံဖော်ထားတာပါ။ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်းတွေအကြောင်း အချက်လက်တွေကို အရင်ပိုစ်တွေမှာ ဖော်ပြခဲ့ပြီးဖြစ်လို့ သတိထားစရာအချက်တချို့ကိုဘဲ အဓိကထားပြီး ဝေမျှလိုက်ပါတယ်။

အခုမြင်နေရတဲ့ စဥ့်ကွင်းကို အမေရိကန်နိုင်ငံ Los Angeles County Museum of Art မှာစုစောင်းထားပါတယ်။ ဘာကြောင့်မှန်းမသိ အများပြည်သူ လေ့လာနိုင်ရန်ပြသထားတဲ့ ပစ္စည်းစာရင်းထဲမှာမပါဘဲ အခြားပဲခူးစဥ့်ကွင်းတွေနှင့်အတူ သီးသန့် သိမ်းထားတယ်။ ၁၉၈၇ LACMA ခုနှစ်မှာ လုပ်ခဲ့တဲ့ ပြပွဲ ' Pal, Pratapaditya. Icons of Piety, Images of Whimsy. Los Angeles: Los Angeles County Museum of Art, 1987 အခြားစဥ့်ကွင်းတွေနှင့်အတူပြခဲ့ဖူးတယ်။ ပြပွဲမှတ်တမ်း စာဆောင် စာမျက်နှာ ၁၀၃ ၊ color plate p. 32, cat. no. 67b မှာ Tile with Animal-Headed Demons, 1479 လို့ ဒီပစ္စည်းကို
အမည်ပေးထားတာ တွေ့ ရတယ်။

အမြင်အရ ဒီစဥ့်ကွင်းဟာ လုပ်လက်စ အပြီးမသတ်ရသေးပုံပေါ်တယ်။ မြင်နေကြမာန်စစ်သည်တွေအတိုင်း ခါးစည်းကလွဲပြီး အဝတ်မပါ။ ပုံဖော်ပြီးသား မြေသားအကြမ်းထယ်ကို စဥ့်ရည်သုတ်လိမ်းရာမှာ ရုပ်ပုံကိုယ်ထည်ကို အစိမ်းရောင်သုတ်လိမ်းတယ်။ စဥ့်ရည်သုတ်သူဟာ ခါးစည်းအဝတ်ကို တခြားအရောင်သုံးဖို့ တမင် ကွက်ပြီးချန်ခဲ့တာ လို့ခန့်မှန်းရပါတယ်။ နောက်ခံ စဥ့်ကိုကိုယ်ထည်ပြားကိုလည်း အခြားအရောင်ပြောင်းသုံးပါလိမ့်မယ်။ နောက်တော့ မေ့သွားသလား ၊ အချိန်မရတော့လို့ဘဲလား မသိ အကြောင်းတစ်ခုခုကြောင့် သူ့အလုပ်ကို အပြီးမသတ်လိုက်ရတာဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ဒီလိုပြောနိုင်လဲဆိုတော့ အခြားပြတိုက်တွေမှာ ပြထားတဲ့ ၁၅ရာစုနှစ် ပဲခူး မွန်လက်ရာ စဥ့်ကွင်းတွေမှာ အရောင်တွေဖောဖောသီသီသုံးထားတာတွေ့ ရလို့ ပါ။

လူ့ ခန္ဓာကိုယ်မှာ တိရိစ္ဆာန်ခေါင်းတပ်ပေးလိုက်ပြီး မာန်နတ်မင်းရဲ့စစ်သည်တော်တွေကို သိပ်ကြောက်စရာကောင်းတဲ့ ဘီလူး သဘက်တွေအဖြစ်ပုံဖော်လေ့ရှိတယ်။ အခုမြင်နေရတာကတော့ တောဝက်ခေါင်းနှင့်ဖြစ်တယ်။ မာန်စစ်သည်အများစုဟာ လက်နက် တစ်ခုခုကို ကိုင်စွဲထားလေ့ရှိပေမယ့် ဒီစဥ့်ပြားမှာ မပါ။ မေ့သွားသလားမပြောတတ်ပါ။ ရှေးပစ္စည်းတွေကိုလေ့လာရာမှာ ဒီလိုဘဲ လုပ်လက်စ အပြီးမသတ်ရသေးတဲ့ လက်ရာတွေအများကြီးတွေ့ ရလေ့ရှိတာကိုတော့ သတိထားပြီး လေ့လာနိုင်စေဖို့ ဝေမျှလိုက်ပါတယ်။

8/27/10

အဝခေတ် ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်း

မြန်မာ့လောကီပညာ နှင့် ထိုးကွင်းမင်ကြောင်တွေအကြောင်း သိချင်လို့ မှတ်တမ်းတွေလိုက်ရှာတယ်။ ထင်သလောက်မလွယ်ပါ။ ဒါမျိုးကို ကျောက်စာတွေမှာ သိပ်မတွေ့ ရပါ။ ရှေးကဘုရင်တွေ နန်းတော်သစ်ဆောက်လုပ်ရာမှာ လောကီပညာအစီရင် အတော်များများအသုံးပြုခဲ့တာကိုတော့ ' နန်းတည် ကျောက်စာတွေမှာ' တွေ့ ရ လို့ အတော်အတန်လေ့လာလို့ ရပါသေးတယ်။

လောကီပညာတွေအကြောင်းကို ရတု ၊ လင်္ကာ၊ ပျို့ ၊ ကဗျာ ၊ ဧချင်း ၊သံပေါက် ၊မေတ္တာစာ ၊ ပေစာ ၊ မင်စာ ၊ ပုရပိုက်စာ နှင့် အခြားမှတ်တမ်းတွေမှာ အနည်းအကျင်းဆိုသလိုပါတတ်တယ်။ တချို့ အကြောင်းအရာတွေကို အမှန်ယူနိုင်သော်လည်းဘဲ အချို့ ရေးထားတဲ့အကြောင်းရာတွေဟာ သာသာထိုးထိုးရေးတာတွေ့ ရလို့ အားလုံးမှန်ကန်ပါတယ်လို့ မဆိုနိုင်ပါ။ ကျောက်စာလောက်ခိုင်မှာမှုမရှိသော်လည်းဘဲ သမိုင်းသုတေသနမှာ အရေးကြီး ခေတ်ပြိုင်မှတ်တမ်းအဖြစ် ရှိနေပါသေးတယ်။

အဝဘုရင် နရပတိ (၁၅၀၁ - ၁၅၂၇) နန်းတော်သစ်တည်ဆောက်ရာမှာ အလွန်လှပကြော့ရှင်းလှတဲ့အတွက် ရွှေနန်းကြော့ရှင် နရပတိ ဆိုပြီးဘွဲ့အမည်တွင်လာခဲ့တယ်။ နန်းတော်တည်ဆောက်ဖို့ ပြင်ဆင်ရာမှာ လောကီအစီအရင်တွေ ဂရုတစိုက်လုပ်တယ်ဆိုတာမျိုး နန်းတည်ကျောက်စာမှာ တရေးတယူ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ နန်းတော် သစ်တည်ဆောက်ပြီးချိန်မှာတော့ ' ရှင်မဟာသိလဝံသ ' ကို နန်းဘွဲ့မော်ကွန်း ဆိုတော်မူရန် လျှောက်ထားတဲ့အခါ (၉) ကြောင်းရေး က-စ ၊ ကား- အဆုံး တစ်ဒင်္ဂါ ရှည်တဲ့ ရတုစပ်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒိရတုကို ၁၉၅၉ ဖေဖော်ဝါရီလထုတ် ' ယဉ်ကျေးမှုစာစောင် အတွဲ(၃) အမှတ် (၂) တွင် ' ပုံမနှိပ်ဖူးသော ရှေးဟောင်းစာပေ ကောက်နှုတ်ချက် အနေဖြင့်ဖော်ပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရွှေကိုင်းသား ၊ နှစ် ၆၀၀ ပြည့် အင်းဝခေတ် ပြန်လည်သုံးသပ်ချက်၊ ရာပြည့်စာအုပ်တိုက် ၊ ဒီဇင်ဘာ ၂၀၀၈ မှာတွေ့ ရလို့ အများလေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။




အဝခေတ် ရှင်မဟာသီလဝံသ၏ ရွှေနန်းတည် မော်ကွန်း


၁။ ဇမ္ဇူဒီပါ ၊ တောင်လက်ျာဝယ်၊ အာဏာဝှန်ပြုံး၊ ကြီးလက်ရုံးနှင့် ၊ မင်းဆုံးလူ့ ထွဋ် ၊ စောကြံလတ်ကို ၊ မိုဃ်းနတ်သိကြား ၊ မှတ်သောအားဖြင့် ၊ ရှစ်ပါးရပ်စုံ ၊ မင်းအပုံကို ၊ လက်မုံညီကြ ၊ မြှောက်ထိုက်လှ၏ ၊ နန်းမသဘင် ၊ တင်အံ့သည်ကား ၊ တည်သားကောဇာ ၊ ရှစ်ရာခုနှစ်ဆယ် ၊ နှစ်ခုဝယ်နှိုက် ၊ ဆောင်းလလိုလို ၊ လပြာသိုဝယ် ၊ ခွါညို ပျံ့မွန်း ၊ နွယ်ပန်းလှိုင်လတ် ၊ ဖက်ဆွတ်ပေါ်ဦး ၊ ရောင်မြူးထွန်းတက် ၊ ဆယ့်တရက်တွင် ၊ နံနက်အခါ ၊ အတိတျာနှင့် ၊ ရှည်ကာစီရင် ၊ ထားပြီးကျင်သော် ၊ မင်းအင်တခြား ၊ မှတ်သားစဉ်လာ ၊ ရွှေမြူတာတည့် ၊ တရာပြည့်ဖြိုး ၊ ကြာမျိုးနံ့ သာ ၊ သကာထောပတ် ၊ နှမ်းချွတ်ဆီနှော ၊ ငှက်ပျောထမင်း ၊ ပြည့်ခြင်းဖြိုးဖြိုး ၊ သောက်အိုးကြငှန်း ၊ ပန်းဆောက်ပြီးနှင့် ၊ ပွဲနီးစုရင်း ၊ ပွဲကျင်းပုတ်ဆန်း ၊ ခေါ်မှန်းမုယော ၊ လျင်ဆောပေါ်မှ ၊ ပူဇော်ကြသည်။ ။ တောင်းစလိုမှု ပျံ့ ပျူးတည်း။

၂။ အခန်း အခန်း ၊ ဆန်းသားစီရင် ၊ သဘင်ပွဲကြီး ၊ စီးသည်မကြွင်း ၊ သံလျင်းတဝယ် ၊ မုန်သွယ်မာတင် ၊ ရွှေပလ္လင် ထက် ၊ ရှည်ကျင်အံ့ဘွယ် ၊ ရွှေစွယ်ဦးရန် ၊ ပြောင်ပြောင်ထွန်းမျှ ၊ ကြိုးချွန်းရွှေစင် ၊ မြင်လျှင်အပေါင်း ၊ ကျော်သောင်းသဲသဲ ၊ သဘင်ပွဲလျှင် ၊ ပြီးဝဲစေ့စုံ ၊ ရင်လတုံသော် ၊ လူ့ ဘုံသိကြား ၊ စောတရားမူ ၊ ငါးပါးမင်းမြှောက် ၊ ကုံပြီးမြောက်မှ ၊ လျှံတောက်ရောင်ဝေး၊ မင်းရေးမကွာ ၊ ရိန္ဒမာနှင့် ၊ ရတနာဘိနပ် ၊ တပ်တပ်ရောင်ဝင်း ၊ စီးလလျှင်းသော် ၊ ရောင်ဆင်းနတ်ဝါ ၊ ဂရုသာတည့် ၊ သိင်္ဂါရွှေတပ် ၊ သားမြီးယပ်နှင့် ၊ တောင်ယပ်မကြွင်း ၊ ဖြည်းဖြည်းညှင်းလျက် ၊ ရန်နှင်းနတ်ရှင် ၊ ရင်ဆဲဆဲဝယ် ၊ ဘေးလွဲဗြဟ္မာ ၊ရှစ်သောင်းလာ၍ ၊ စကြာခြေရင်း ၊ ရောက်စေလျှင်းဟု ၊ ပိတ်ငင်းရန်တား ၊ ဘိသိက်ကြားက ၊ မုရားခတ်ထိန် ၊ ခုနှစ်ချိန်လျှင် ၊ အရှိန်ကြားထင် ၊ တီးလရှင်သည်။ ။ ပဲ့တင်ကျော်ထိပ် ဟူးဟူးတည်း။

၃။ ရိုက်ထိန်းခြောင်းခြောင်း ၊ ပဲ့တင်လောင်းမျှ ၊ စည်မောင်းမုရိုး ၊ မြေမိုးရှိန်ရှိန် ၊ ကြားလတ်ထိန်သော် ၊ သုခိန်ရှေးတီး ၊ ဖတ်ပြီးအမှန် ၊ ရွှေစာပြန်က ၊ ပွယ်ဟန်ပုတ်ဆန်း ၊ ပန်းဆောက်ပြီးနှင့် ၊ နတ်ကြီးခေါ်မှတ် ၊ ငှက်လည်းလွှတ်၍ ၊ ဆက်မှတ်ပန်းတံ့ ၊ ပျံ့မျှရှူ့ပြီး ၊ မြတ်ဘုန်းကြီးလျှင် ၊ တက်ပြီးဘုံထွတ် ၊ ရောက်တုံလတ်က ၊ ကိုင်းမှတ်ရွှေကွင်း ၊ နတ်ဆင်းမဖောက် ၊ ခုနှစ်ယောက်တို့ ၊ ငင်မြောက်လှစ်နှင့် ၊ ဥကင်ဖွင့်သော် ၊ နှိုင်းသင့်ပမာ ၊ ငါသာ သိကြား ၊ ဟူသောလားသို့ ၊ ဘုရားမြတ်ခေါင် ၊ ဗောဓိညောင်၌ ၊ မာရ်အောင်သောခါ ၊ နတ်များလာသို့  ၊ မတ်ရာအပေါင်း ၊ ထီးဆောင်းစလွယ် ၊ အံ့ဘွယ်ပြိုးပြက် ၊ ညောင်ရွက်ရိုးတံ ၊ မည်ရည်သံလျက် ၊ ဝေးလံအရပ် ၊ ခွန်ဆက်ကပ်၏ ၊ မိုးရပ်ထက်မှာ ၊ ဝတိန်သာဝယ် ၊ ဓမ္ဓာဇရပ် ၊ နှိုင်းအပ်စင်စစ် ၊ နတ်၌ဖြစ်သည် ၊ ကသစ်ပွင့်ခါ ၊ နတ်ကြီးစွာတို့ ၊ အံ့အာ သဲသဲ ၊ ရွှင်မရဲသည်။ ။ ဘော်နွဲရှည်ရှည် ပူးပူးတည်း။ ။


၎။အဆန်း အဆန်း ၊ များလွန်းလက်ဆောင် ၊ ပေါက်ပြောင်မြင်းဆင် ၊ မျက်ရှင်ပြောင်ပြောင် ၊ သလှာဆောင်သား ၊ မှူးခေါင်မတ်ဖျား ၊ သူကောင်းများလည်း ၊ ကျောက်ထားနေမှတ် ၊ ရိုကြိုးညွတ်၏ ၊ တက်လတ် ညီးညီး ၊ ရောင်လျှံစီးသည်။ ။ တိမ်နီးမိုးကြယ် သောက်ရှူးတည်း။ ။

၅။ သပြေဒီပါ ၊ တောင်လက်ယာမှ ၊ ကြီးစွာတန်ခိုး ၊ လက်ရုံးမိုး၍ ၊ ထစ်ကြိုးရိုက်သံ ၊ ကောင်းကင်လျှံမျှ ၊ ခြိမ်းနွံဆင့်လောင်း ၊ မခံကောင်းတည့် ၊ တသောင်းရပ်လုံး ၊ အနှံ့ချုံးသည် ၊ မင်းဆုံးပရမေ ၊ သိကြားဆွေလျှင် ၊ သပြေအထိပ် ၊နှိပ်အံ့သရော် ၊ တတ်ပြီးသော်ကား ၊ အံ့ဩဝှန်ချောင်း ၊ နာရီမောင်းနှင့် ၊ ခေါင်းလောင်းစည်ကြီး ၊ လျှောက်ပြီးမွန်းတည့် ၊ ဗဟိုရ်ကြည့်လျက် ၊ ကြူးလှည့်ထွက်ဝင် ၊ အိမ်ရှင်လက်မြှောက် ၊ တံကောက်တုလောင် ၊ မိုးခေါင်ဝှန်ဝါ ၊ စက်အာဏာဖြင့် ၊ သာသနာရင်းတည် ၊ ဆောင်လမည်ဟု ၊ ရည်သည်အလျောက် ၊ ယခုရောက်၍ ၊ ကျော်ချောက်ကျွန်းလုံး ၊ ယူသိမ်းကျုံးသည်။ ။ မင်းထုံးလူတို့ အမှူးတည်း။


၆။ ဘဒ္ဒရတနာ ၊ ဤကမ္ဘာထက် ၊ မှန်စွာရှည်လျား ၊ ဘုရားငါးယောက် ၊ မြောက်အံ့ရာဝယ် ၊ ရှေ့ မှာသုံးဆူ ၊ လွန်တော်မူ၍ ၊ တဆူနှောင်းဖြစ် ၊ တို့ ရှင်ချစ်လျှင် ၊ သဘင်အဟုံ ၊ ပြီးပြည့်စုံ၍ ၊ အောင်စုံရွှေနန်း ၊ ပြောင်ရွှန်းတန်ခိုး ၊ ဗြဟ္မာရိုးတို့ ၊ ကောင်းကျိုးအပ်နှင်း ၊ ဖြူဝင်းညာရစ် ၊ ပင်လယ်ဖြစ်ဝယ် ၊ ညွန့် သစ်နေဇာ ၊ ရေသီတာနှင့် ၊ သွန်းလာ လျှမ်းလျှမ်း ၊ ဘိသိက်မွှမ်းသည်။ ။ ငြိမ်းချမ်းရေစင် ချဖြူးတည်း။

၇။ အထွတ်ကြငှန်း ၊ စောသိုက်ညွှန်းကို ၊ ဥဒါန်းပမာ ၊ ဆောင်ချေရာကား ၊ ရှေးဖျားမဆွ ၊ ပနာဒလျှင် ၊ ဖြစ်ခါတွင်၌ ၊ ပြုချင်အများ ၊ ကုသိုလ်အားဖြင့် ၊ ထက်ဖျားနတ်ပြည် ၊ တာဝတည်ဝယ် ၊ ရွှေရည်တောက်ရွှန်း ၊ သိကြားနန်းလျှင် ၊ ရောင်ထွန်းဝင်းဝင်း ၊ မှန်ကင်းတံခွန် ၊ အထက်စွန်မူ ၊ ချင့်မှန်တရာ ၊ ယူဇနာတိ ၊ ထွတ်ခြာတပ်ထား ၊ ပဒမြား လျှင် ၊ ရှစ်ပါးရပ်ကွန် ၊ ရောင်ဖြာဝှန်သည် ၊ ဗိမာန်သာလွန်း ၊ နတ်တို့  နန်းကို ၊ စွန်းစွန်းမကြာ ၊ အသူရာအား ၊ ပယ်ခွါပယ်မြောက် ၊ တက်ပြီးရောက်သော် ၊ တစ်ယောက်မလွတ် ၊ နတ်ပေါင်းညွတ်သို့ ၊ အထွတ်ဘုန်းကြီး ၊ တို့ စောဓီးလျှင် ၊ နည်းမှီရှည်လျက်၊ ရွှေနန်းတက်သည်။ ။ မြတ်ဆက်ဘုန်းခေါင် ရွယ်လူးတည်း။


၈။ ဣန္ဒနီလာ ၊ ကျွန်းအောင်ချာ၌ ၊ နှုန်းလာစည်ရိုး ၊ အထက်မိုးသည် ၊ ဘေးရိုးနတ်ရှင် ၊ ဘကျော်ထင်ကို ၊ ပုံပြင်ပမာ ၊ ဆောင်အံ့နာလော့ ၊ မဟာဇနက် ၊ စောဘုန်းတက်ကို ၊ ကျောက်ထက်အိပ်ရာ ၊ ရထားလာ၍ ၊ ခံလှာသောအား ၊ အတရားပင် ၊ ရည်ရှင်ကောင်းမွန် ၊ ဘိသိက်လွန်၏ ၊ မြဲမှန်တည်ကြည် ၊ သိတင်းမည်သား ၊ ရွှေရည်လိမ်းထုံး ၊ စိတ်အာရုံဖြင့် ၊ နိတုံကျကျ ၊ နေကာမျှဖြင့် ၊ ရတုံ့ ပတ်ကုံး ၊ ဇမ္ဇူလုံးကို ၊ သိမ်းကျုံးယူပိုက် ၊ လက်ရုံးစိုက်သည်။ သောင်းတိုက်စက်လျှံ ရောင်မြူးတည်း။ ။


၉။ ဖိမ့် ဖိမ့် ပြောင်းမျှ ၊ ဖယောင်းသဏ္ဌာန် ၊ တွေ့ တိုင်းရန်လည်း ၊ မတန်ခဲ့ဝံ့ ၊ မတံ့ကြောက်ရှောင် ၊ ပြည်ထောင်ထောင်ကို ၊ မာန်စောင်ခြားနှိမ့် ၊ ကြက်သီးစိမ့်မျှ ၊ နှိုင်းချိမ့်ပုံဆ ၊ ပမာပြအံ့ ၊ ကုသစောဓီး ၊ ထွတ်ဘုန်းကြီးကား ၊ ပွဲသီးနိုင်လျှင်း ၊ ခုနှစ်မင်းကို ၊ သံပြင်းသုံးခွန်း ၊ ကြိမ်းသံမွှန်းက ၊ ထက်ဝန်းပျက်ကြေ ၊ နိုင်တုံလေလျှင် ၊ မိုးနေသိကြား ၊ ပဒမြားနှင့် ၊ ဆုများနှင်းမြို့ ၊ ရောက်အောင်ပို့ မှ ၊ မချို့ စုံအင် ၊ ပြည်တော်ဝင်၍ ၊ မထင်ရန်ရှာ ၊ သက်တရာဝယ် ၊ ချမ်းသာလုံးလုံး ၊ စသည်ထုံးဖြင့် ၊ ပုံနှုန်းရည်တူ ၊ မင်းထီးမူသည်။ ။ နတ်လူညွတ်ညွတ် နူးနူးတည်း။ ။

၁၀။ ကျော်ဆင်ဥဒါန်း ၊ သိုက်ညွှန်းမှန်စွာ ၊ စောနရာကို ၊ ပမာပုံဆောင် ၊ မှတ်နားထောင်လော ၊ ရှည်ခေါင်မြင့်လှ ၊ ပနာဒကို ၊ မာဃသိကြား ၊ မသောအားဖြင့် ၊ မြင့်ဖျားအထွတ် ၊ ချင့်မှတ်ယူဇနာ ၊ ဆဲ့နှစ်တာလျှင် ၊ ဘုံသာအကျော် ၊ ပြာသာဒ်တော်ကို ၊ ဖူးမြော်ခဲစွာ ၊ ခွင့်မသာတည့် ၊ ထက်မှာရှိလေ ၊ တွေ့ခဲ့ချေ၍ ၊ မနေယခေါင် ၊ လူမျိုးရှောင်ရှင့် ၊ နည်းဆောင်ပုံယူ ၊ သည်တမူကား ၊ လူနှိုက်တည်ဘိ ၊ မျက်မြင်ရှိသား ၊ နရပတိစည်သူ ၊ စောနတ်လူဟု ၊ လူတို့  ဦးစွန်း ၊ လူ့ ကြငှန်းကား ၊ နေနန်းရွှေရည် ၊ ငါဆောက်သည်မူ ၊ ငရည်စင်စစ် ၊ ငတူချစ်လျှင် ၊ ဖြစ်ခါနေစိမ့် ၊ ကြံနှစ်သိမ့်လည်း ၊ တက်ချိမ့်မဝံ့ ၊ မင်းတို့ ညံ့၍ ၊ ကျောက်ငံ့ရှည်လျား ၊ ဘုန်းတော်အားဖြင့် ၊ ဘုရားအရှင် ၊ လူ့ ထွတ်တင်ကို ၊ ထက်ခွင်နတ်ကျော် ၊ ညီ၍ဖော်သို့ ၊ မမြော်နှိုင်းရှား ၊ ထွန်းပြန်ငြားသည်။ ။ ရေးသားချယ်လွင် ပြောက်ခြူးတည်း။

၁၁။ မေရုရတနာ ၊ အဝါလေးမည် ၊ ပြည့်စုံတည်သား ၊ မြရည်ရစ်သန်း ၊ တောသို့ယွန်းလျက် ၊ ကျွန်းကာသန်လျက် ၊ မင်းဝံချက်ဝယ် ၊ ဖြူရွက်ဖြန့်မိုး ၊ ကြငှန်းရိုးဖြင့် ၊ တန်ခိုးလျှံရောင် ၊ ကျွန်းလုံးပြောင်သား ၊ လူ့ဘောင်ထွတ်ထား ၊ စောတရားလျှင် ၊ ဖွားသောခါရက် ၊ နရလက်နှင့် ၊ ထွန်းတက်ကျက်သရေ ၊ စန်းခေါင်ဗွေနှင့် ၊ ဂြိုဟ်နေသန့်လွန်း ၊ သိုက်လည်းညွှန်း၏ ၊ ကျိန်းခန်းညီအောင် ၊ တဘောင်စနည်း ၊ ကြည်းမျှမြေမိုး ၊ ကြိုးလည်းပဲ့တင် ၊ ညွန့် ရှင်သားသား ၊ လေးပါးသီမြှောက် ၊ မိတည်းနောက်ဝယ် ၊ မဖောက်ဧကန် ၊ လွတ်တန်းမှန်ဟု ၊ ရည်သည်အတိုင်း ၊ ညီလှနှိုင်း၏ ၊ သံပိုင်းသင့်အောင် ၊ မြေဥသျှောင်ဝယ် ၊ တန်ဆောင်မကိုက် ၊ အထွန်စိုက်သည်။ ။ သောင်းတိုက်ရိုက်သံ လကြူးတည်း။

ရည်ညွှန်း
နှစ် ၆၀၀ ပြည့် အင်းဝခေတ် ပြန်လည်သုံးသပ်ချက်၊
ရွှေကိုင်းသား ၊
ရာပြည့်စာအုပ်တိုက် ၊ ဒီဇင်ဘာ ၂၀၀၈။