2/28/10

သူရိယ ဝိကြမ ကျောက် အရိုးအိုး


ပစ္စည်း အမျိုးအစား - ပျူ ကျောက် အရိုးအိုး

အချိန်ကာလ - ၂ - ၇ ရာစုနှစ် ( ခန့်မှန်း )
တွေ့ရှိရာနေရာ - ပြည် ၊ ဘုရားကြီး အနီး ( သရေခေတ္တရာ မြို့ဟောင်း )
တွေ့ရှိသည့် ခုနှစ် - ၁၉၁၂
စတင်တွေ့ရှိသူ - မစ္စတာ ချာစ် ဒူရာဇယ် ( Mr Chas Duriosell )
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် / ကျောက်ထွင်း / ကျောက်စာ ။
အရွယ်အစား - အမြင့် - ( သေချာမသိသေးပါ )

လက်ရှိတည်နေရာ - မှော်ဇာ ပြတိုက်၊ ပြည်။

ပြတိုက်ပစ္စည်း အမှတ် - ( သေချာမသိသေးပါ )


၁၉၁၂ ခုနှစ် ၊ ယခင် အရိုးအိုးတွေရရှိခဲ့တဲ့ နေရာ ဘုရားကြီးတောင်ဘက် မှာဘဲ ထပ်တွေ့တယ်။ မိုးရေတိုက်စားသွားလို့ လည်ပင်ပေါ်နေတဲ့ ကျောက်အရိုးအိုး တစ်လုံး ၊ ကြေးအရိုးအိုးတစ်လုံး ကို မစ္စတာ ချာစ် ဒူရာဇယ် က အမှတ်မထင်တွေ့ရှိခဲ့တာပါ။ မင်းဘွဲ့ တွေကို ရေးရာမှာ သက္ကတ နှင့်ရေးထားလို့သာ ဒီလိုနာမည်တွေသိရတယ်။ ဒီအရိုးအိုး ပေါ်ကစာတွေကို အက္ခရာ ဖလှယ် ပြီး ဖတ်ပေးခဲ့သူက ဒေါက်တာ စီ အို ဗလက်ဒန် ( Dr C. O Blagden ) ဖြစ်ပါတယ်။ နောက်ပိုင်း မြန်မာပညာရှင်တွေကလည်း အက္ခရာ ဖလှယ်ကြပါသေးတယ်။


အရိုးအိုး ပေါ်မှာရေးထားတဲ့ စာတွေက
တ္ဒးဗံး ဥဟိ သူရိယဝိကြမ ဗံးသ္နိး ( င )သူ ( ဒေ ) ( ပိံ ) ငတ ( ကိံ ) ( ခ )
ဥသ္နိး သ္နိး တြုသော်ပံ္တတိး တ္ဒးဗံး ဥရုက္လေးယံ

၆၄ ခုတွင် သူရိယဝိကြမ မင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၀ နှစ် ၅ လ ( မြန်မာပြန် )

၆၄ ခု ဆိုတာ သက နှစ်ကို ယူသလား ၊ ဒါမှမဟုတ် ဂုပ္တ နှစ်ကို ယူသုံးသလားဆိုတာ သေချာမသိရသေးပါ။ ဒါကြောင့် ခရစ်နှစ် တွက်ယူလိုတယ်ဆိုရင် အရင်က ပြောခဲ့တဲ့ အတိုင်း သူရိယ ဝိကြမ နတ်ရွာစံနှစ် ပျူ နှစ် ၆၄

သက ၆၄+၇၈ = ၁၄၂ ( ခရစ်နှစ် )

ဂုပ္တ ၆၄ + ၃၁၉ = ၃၈၃ ( ခရစ်နှစ် )

2/24/10

သိုက်

ကျွန်တော့ ညီမအငယ်ဆုံးလေးကို မေမေ့ အသက် ၄၀ ကျော်မှာမွေးတယ်။ ကျန်းမာရေး အခြေနေအရ ကြောင့်လားမသိပါ။ ၇ လနှင့်မွေးတယ်။ လူကောင်သေးပြီး မွေးကင်းစ ကလေးငယ်ကို ဦးလေးဖြစ်သူက လက်တစ်ဖက်တည်းနှင့် ချီထားလို့ရတယ်။
ကလေးလက်မောင်းလေးတွေက ဦးလေးရဲ့ လက်ခလယ်ချောင်းလောက်သာ ရှိတယ်။ ဒီလိုလူကောင်းသေးလွန်းလို့လားမသိ ကလေးဟာ လသားအရွယ်ကတည်းက ချူခြာတယ်။ မကြာခဏဖျားလေ့ရှိတယ်။ ကျွန်တော်တို့ နယ်မြို့ဆေးရုံလေးမှာ မွေးလေ့ရှိတဲ့ ကလေးတိုင်းမှာ အသားဝါ ရောဂါကလည်း အမြဲလို ပါနေကျ။

လသားအရွယ်ကတည်းက ချူခြာခဲ့သလို ၊ ၆-၇ နှစ်သမီးအရွယ် ရောက်တဲ့အထိ အမြဲလို ကျန်းမာရေးချို့တဲ့နေလေ့ရှိတယ်။ ဒီတော့ အမေကပြောလာတယ် " နင်တို့ ညီမက သိုက်ကလာတာ " တဲ့။ " သိုက်က ပြန်ခေါ်ခေါ်နေလို့ ချူခြာနေတာ ၊ သိုက်ကြိုးဖြတ်ရမယ် " စသဖြင့်ပေါ့လေ။
ဒါပေသိ ညီမအငယ်ဆုံးလေးကို သိုက်ကလာတယ်ဆိုတာကိုယုံတဲ့သူက တစ်မိသားစုလုံးမှာ မေမေတစ်ယောက်တည်းသာ။ " သိုက် " ဆိုတာ ရွှေ ၊ငွေ နှင့်အဖိုးတန် ရတနာတွေ မြုပ်ထားတဲ့ နေရာလို့ လူကြီးတွေပြောလေ့ရှိလို့ သိထားပြီးနေပါပြီ။

ဒါကြောင့် တစ်ခါတလေ စနောက်လိုတဲ့သဘောနှင့် " ဘယ် သိုက် ကလာတာလဲ အမေ " လို့မေးတဲ့ အခါတိုင်း " သိုက်ဆိုတာ သိုက်ကပေါ့ဟဲ့ " လို့သာ ငေါက်ပြောပြောလေ့ရှိတယ်။ ဒိထက် ပိုမပြောနိုင်ရှာပါ။ " သိုက် " ဆိုတာ အဖိုးတန် ရတနာတွေ ၊ အဖိုး တန် ပစ္စည်းတွေ ရှိမယ်လို့ ယုံကြည်ထားကြပေမယ့်လို့ ဘယ်နားမှာရှိမှန်း သေချာမသိ။ သိုက် စာရင်း ၊ သိုက် သမိုင်းရယ်လို့လဲ မသိရှာပါ။
ဟိုလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ် ဆီက လူပြောသူပြောများတဲ့ သိုက်တွေကို မှတ်မိသလောက် ပြန်ပြောရရင်
နတ်သိုက်
်နဂါးသိုက်
ကုလားသိုက်
ကသည်းသိုက်
တရုတ်သိုက်
ဂျပန်သိုက်
မွန်သိုက်
ရှမ်းသိုက်
်ရေသိုက်
်မွေသိုက်

အသက် နည်းနည်းကြီးလာတော့ လက်လှမ်း မှီသလောက် " သိုက် " အကြောင်းလေ့လာကြည့်တော့ စာတချို့ဖတ်ရတယ်။ ဒိထက်ပို ပြောနိုင်ရင် ကွန်မန့်ရေးခဲ့ကြပါ။ =================
မြန်မာတွေမှာ သိုက်စာဆိုတဲ့ နာမည်နဲ့ ဥစ္စာပစ္စည်း ဘယ်မှာ မြှုပ်ထားတယ် လို့ ညွှန်တဲ့စာ ၊ ရှေ့ဖြစ်ကို ကြိုပြောတဲ့ စာတွေရှိတယ်။

၁။ ဂဝံပတိ သိုက်
၂။ ငမှန်ကန်း သိုက်
၃။ ဇာဂရုနတ်စက်ရောင် သိုက်
၎။ ဗျာဒိတ်တော် သိုက်
၅။ ဘုရား သိုက်
်၆။ ဘုမ္မိယ သိုက်
်၇။ ရွှေတိဂုံ သိုက်
်၈။ သိကြား သိုက်
်၉။ အဝ သိုက်
အဲဒီအထဲမှာ ဇာဂရုဗြာဟ္မဏက သာလွန်မင်း ( ၁၆၂၉-၄၈ ) လက်ထက်မှာ ရေးခဲ့တဲ့ ဇာဂရု နတ်စက်ရောင်သိုက်မှာ အထူးစိတ်ဝင်စားစရာကောင်းတယ်။ မင်းရဲကျော်ထင် ( ဝမ်းဘဲ အင်း စံမင်း ) ( ၁၆၇၃-၉၈ ) လက်ထက် နတ်စက်ရောင်ကျောင်း ဆရာတော် စတ္တာဘိဃောသ က ဇာဂရုသိုက်မှာ ဖြည့်စွက်ပြင်ဆင်ချက်တွေလုပ်လို့ ဇာဂရုနတ်စက်ရောင် သိုက်လို့ အမည်တွင်ခဲ့တယ်။
ဇာဂရု နတ်စက်ရောင်သိုက်ကို ခရစ်နှစ် ၁၇ ရာစုနှစ်က အမှန်တကယ် ရေးခဲ့သလားဆိုတာ စစ်ဆေးကြည့်ဖို့ မလွယ်ပါ။ ( ဒေါက်တာသန်းထွန်း ၊ မြန်မာ့ သမိုင်းတွင် လောကီပညာ အရေးပါပုံ၊ မိုးဂျာနယ် အမှတ် (၁၀) ဒီဇင်ဘာ ၂၀၀၄၊၁၃၀-၁၅၉ ကြည့် )

2/21/10

သီဟ ဝိကြမ အရိုးအိုး


ပစ္စည်း အမျိုးအစား - ပျူ ကျောက် အရိုးအိုး

အချိန်ကာလ - ၂ - ၇ ရာစုနှစ် ( ခန့်မှန်း )
တွေ့ရှိရာနေရာ - ပြည် ၊ ဘုရားကြီး အနီး ( သရေခေတ္တရာ မြို့ဟောင်း )
တွေ့ရှိသည့် ခုနှစ် - ၁၉၁၁
စတင်တွေ့ရှိသူ - ကျောက်စာဝန် မစ္စတာ တော်စိန်ခို ( Mr Taw Sein Ko )
ပြုလုပ်ပုံနည်းပညာ - ကျောက်စစ် / ကျောက်ထွင်း / ကျောက်စာ ။
အရွယ်အစား - အမြင့် - ( သေချာမသိသေးပါ )
လက်ရှိတည်နေရာ - မှော်ဇာ ပြတိုက်၊ ပြည်။
ပြတိုက်ပစ္စည်း အမှတ် - ( သေချာမသိသေးပါ )



၁၉၁၁ ခုနှစ် ၊ ပြည်မြို့အဝင် ဘုရားကြီး ဘုရား တောင်ဘက် ကိုက် ၇၀ အကွာမှာ ကျောက်အရိုးအိုး နှစ်လုံး ကို အမှတ်မထင်တွေ့တယ်။ စတွေ့တဲ့လူကတော့ ကျောက်စာဝန် မစ္စတာ တော်စိန်ခို ( Mr Taw Sein Ko ) ဖြစ်တယ်။ အရိုးအိုးပိုင်ရှင်တွေက သီဟ ဝိကြမ (Sihavikrama ) ခြင်္သေ့ကဲ့သို့ ရဲရင့်သူ နှင့် ဟရိ ဝိကြမ
( Harivikrama ) ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး တို့ဖြစ်တယ်။ အရိုးအိုးပေါ်မှာ ရေးထားတဲ့ စာကို ပြည်တွင်း/ ပြည်ပ ပညာရှင်တွေ အက္ခရာ ဖလှယ် ထားတာတွေ အတော်များများရှိပြီးသားပါ။
အဲဒိနှစ်လုံး ထဲက
သီဟ ဝိကြမ အရိုးအိုး ကို စာနှင့်တွဲပြီး ဖော်ပြလိုက်ပါတယ်။


ကျောက်အရိုးအိုးပေါ်မှာ ရေးထားတဲ့စာတွေက


တ္ဒး ဗံး ဥ ( ဘူ ) (သ္န)ူး ( သိ ) ဟဝိကြမ ဗံးသ္နိး ဟြံသူ ( ဒေ ) ဟိံ္န တိံ ဖွု ပ္လံတကိံ(ခ)
ဥသ္နိး သ္နိး ပံ္လ သူ ပံ္လ ( ဒေ ) တ္ကော တိံဖွု နူတိံ တ္ဒးဗံး ဥရုက္လေးယံ


( မြန်မာပြန် )

၄၄ ခု ၉ လ ၂၀ ရက် တွင် မင်းကြီး သီဟဝိကြမ နတ်ရွာစံသည်။ သက်တော် ၈၀ နှစ် ၂ လ ၄ ရက်

အဲဒိကျောက်အရိုးအိုးစာမှာ ရေးထားတဲ့ " ၄၄ ခု " ဆိုတဲ့ ခုနှစ် ဟာ ပျူတွေသုံးတဲ့ ကိုယ်ပိုင် ခုနှစ် ( Calendar ) ဖြစ်တယ်။ ပျူတွေဟာ " သက " နှစ် ကိုယူသုံး သလား ၊ " ဂုပ္တ " ကိုဘဲ သုံးသလား ဆိုတာ ပြည်တွင်း/ပြည်ပ ပညာရှင်တွေ အမျိုးမျိုးပြောနေကြတယ်။ ခုနောက်ပိုင်း " သက " နှစ် ဖြစ်တယ်လို့ ပြောတဲ့သူတွေ ပိုများလာတယ်။ သေချာတပ်အပ်ပြောဖို့ မလွယ်သေးပါ။ " သက " နှစ်ကို ခရစ်နှစ်ပြောင်းလိုရင် ၇၈ ပေါင်းထည့်ရတယ်။ ဒီလိုဘဲ " ဂုပ္တ " နှစ်ကို ခရစ်နှစ်ပြောင်းမယ်ဆိုရင် ၃၁၉ ပေါင်းထည့်ရတယ်။
မြင်သာအောင် ခရစ်နှစ် တွက်ယူထားတာကြည့်ပါ.......


သီဟဝိကြမ နတ်ရွာစံနှစ် ပျူ နှစ် ၄၄

သက ၄၄+၇၈ = ၁၁၉
( ခရစ်နှစ် )
ဂုပ္တ ၄၄ + ၃၁၉ = ၃၆၀ ( ခရစ်နှစ် )

2/18/10

ဘုရားထောင် ပျူ အရိုးအိုးစာ

၁၈ မတ် ၁၉၉၃ ခုနှစ် ၊ ဘုရားထောင် မှာ ကျောက်အရိုးအိုးကြီး တူးဖော်ရရှိတယ်။


အမြင့် - ၁.၀၇ မီတာ
စာကြောင်း ၅ ကြောင်း
စာလုံးရေ ပေါင်း ၁၁၂၇ လုံး


ကျောက်အရိုးအိုးပေါ်မှ စာသည် သက္ကတ အက္ခရာ တချို့ပါသော ပျူ စာလုံးပေါင်း ၁၁၂၇ လုံး ပါရှိသည်။ အဲဒိ စာလုံးတွေထဲမှာ သက္ကတ အက္ခရာ ရေး လူပုဂ္ဂိုလ် ခုနှစ်ဦး ရဲ့ အမည်တွေ့ရတယ်။ အဲ့ဒီနာမည်တွေက


၁။ ဒေဝ မိတြ ( နတ်ချစ်သူ )
Devamitra ( The Beloved of Gods )

၂။ ဟရိ ဝိကြမ ( ဗိဿနိုးနတ်မင်းရဲ့ လက်ရုံး )
Harivikrama ( The Might of Visnu )

၃။ သီဟ ဝိကြမ ( ခြင်္သေ့ကဲ့သို့ ရဲရင့်သူ )
Sihavikrama ( The Courage of Lion )

၎။ သူရိယ ဝိကြမ ( နေကဲ့သို့ ထွန်းတောက်သူ )
Suriyavikrama ( The Power of Sun )

၅။ ဂြီထု ဝိကြမ ( အမိ နတ်မင်းက စောင်မသူ )
Crithuvikrama ( The Protection of Armour )

၆။ ဇတြတတ ဝိကြမ ( အမျိုးတကာ ထိတ်လန့်သူ )
Jatratatavikrama ( The Terror of Race )

၇။ အဒိတျ ဝိကြမ ( နေမျိုးအသရေ ရှိသူ )
[A] dityavikrama ( The Glory of Sun Race )


ကျန်နေသေးတဲ့ ပျူ စာလုံးတွေတော့ ဖတ်လို့မရသေးပါ။ ပျူစာ ပညာရှင် " ဘုန်းတင့်ကျော် " အပါဝင် အခြားပညာရှင်တွေ ဘယ်လို အက္ခရာ ဖလှယ် မယ်ဆိုတာ စောင့် မျှော် နေပါတယ်။





စကားကြုံတုန်း ပြောချင်တယ်။ မြန်မာ ရာဇဝင်ဆရာတွေပြောလေ့ရှိတဲ့ " ဒွတ္တပေါင်" သည် ပျူ ဘာသာ " တ္ဒး ဗံး " ကို မြန်မာမှုပြုခြင်းဖြစ်သည်။ ရှေးမြန်မာ ရာဇဝင်ဆရာတို့ " တ္ဒး ဗံး " ကို အဖတ်လွဲ ၊ အသံထွတ်လွဲရာမှ
" ဒွတ္တပေါင်" ဖြစ်သွားခြင်း ဖြစ်သည်။ " တ္ဒး ဗံး " ၏ အနက်ဓိပ္ပာယ် မှာ " မင်းကြီး " ဖြစ်သည်။




ရည်ညွန်း
ရည်စိန် ၊ လင် ( န် ) ယန် ( င် ) နှင့် ဆက်စပ်သော ရှေးဟောင်း မြန်မာနိုင်ငံ သမိုင်းတရပ်။
ဒေါက်တာ တိုးလှ ၊ ပျူသင်္ချိုင်း စာများ။
ဒေါက်တာ သန်းထွန်း ၊ လူတွေရဲ့အကျိုးကို ရှေးရှုပြီးရေးတဲ့ မြန်မာ့သမိုင်း ၊ ဩဂုတ် ၂၀၀၃။( မြန်မာ ထွေထွေရာရာ သမိုင်း ၊ စာမျက်နှာ ၂ - ၂၂ )
ဒေါက်တာ တိုးလှ ၊ သရေခေတ္တရာ သို့မဟုတ် မြန်မာနိုင်ငံတော် ၊ အေဒီ ၂-၉ ရာစု။
ဗိုလ်မှူး ဘရှင် ၊ ဝိလာရမ သင်းချိုင်းတော်။

2/17/10

ဟန်လင်း ပျူသင်္ချိုင်း စာ

ဒေါက်တာတိုးလှ ရဲ့ " ပျူသင်္ချိုင်း စာများ " စာတမ်း မှာ ဒီပုံကို တွေ့တယ်။ ဘာတွေရေးထားတယ်ဆိုတာ သူ့စာတမ်း မှာ ရှင်းလင်းချက် မပါ။ မြန်မာ ရှေးမြို့တော်ဟောင်း " ဟန်လင်း " မှာ တူးဖော်ရရှိတဲ့ သင်္ချိုင်းကျောက်စာဖြစ်တယ်။ ခရစ်နှစ် ၄ ရာစုနှစ် ပျူအက္ခရာ ဖြစ်တယ်။ ဒေါက်တာသန်းထွန်း ရဲ့ မြန်မာသမိုင်း ပုံ စာအုပ် ၊ စာမျက်နှာ ၉၈ မှာ အဓိပ္ပာယ် ရှင်းလင်းချက်တွေ့လို့ အများလေ့လာဖို့ အတွက် ပုံနှင့်စာကို ပူးတွဲ ဖော်ပြလိုက်တယ်။



ဗံးဒိ့ဝံတိံမ္လိံဥသးန္ဂုက္နောဥပ္လိ
ဗံးတုဗဟိ ဥတုယံ

မြတ် ( သခင် ) ဒိ့ဝံတိ ၏ သား ၊ န္ဂုက္နော၏ မြေး
မြတ် ( သခင် ) တုဗဟိ ၏ ဗိမာန်တော်