12/26/09

တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု

ဒင်္ဂါးအတု
ဒင်္ဂါးအတု
ဒင်္ဂါးအတု

တောင်ပန်နီ ဘုန်းတော်ကြီး နှင့် ဒင်္ဂါးတု

မျက်မှောက်ခေတ် ငွေစက္ကူ ငွေအကြွေဒင်္ဂါး အတုများပြုလုပ်ရန် ကြံစည်ကြသည့်နည်းတူ မင်းတုန်းမင်း လက်ထက်ကလည်းဒင်္ဂါးအတုများ ပေါ်ပေါက်ခဲ့ဘူးသည်။ ငွေကိုကြေးနီများရောစပ်၍ တံဆိပ်တော်အတု ရိုက်နှိပ်ကာ သုံးစွဲကြသည်။


ဒင်္ဂါးတုပြုလုပ်သူမှာ ဘုန်းတော်ကြီး တစ်ပါးဖြစ်သည်။ ထိုဘုန်းတော်ကြီး စတင်ပြုလုပ်သော ဒင်္ဂါးတုများမှာ ကြာလာသည့်အခါ ကြေးနီများသည်ဖြစ်၍ ဥဒေါင်းရုပ် အတောင်ပန်က စတင်ကာ ကြေးနီရောင် ပေါ်လာသဖြင့် မြို့ဝန်ထောင်မှူး ( တထောင်မှူး ) တို့စုံစမ်း စစ်ဆေးရမိရာတွင် ထိုဘုန်းတော်ကြီးကို မောင်းကျော်ရာဇဝတ်တော် ပေးရဘူးလေသည်။

ထိုဘုန်းတော်ကြီးကို " တောင်ပန်နီ ဘုန်းတော်ကြီး" ဟု ၎င်း ထိုဘုန်းတော်ကြီးပြုလုပ်သော ဒင်္ဂါးကို " တောင်ပန်နီဒင်္ဂါး" ဟု ၎င်း ခေါ်ဝေါ်ကြသည်။ ထို အချိန်က ဒင်္ဂါးများကို စစ်မစစ် မှန်မမှန် ကြည့်ရှူသုံးစွဲကြရကြောင်းသိရသည်။

( မြန်မာ ဒင်္ဂါးများ ၊ သပြေညို မောင်ကိုဦး ၊ စာပေဗိမာန် ၁၉၇၀ ၊ စာမျက်နှာ ၁၀၃ )



မင်းတုန်းမင်း ခေတ် ကတည်းက ဒင်္ဂါး အတု ပေါ်၊ မပေါ် ရဲရဲ မပြောတတ်။ သို့သော် ကျွန်တော်တို့ ခေတ်မှာ တော့ ရတနာပုံ ဒင်္ဂါးမှန်သမျှ ထိုင်း၊ အိန္ဒိယ နှင့် ဟောင်ကောင် စတဲ့နိုင်ငံတွေက အတုလုပ်ပြီးရောင်းတယ်။ တောင်ပန် မနီ ၊ ရင်အုပ်လည်း မနီ။ အလေးချိန်မတူ ၊ ငွေသားစစ်စစ် မသုံးတာကလွဲရင် ကျန်တာအကုန်နီးပါးတူတယ်။

ကိုလိုနီ ခေတ်ဦးကတည်းက ပျောက်ပျက်သွားခဲ့တယ်ဆိုတဲ့ ရတနာပုံ ဒင်္ဂါး ပုံစံခွက်တွေ ဘယ်ဆီထိ ခရီးဆက်တယ်ဆိုတာ မပြောနိုင်သော်လည်း
အရေတွက် ၃၆ သန်းကျော် ထုတ်ခဲ့တဲ့ ဒင်္ဂါးအစစ်တွေရော ၊ ခုခေတ်လုပ် ဒင်္ဂါး အတုတွေပါ ကမ္ဘာအနှံ့ခရီးဆက်နေကြလေရဲ့။ ကျွန်တော်တို့ မြန်မာတွေ ရတနာပုံ ဒင်္ဂါး ဘယ်လောက်များများ အမြတ်တနိုး ၊ အမှတ်တရ သိမ်းထားလဲ မသိ။

12/24/09

ပစပ်ရာဇဝင်

မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " ပါ အကြောင်းရာ တချို့ကို ဒေါက်တာ သန်းထွန်း ၊ ဒေါက်တာ ရီရီ နှင့် မကြန် တို့ရဲ့ စာတမ်းငယ်တွေ မှာ မကြာခဏဖော်ပြတာ ဖတ်ဖူးပါလိမ့်မယ်။

သမိုင်း ပညာရှင် " မကြန် " က ပါးစပ်ရာဇဝင်ကို " ဖတ်လို့ ကောင်းသည်။ ပါးစပ်ရာဇဝင် ဆိုတော့လည်း မှန်သင့်သလောက် မှန်ပြီး မသေချာတာတွေလည် ပါမှာပေါ့လေ " ဆိုပြီး မှတ်ချက်ပေးတယ် ။

မှော်ဘီ ဆရာသိန်းရဲ့ " ပါးစပ်ရာဇဝင် " မှာ ပါတဲ့ အကြောင်းရာတွေဟာ ပေစာ ၊ ပုရပိုဒ်စာ တွေနှင့် သက်ကြီးရွယ်အို တွေရဲ့ ပြောပြချက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ သက်ဦး ဆံပိုင် ဘုရင် နှင့် ပဒေသရာဇ် စနစ်အောက်က အုပ်ချုပ်ခံ ပြည်သူ ၊ မင်းခစား အမတ်တွေ ရဲ့ ခံစားချက် " သရော်စာ " လို ဖြစ်နေ လို့ ဘိုးတော် ( ဗဒုံမင်း ) နှင့် ဘကြီးတော် တို့ တင်မကဘဲ အခြားကျန်နေသေးတဲ့ ခေတ် နှင့် ဘုရင်တွေ အတွက်ပါ ရှိသင့်ပါတယ်။


ပေးထားတဲ့ လင့် တွေက ဒေါင်း ယူနိုင်ပါတယ်။
https://www.myanmarisp.com/history/History-eBooks/126%20PaSatYarZarWin.pdf/view

http://www.zshare.net/download/70319034c1750375/


စာအုပ် ( PDF ) ဖိုင် ကို မြန်မာ့ သတင်း ဆက်သွယ်ရေး နည်းပညာအဖွဲ့ ကနေယူထားပါတယ်။

12/15/09

ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း

ရှေးဟောင်း ဒင်္ဂါး လေ့လာစုဆောင်းသူများသူများကို ဒါတွေ သတိထားပါလို့ ပြောချင်တယ်

ရတနာပုံ ခေတ် ဒင်္ဂါး တွေမှာပါတဲ့ ဒေါင်းတံဆိပ် ကို ဥဒေါင်း ၊ ခွက်ဒေါင်း ၊ ကဒေါင်း စသဖြင့် အမျိုးမျိုးပြောနေကြတယ်။ မှန်တဲ့ လူ မှန်နိုင်တယ်။ ဘာပြုလို့ဆိုတော့ သုံးထားတဲ့ " ဒေါင်း " ရုပ်တွေ မတူလို့ပါ။
စုဆောင်းလို့ ရသမျှ ကို ဖော်ပြပေးလိုက်ပါတယ်။








( ပန်းခက်လို့ ပြောနေကြတဲ့ အခက်နှစ်ခက် ဟာလည်း မှန်ချင်မှ မှန်မယ် ၊ တမတ်တန် ကြေးဒင်္ဂါး မှာသုံးထားတာ အခက်နှင့်မတူဘဲ အနွယ်နှင့် ပိုတူတယ် )

12/12/09

ရတနာပုံ တိုး ဒင်္ဂါး

ဒေါင်းဒင်္ဂါး ကို " ရတနာပုံဒေါင်းဒင်္ဂါး " လို့ရေးရင် ၊ တိုးဒင်္ဂါး ကိုလည်း ရတနာပုံ တိုးဒင်္ဂါး လို့ ရှေ့မှာ
" ရတနာပုံ" ထည့်ပြီး ရေးသင့်တယ်။

ရတနာပုံ ဒေါင်းဒင်္ဂါး အကြောင်း သိပ်အသားပေးပြီးရေးတဲ့အခါ ရတနာပုံတစ်ခေတ် တည်းမှာထုတ်လုပ်တာ ဖြစ်ပါလျှက် အခြားအမှတ်တံဆိပ်ပါ ဒင်္ဂါးတွေကို မှေးမှိန်စေပါတယ်။

မြန်မာတို့ရဲ့ အစဉ်လာ အခေါ်အရ ဒင်္ဂါးဆိုတာ " အမှတ်တံဆိပ်" သို့မဟုတ် " စာ " ပါ ရွှေ သို့မဟုတ် ငွေ အပြားဝိုင်းငယ်တွေကိုသာ ခေါ်ခြင်းဖြစ်တယ်။ ကြေး၊ သံ ၊ ခဲ စတာတွေနှင့် လုပ်ထားတာမျိုးကိုတော့ ကြေးပိုက်ဆံ ၊ သံပိုက်ဆံ ၊ ခဲပိုက်ဆံ စသဖြင့်ခေါ်ကြတယ်။ ဒင်္ဂါး လို့မခေါ်ပါ။

မင်းတုန်းမင်း ခေတ် ရွှေ နှင့် ငွေ ဒင်္ဂါးတွေ ထုတ်လုပ်ခဲ့တယ်လို့ အများစုရေးကြတယ်။ သီပေါမင်း ခေတ်မှာ ဒေါင်းဒင်္ဂါးတွေကို ဆက်လက် ထုတ်လုပ်သုံးစွဲပါတယ်။ ၁၂၄၀ မှာ တိုးတံဆိပ် ကြေးဒင်္ဂါး ( ကြေးပိုက်ဆံ ) ထပ်ထုတ်ခဲ့ပါသေးတယ်။ ပုံကိုကြည့်ပါ။


" တိုး " သတ္တဝါ
" တိုးတံဆိပ်တော်" စာတမ်း
( တိုး ဆိုတာ မြင်း နှင့် သမင် သတ္တဝါ နှစ်ကောင်ကို ပေါင်းစပ်ထားတဲ့ လာဒ်ကောင်လို့ အယူရှိတယ်။
သီပေါမင်းရဲ့ " တိုး " ဟာ ရှမ်းတိုင်းရင်းသားတွေ ရဲ့ တိုး လို ကြည့်မကောင်းပါ ၊ ရုပ်ဆိုးလှတယ် )


အခြား တဘက်မှာတော့
" ၁ူး သုံး ဒင်္ဂါး "
" ၈ ပုံ တပုံ "
" ၁၂၄၀ "
" အခက် ၂ ခက် " ( အချို့က ဝိုက်ပန်းခက်လို့ပြောတယ် )
" အခက် ၂ ခက် ရဲ့ကြား မှာ ပန်းပွင့် "
(ဘာပန်းပွင့် မှန်းသေချာမသိပါ၊အခက်ကို ဝိုက်ပန်းခက်လို့ ဆိုရင် ဒီအပွင့်ကို ဝိုက်ပန်းပွင့်လို့ ဆိုနိုင်မလားမသိပါ )



ကြေးဒင်္ဂါး မှာပါတဲ့ ခုနှစ် " ၁၂၄၀ " ဟာ ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်ပါမယ်။
သီပေါမင်းဟာ စနေသား ဖြစ်လို့ စနေနံ( တ၊ ထ ၊ ဒ ၊ ဓ ၊ န ) ဖြစ်တဲ့အတွက် တိုးတံဆိပ်ကို သုံးတယ်လို့ အချို့က ဆိုတယ်။ မှန်ချင်မှ မှန်မယ်။

မင်းတုန်းမင်းဟာ အင်္ဂါ သားဖြစ်လို့ " ခြင်္သေ့ " တံဆိပ်ကို သုံးတယ်ဆိုရင် စနေသားဖြစ်တဲ့ သီပေါမင်းဟာ " နဂါး " သုံးဖွယ်ရာရှိတယ်။ " နဂါး " မကြိုက်လို့ " တိုး " သုံးသလားတော့မသိပါ။
ဘာအတွက် ဘာကြောင့်ရယ်လို့တော့ တပ်အပ် မပြောနိုင်သေးပါ။

12/5/09

ရတနာပုံ ခြင်္သေ့ ဒင်္ဂါး

ကျပ်သုံး ရွှေဒင်္ဂါး

မင်းတုန်းမင်း ခေတ်မှာ ဒေါင်းဒင်္ဂါး တွေကို ခပ်လုပ်သုံးစွဲခဲ့တယ်ဆိုတာ အထူးပြောစရာမလိုတော့ပါ။
ဒေါင်းတံဆိပ်အပြင် တခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ " ခြင်္သေ့ ၊ ယုန် ၊ တိုး (လာဒ်ကောင် လို့ အယူရှိတယ် ၊ သမင် နှင့် မြင်း သတ္တဝါ ပေါင်းစပ်ထားတဲ့ အကောင် )" တွေရှိသေးတယ်ဆိုတာ မှတ်ဖို့လိုသေးတယ်။

ရွှေ ၊ ငွေ ၊ ကြေး ၊ သံ ၊ ခဲ စတဲ့ သတ္ထုပစ္စည်းတွေ ကို အသုံးပြုတယ်။ တန်ဖိုးတွေက ( တကျပ် ၊ ငါးမူး ၊ တမတ် ၊ တမူး ၊ တပဲ )တို့ဖြစ်တယ်။ သို့သော် ဘယ်အမှတ်တံဆိပ် ကို ဘယ်သတ္ထုပစ္စည်းသုံးပြီး ဘယ်လောက် တန်ဖိုးတွေနှင့် ထုတ်တယ်ဆိုတာ သိဖို့လိုမယ်။ ရတနာပုံ ရွှေ ခြင်္သေ့ ဒင်္ဂါး အကြောင်း အကျဉ်း ဖော်ပြချင်ပါတယ်။ ပုံကို ကြည့်ပါ။

မူးသုံး ရွှေဒင်္ဂါး
ယခင်
" ဒေါင်း" ရုပ်နေရာမှာ " ခြင်္သေ့ " ရုပ်
"
ဒေါင်းတံဆိပ်တော်
" နေရာမှာ "ခြင်သေ့ တံဆိပ်တော် "
" ၁၂၁၄ " ခုနှစ် နေရာမှာ " ၁၂၂၈ " ဖြစ်လာတယ်။ ဒင်္ဂါး ရဲ့ ခြားတဘက်မှာ ရတနာပုံနေပြည်တော် စာတမ်း နှင့် စုံပန်းခက် ၂ ခက် ကတော့ အပြောင်းလဲမရှိ။

မင်းတုန်းမင်း ဟာ အင်္ဂါးသားဖြစ်လို့ ခြင်္သေ့ ရုပ်ကို သုံးတယ်။
၁၂၂၈ ကတော့ ခြင်္သေ့တံဆိပ်ပါ ရွှေဒင်္ဂါး တွေ အမှန်တကယ် စတင်ထုတ်လုပ်တဲ့ ခုနှစ်ဖြစ်မယ်။
( မှားနေရင် ပြောခဲ့ပါ။)



" သက္ကရာဇ် ၁၂၂၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် ၊ စနေနေ့ ၊ နံနက်တချက်တီးကျော် အချိန်အခါတော် နှင့် အမြှောက်သံ (၃) ချက်ကြားပြီးလျှင် ဥဒေါင်း ရုပ်တံဆိပ်အပြင် မြန်မာ အက္ခရာနှင့် အရံတံဆိပ်တော်တဖက် ၊ စုံပန်းနွယ်ရင်းဖျားတပ်လျက် ၊ ၎င်း အတွင်း ဘဝရှင်မင်းတရားကြီး နန်းတက်တော်မူသည့် မြန်မာသက္ကရာဇ် ၁၂၁၄ ခု ၊ ၎င်း အထက် ကျပ်သုံးဒင်္ဂါး ၊ ၎င်းပန်းနွယ်အပြင် မြန်မာဘာသာရေး အရံအက္ခရာ ရတနာပုံ နေပြည်တော် တဖက်နှင့် ကျပ်သုံး ဒင်္ဂါးတော်များကို ခတ်လုပ်စေ၍ တိုင်းကြီး ပြည်ကြီး အင်္ဂါရပ်နှင့် အညီ ခရိုင် နိုင်ငံတော်အတွင်း အနှံ့အပြားသုံးစွဲကြရ၏။ ထို့နောက် ငွေ ငါးမူးစေ့ ၊ မတ်စေ့ ၊ မူးစေ့ ၊ ပဲစေ့ များနှင့် သံပိုက်ဆံ ၊ ကြေးနီပိုက်ဆံ ၊ ခဲပိုက်ဆံများကိုလည်း ခတ်လုပ်စေ၍ နိုင်ငံတော်အတွင်း သုံးစွဲ ကြရသည်။ ထို့အပြင် ရွှေဒင်္ဂါး ၊ ရွှေမတ်စေ့ ၊ ရွှေမူးစေ့ များကိုလည်း ခတ်လုပ်စေသည် " လို့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ ဖော်ပြထားတယ်။ ( ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် ကို ဘယ်သူရေးတယ်၊ ဘယ်နှစ်ခုနှစ် ၊ ဘယ်လို ရေးတယ်၊ ဘယ်လောက်ထိ စိတ်ချရလဲဆိုတာ သိဖို့ လိုအပ်သေးတယ် )