အမျိုးအစား - ၁၈၅၄ ခုနှစ်ကပန်းချီကား
အချိန်ကာလ - ၁၉ ရာစု
တွေ့ရှိရာနေရာ - ကာလကတ္တား
ပြုလုပ်ပုံနည်းပညာ - ရေဆေးပန်းချီ။
အရွယ်အစား - အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.180-1950, IS.179-195, IS.181-1950
၁၈၅၂ အင်္ဂလိပ် မြန်မာ ဒုတိယအကြိမ် စစ်ဖြစ်ပြီး မြန်နိုင်ငံ အောက်ပိုင်း နဲ့ ရခိုင် ကိုပါ အင်္ဂလိပ်က သိမ်းယူလိုက်ပါတယ်။ ၁၈၅၄ ကုန်ခါနီးမှာ မြန်မာဘုရင် မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) ဟာ အရှေ့နန်းမတော် ဘုရားဝန်မင်းကြီး ဦးဆောင်တဲ့ သံအဖွဲ့ကို အိန္ဒိယ ဘုရင်ခံချူပ် လော့ဒလဟိုစီ နဲ့တွေ့ဖို့ရာ ကာလကတ္တား ကိုသွားပါတယ်။ ဆာအာသာဖယ်ရာ ကဒီခရီးမှာ စကားပြန်အဖြစ်လိုက်ပါခဲ့တာပါ။ ဆာအာသာဖယ်ရာရဲ့ တူမက ပြတိုက်ကို လှူဒါန်းခဲ့တာပါ။ အတူပါလာတဲ့ နန်းတွင်း ပန်းချီပညာရှင် မှတ်တမ်းတင်ရေးဆွဲထားတဲ့ ဒီရေဆေး ပန်းချီကား သုံးကားလုံးမှာ မြန်မာသံအမတ်များရဲ့ ခန်းနားထည်ဝါမှုကို လေ့လာခွင့်ရပါတယ်။
အပေါ်ဆုံးကစရင်
ဒုတိယ အကြိမ်
တတိယ အကြိမ်
ပထမ အကြိမ်
=======================================================
မြန်မာပန်းချီအကြောင်း ပြောရတာအားရစရာပါ။ ဟိုးအရင် နှစ်ပေါင်း ၁ သောင်း ၆ ထောင်ကတည်းက ဆွဲထားတဲ့ ပန်းချီ ကျွန်တော်တို့ မြန်မာပြည်မှာ ရှိတယ်ဆိုတာ သိစေချင်လို့ပါ။ မယုံရင်ဖြင့် ပဒတ်လိုဏ်(ဂူ) မှာသွား ကြည့်ကြပါ။ ဘယ်ပညာရှင်က ပြဒါးလင်းဂူဆိုပြီးနာမည် ပြောင်းပစ်တယ်မသိဘူး။ ဒေသခံတွေက ပဒတ်ခေါင်းထောင်နေသလိုမြင် ရလို့ပဒတ်လိုဏ်ဂူရယ်လို့ခေါ်တာပါ။ ဂူနံရံပေါ်ကပန်းချီတွေက ဆေးအနီရောင်ခြယ်ထားတဲ့ တစ်ကြောင်းဆွဲပုံတွေပါ။ မြေပြင်ကနေ ၁၂ ပေလောက်အမြင့်မှာရေးခဲ့တာပါ။ ပန်းချီရေးတဲ့လူတွေဟာ အဲဒိအချိန် ကတည်းက အနီး၊ အဝေး ကို အရောင် အနု၊ အရင့် ရောစပ်အသုံးပြုရမယ်ဆိုတာ သိနေပြီမို့ ဥရောပ၊ စပိန် ကဂူနံရံ ဆေးရေးပန်းချီတွေလောက် လက်ရာမကောင်းလှပေမယ့် အဆင့်မြင့်နေပြီဆိုတာသိရပါတယ်။ ပုဂံ ၁၀ ရာစု လယ်လောက်ကစပြီး ပန်းချီရေးတဲ့လူတွေဟာ အနီး၊ အဝေး နဲ့ အလုံးအထည် တွေကို ပကတိအနေထားတိုင်း ရုပ်လုံးပေါ်အောင် ရေးဆွဲတဲ့ပညာ (Perspective)ကို ကျွမ်းကျင်နေပါပြီ။ နိပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလား နဲ့ အိန္ဒိယက ပန်းချီရေးတဲ့လူတွေလဲရောက်လာပါတယ်။
ဆာအာသာ ဖယ်ရာကို မင်းတုန်းမင်းကိုယ်တိုင် လက်ဆောင်ပေး ဖူးတဲ့ ပန်းချီကားရှိပါတယ်။ မြန်မာနန်းတွင်း ပန်းချီပညာရှင် ရေးတဲ့ ဆင်မင်း ပုံ ရေဆေးပန်းချီပါ။ ဖယ်ရာကတော့ အဲဒိပန်းချီကို နည်းနည်းလေးမှမကောင်းဘူးလို့ပြောသွားခဲ့တယ်။
သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
2/27/09
2/26/09
မာန်နတ်မင်းရဲ့သမီးပျို
အမျိုးအစား - မာန်နတ်မင်းရဲ့သမီးပျို
အချိန်ကာလ - ၁၅ ရာစု
တွေ့ရှိရာနေရာ - မြန်မာ (သိပ်မသေချာ၊ ပြစ်နိုင်ချေရှိ)
ပြုလုပ်ပုံနည်းပညာ - မီးဖုတ် မြေ/ကြွေ ပြားကို အစိမ်းရောင်၊အညိုရောင် စဥ့်ရည်သုပ်လိမ်း။
အရွယ်အစား - အမြင့် ၄၃.၅ စင်တီမီတာ ၊ အကျယ် ၃၅ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - 173-1875
အစိမ်းရောင် နောက်ခံပေါ်မှာ ဖန်တီးထားတဲ့ သပ်ရပ် လှပကျော့ရှင်းတဲ့ မာန်နတ်မင်းရဲ့သမီးပျိုတွေပါ။ အစိမ်းရောင် အဝတ်ပေါ်မှာ အနီရောင်အဆင်းရှိ ပဝါစနဲ့ထပ်ဆင့်အလှဆင်ထားတယ်၊ အသေးစိပ် ဖန်တီးပုံဖော်ထားတဲ့ ဦးခေါင်းပိုင်း၊ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာ၊ လက်တစ်ဘက် ဘေးမှာကိုစီချလျက် ကျန်လက်တစ်ဘက်က ခပ်မြင့်မြင့်အနေထား ယပ်တောင်ကို ကိုင်လျှက်တွေ့ရပါမယ်။ မြတ်ဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးထဲက မာန်နတ်မင်းနဲ့ သူ့စစ်သည်တွေကို အောင်မြင်တော်မူခန်း ကိုပုံဖော်တဲ့ အခန်းဆက်စဥ့်ထည် အတွဲလိုက်ထဲက တစ်ခုပါ။ မြတ်ဗုဒ္ဓ သဗ္ဗေညုတညဏ် ရည်သန်လျှက် တရားအားထုတ်စဉ် နှောင့်ယှက်ကြတဲ့ မာန်နတ်မင်းရဲ့ စစ်သည်တော်တွေကို ပဲခူးမြို့ရွှေဂူကြီး ဘုရားရဲ့ အောက်ခြေပတ်လည်မှာတွေ့ရပါမယ်။ မြတ်ဗုဒ္ဓ၏ ဘဝဟောင်း ဇာတ်နိပါတ်တော် စဥ့်ထည်တွေ ကိုလည်းဘဲ တစ်စုတစည်းတွေ့ရနိုင်ပါတယ်။ ဒီလို မီးဖုတ်မြေထည်ကိုစဥ့်ရည်သုပ်လိမ်းထားတဲ့ ဇာတ်နိပါတ်တော် စဥ့်ထည်တွေနဲ့ ဘုရားတွေမှာအလှဆင်တဲ့ အလေ့ထ ကိုမွန်တို့ရဲ့နေပြည်တော် သထုံ မှာစပါတယ်။ ၁၁ ရာစု အလယ်ပိုင်း မြန်မာဘုရင် အနိရုဒ္ဓ(အနော်ရထာ) သထုံကို သိမ်းယူပြီး နောက် စဥ့်ထည်လုပ်ပညာရပ် ပုဂံရောက်တယ်။
နောက်ပိုင်း ၁၅ ရာစုရောက် လာတဲ့အခါ စဥ့်ထည်ပညာရပ်ဟာ များစွာ အဆင့်မြင့်တိုးတက်နေပါပြီ။
============================================================
စဥ့်ထည်တွေနဲ့ သက်ဆိုင်တဲ့ ပိုစ် ၂ ခုတင်ပြီးပါပြီ။ ပြတိုက်ကပြောတာမရှင်းပါ အခု မြင်နေရတဲ့ စဥ့်ထည်ကို မြန်မာပြည်ကရသလာဆိုတာလည်း မသေချာ၊ ပဲခူး က ရ သလိုလို၊ ဘာလိုလို နဲ့အဆုံးသတ်ထားတယ်။ မသေချာရင် ဖြင့်လည်ဘဲ ကမ္ဘာကျော် ပြတိုက်တစ်ခုအနေနဲ့ ဆက်ပြီး သုတေသန ပြုသင့်ပါတယ်။ ဒီပစ္စည်း ဘဲ ပြတိုက်ကိုရောက်နေတာ ကြာလှရှိပြီ။ ခုထိ မသေချာသေးဘူး။
ပြတိုက်က ၁၅ ရာစုလို့ပြောပါတယ်။ ဝတ်စား ဆင်ယင်မှုကို ကြည့်ပြီး ဟုတ်နိုင်လောက်တယ်လို့ ပြောရပါမယ်။ မသေချာပါ။ မွန်တွေရဲ့ ဟန်ပန်မျိုးတွေ့ရပေမယ့် ရခိုင်ဘက်ကလဲ ဖြစ်နိုင်ပါတယ်။ အပေါ်ထိပ်ကစာကိုကောင်းကောင်းဖတ်မရပါ။ ဒီစဥ့်ထည်ဟာ အနာဆာများတယ် တချို့နေရာပြင်ထားပုံရတယ်။ စဥ့်ထည်ပညာနဲ့ပတ်သက်ပြီး ၁၁ ရာစု နောက်ပိုင်း ဆိုရင်ဖြင့် ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ပါတယ်။ ဒါပေသိ ဒိထက်စောပြီး ပြောဖို့ရာ အထောက်ထား မပြည့်စုံသေးပါ။
သရေခတ္တရာ မှာ စဥ့်ထည်မတွေ့ဘူးလို့ ရဲရဲပြောဝံတယ်။ ဟန်လင်းမှာလည်း မတွေ့။ ၁၂ ရာစုထက်စောတဲ့ ပစ္စည်း ဘာတစ်ခုမှ မတွေ့ရတဲ့တကောင်းကိုလဲ ထည့်တွက်စရာ မလို။ ရှင်းရှင်းပြောရင် ပျူတွေရဲ့မြို့ တော်မှာ စဥ့်ထယ်မတွေ့ရပါ။ ဒါဆို ဒီစဥ့်ထည်ပညာရပ်ကို ပုဂံက မြန်မာတွေဘယ်ကရလဲ။ တချို့ပညာရှင်တွေက တရုတ်ကမှတဆင့် ရှမ်းကရတယ်၊ ရှမ်းကတဆင့် မြန်မာကရတယ် လို့ဆိုတယ်။ ၉-၁၀ ရာစုလောက်မှာ စဥ့်နဲ့မြေထည်တွေ သိပ်ထွက်တဲ့ တရုတ်ပြည်နဲ့ ကူးသန်းရောင်းဝယ်မှုတော့ရှိပါတယ်။ တရုတ်က ရတယ် ဆိုလည်းဘဲ ယနေ့ထိတော့ ဘာအထောက်ထားမှမရှိသေးလို့ မသေချာသေးပါ။ ရခိုင်ဘက်မှာ စဥ့်ထည်တွေအများကြီးတွေ့ရလို့ ဒါလဲစဉ်းစားစရာပါ။
ပြတိုက်ကပြောသလို မွန်တို့ရဲ့ သထုံကရတယ်ဆိုရင် သထုံဘက်မှာ စဥ့်ထည်တွေကို အများကြီး တွေ့နိုင်စရာရှိတာပေါ့။ ခုထိမတွေ့သေးပါ။ နောက်ပြီး မွန်တွေ ကတဆင့်ရတယ်ဆိုရင်ဖြင့်လဲ နောက်ပိုင်းဘာဖြစ်လို့များ သထုံမှာ စဥ့်ပညာ အဆက်ပြတ်သွားရလဲ။ ဘာအထောက်ထားနဲ့ ပြောလဲဆိုတာ ပြတိုက်ကို လှမ်းမေးပါမယ်။ အပေါ်ထိပ်ကစာကိုသီးသန့်ပုံတောင်းရပါမယ်။ ပြီး ရင် ဒီ ပိုစ် ကို လိုအပ်ရင် ပြန်ပြင်ရပါမယ်။
( ဒီလို မာန်နတ်မင်းရဲ့သမီးပျို ပုံတွေဟာ ထိုင်း၊ နိပေါ၊ တိဘက်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဘက်မှာ ၅ရာစုလောက်ကတည်းကတွေ့နေရပါပြီ။ ၂ ရာစုကတည်းက ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘလုချိစ္စတန်ဘက်မှာ သိပ်ရေပန်းစားနေပါ ပြီ။ စုဆောင်းထားတာတွေရှိပါတယ်၊ နောက်ပိုင်းမှာ တင်သွားပါမယ်။ )
2/24/09
ဝန်ကြီးအဆောင်ယောင်
အမျိုးအစား -ဝန်ကြီးအဆောင်ယောင်
အချိန်ကာလ - ၁၉ ရာစု တတိယ နှစ်အစိတ်၊ မန္တလေး
Techniques- ( နားလည်မှုမလွဲစေဖို့ မူရင်း ကိုဘဲကြည့်ပါ )
(Shoulder belt) Gold relief work, formed by raising and finished with repoussé and incised work(Ear tube) Gold sheets and filigree work(Ear tube) Gold sheets and filigree work(Foil order) Engraved thin gold metal foil
Dimensions - (Shoulder belt) Length 61 cm(Shoulder belt) Width 13.4 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Ear tube) Length 9.5 cm(Ear tube) Width 3.2 cm (maximum)(Foil order) Length 28 cm(Foil order) Width 7 cm
တွေ့ရှိရာနေရာ - မန္တလေး၊ မြန်မာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.15 to C-1947
မန္တလေး၊ သီပေါမင်းက အမှုထမ်း အဆင့်မြင့်နန်းတွင်း
အမတ်ကြီးတစ်ဦးအတွက်ချီးမြင့်တဲ့ ဘွဲ့တဆိပ်ပါရွှေပြား၊ ရွှေနားတောင်း၊ ၁၂ ကြိုးရွှေစလွယ်အဆောင်ယောင်တွေပါ။ ဒီလိုအဆောင်ယောင်မျိုးကို ဘုရင်ရှေ့တော် ညီလာခံဝင်တဲ့အကာမှာဝတ်ဆင်တာပါ။ ရာထူးရာခန် ဘယ်လောက်အဆင့်မြင့်တယ်ဆိုတာကို ရွှေစလွယ်မှာပါတဲ့ ရွှေကြိုးအရေတွက်ကိုကြည့်ပြီးသိနိုင်ပါတယ်။ ရွှေစလွယ်ထိပ် ချိပ်မှာပါတဲ့ အရုပ် ၃ခုမှာ ဒေါင်းပုံဟာ ကုန်းဘောင်မင်းဆက်ကို ကိုစားပြုပါတယ်။ ဝန်ကြီးရဲ့ ဘွဲ့နာမည်ကိုရွှေပြားပေါ်မှာ ရေးထိုးထားသလို အနီရောင်ဖဲကြိုးစကိုဖြင့် ခေါင်းပေါင်း ဒါမှမဟုတ် နဖူးမှာစီးပြီးမှသာ ဘုရင့်ရှေ့တော်ကိုအခစားဝင်မှာပါ။
(ပြတိုက်ရဲ့မှတ်ချက်ကဒီလောက်ဘဲရေးထားပါတယ်။)
============================================================
အမှန်ကိုဝင်ခံရရင် မန္တလေးခေတ် မင်းတုန်း၊ သီပေါ ခေတ်အနုပညာလက်ရာတွေကို သိပ်အကြိုက်ကြီးမဟုတ်လှပါ။ ဒေါင်းရုပ်ဘေးကအရုပ်က " ဗျာလ " ပါ။ ပုဂံ ထီးလိုင်မင်း ကျန်စစ်သား လက်ထက်ကတည်းက နန်းတွင်းအလှဆင်ရာမှာတွင်ကျယ်စွာအသုံးပြုပါတယ်။ ရခိုင်ဘုရင်တွေလည်းသုံးပါတယ်။ ယခုလည်းသုံးဆဲပါ။ သိန်းငှက်ပုံကိုအောက်ဆုံးမှာတွေ့ရပါမယ်။ ရွှေပြားပေါ်မှာတော့ အများသိ ခြင်္သေ့ပါ။
ဒီဝန်ကြီး " သတိုးမင်းကြီးမဟာမင်းထင်စည်သူ" အကြောင်းသေသေချာချာ သိပ်မသိပါ။
သိသလောက်ပြောပါံမယ်။ မန္တလေး ဒုတိယ ရွှေအင်ပင် ကျောင်းတကာ တရုတ်သူဋ္ဌေး ဦးစက်ရွှင်(၁၇ မတ် ၁၉၁၇ မှကွယ်လွန်) သင်္ချိုင်းစာ ၂၉-၃၅မှာ(မူရင်းအတိုင်း)
သတိုးမင်းကြီး မဟာမင်းထင်စည်သူဟူသော အမတ်ကြီးသည် ကြံအား ဘန်အား ညဏ်အား လုံးလကိုသိသဖြင့် သားနှယ်တမျှ ထင်မှတ်၍၊ သီပေါရွှေနန်းလျှင်ဘုရားရှေ့တော် ဆက်သွင်းရာ၊ အလွန်ဝမ်းမြောက်တော်မူ၍၊ ကျောက်စိမ်းအလုပ် အခွန်တော်ထမ်းဆောင်၊ ကောင်းမွန်စွာ ကူးသန်းရောင်းဝယ်စေ၊ ဟူသောအမိန့်တော်မြတ် ခပ်အပ်တော် မူလိုက်သည်အတိုင်း၊ ကူးသန်းရောင်းဝယ်၍၊ ဥစ္စာအင်ခွင်တို့သည်များစွာ တင့်တယ်လေသည်။
သတိုးမင်းကြီးမဟာမင်းထင်စည်သူ ဟာ ဝင်ရှင်တော်တောင်ခွင်မြို့စားဖြစ်ပြီး ၁၂၅၄ နတ်တော်လပြည့်ကျော် ၂ ရက်(၁၅ ဒီဇင်ဘာ ၁၈၉၂)မှာကွယ်လွန်။
Ref ;
မန္တလေးရက်စွဲသမိုင်း ၊ ဒေါက်တာသန်းထွန်း။
ဦးစက်ရွှင် တရုတ် သင်္ချိုင်းစာ။
ခေါင်း၃လုံး ဗြဟ္မာနတ်မင်း
အမျိုးအစား - ခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း
အချိန်ကာလ - ၁၁ ရာစု
တွေ့ရှိရာနေရာ - ပုဂံ၊ မြန်မာ (သိပ်မသေချာ၊ ဖြစ်နိုင်ချေရှိ)
ပြုလုပ်ပုံနည်းပညာ - ခဲညိုရောင်(မီးခိုးရောင်) သဲကျောက်အမာတစ်မျိုး ကိုကျောက်စစ် ပညာရှင်ကထွင်းထုကျောက်စစ်တယ်လို့ဘဲပြောပရစေ။ (Grey Sandstone)။ မျက်နှာပြင်ပေါ်ကအဝါစက်ကလေးတွေက အချိန်ကာလကြာလို့ပေါ်လာတာမျိုးပါ။
အရွယ်အစား - အမြင့် ၃၃.၅ စင်တီမီတာ ၊ အောက်ခြေအကျယ် ၂၂.၂ စင်တီမီတာ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1917
ဒီခေါင်းသုံးလုံး ဗြဟ္မာနတ်မင်း ကျောက်စစ်ရုပ်ကြွဟာ ဟိန္ဒူ (Hindu) နတ်ဘုရားတေဖြစ်တဲ့ " ဗြဟ္မာ"ဆိုတဲ့ ဖန်ဆင်းရှင်၊ "ဗိဿနိုး"ဆိုတဲ့ စောင့်ရှောင့်သူ၊ "သိဝ"ဆိုတဲ့ဖျက်စီးသူ လို့ဆိုတဲ့ နတ်ဘုရားတွေကိုကိုယ်စားပြုပါတယ်။
ဟင်ဒူ(Hindu) နတ်ဘုရားကျောင်းနံရ ခပ်မြင့်မြင့်နေရာမှာ ဒီကျောက်စစ်ရုပ်ကြွပုံပါ ကျောက်ပြားကို ကပ်ပြီး အလှဆင်မယ်။ နတ်မင်းဟာ ခြေတမလင်ခွေထိုင်လျှက် လက်အုပ်ချီထားပါတယ်။ နမသ္ကာရမုဒြာပါ။ ခေါင်းသုံးလုံးဟာသက်ဆိုင်ရာအရပ်တွေကိုမျက်နှာမူထားပါတယ်။ ကျစ်ဆံမီးကျစ်ထားတဲ့ဆံပင်တွေဟာ အပေါ်ကို အဖျားရှူးချွန်တက်သွားပြီး ကြာပန်းထိပ်ဖူးနဲ့အပေါ်မှာအဆုံးသတ်ထားတဲ့ အသေးစိပ်လက်ရာပါ။
ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့အဝတ်မပါ။ အောက်ပိုင်းမှာ အဝတ်စည်းထားတယ် ဆိုတာသိသာစေဖို့ အရေးကြောင်း(ကောက်ကြောင်း)အဖြစ်တွေ့ရပါမယ်။
ဗုဒ္ဓဘာသာရဲ့အငွေ့သက်တွေပြစ်တဲ့ လက်အုပ်ချီထားပုံ၊ ထိုင်နေပုံ ကိုယ်နေဟန်ထား၊ နားရွက်ရှည် စတာတွေကိုဒီကျောက်စစ်ရုပ်ကြွလေးမှာတွေ့ရမှာပါ။
ဒီကျောက်စစ်ပြားဟာ အရင်းမူလနေရာ ဘယ်နေရာကဆိုတာအတိအကျမသိနိုင်သေးပါ။ အရှေ့ဘင်္ဂလား ကလဲပြစ်နိုင်ပါတယ်။ ဒေါက်တာ ဂျေ. အန်ဒါစင် (Dr J. Anderson) ရဲ့ကိုယ်ပိုင်စုဆောင်းမှုတွေထဲကတစ်ခုဖြစ်ပြီး သူ့ဇနီးသည် Mrs G.S. Anderson အတွက်ထားရစ်ခဲ့တာပါ။ ဒေါက်တာ ဂျေ. အန်ဒါစင်ဟာ ၁၈၉၆ ခုနှစ်၊ဗြိတိလျှ အစိုးရရဲ့ပထမဆုံး လေ့လာရေးခရီးစဉ်ဖြစ်တဲ့ မြန်မာနိုင်ငံအထက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည် ယူနန်ဘက် လေ့လာရေးခရီးသွားအဖွဲ့ဝင်တွေထဲကတစ်ဦးပါ။
=============================================================================
အိန္ဒိယ ယဉ်ကျေးမှုရောက်လာပုံ၊ ဩဇာသက်ရောက်ပုံ အကျိုးပြုပုံတွေကို ပညာရှင်တွေပြုစုထားတဲ့စာတမ်းတွေ အများကြီးရှိပြီးသာမို့သိပ်အကျယ်ချဲ့မနေတော့ပါဘူး။
အနိရုဒ္ဓ (အနော်ရထာ) လက်ထက်မှာ သထုံကိုသိမ်းယူပြီးနောက်ပိုင်း ပင်လယ်ကူးဆက်ဆံရေးလမ်းကြောင်းဟာ တိုက်ရိုက်ပွင့်လာပါပြီ။ အဓိကပြောချင်တာက အိန္ဒိယ ၊ သီဟိုဠ် တို့နှင့်ဆက်ဆံရေး အတိုင်းမသိ ပိုပြီးလွယ်ကူသွားပါတယ်။
ကုလာကျွန်တွေကို ပင်လယ်ဆိပ်ကမ်းမြို့တွေက အလုံးရင်းဝယ်ပါတယ်။ ဥယာဉ်တွေမှာခိုင်းပါတယ်။ တချို့ကိုဘုရားကိုလှူတာလဲရှိပါတယ်။ အဲဒီမှာဘဲ သူတို့ ရဲ့ ဗြဟ္မဏ ယုံကြည်ကိုးကွယ်မှုတွေပါလာပါပြီ။ ဘယ်လောက်ထိလဲဆိုရင် ထိလိုင်မင်းခေါ်တဲ့ ကျန်စစ်သား (၁၀၈၄-၁၁၁၃) မင်းလက်ထက်မှာ ကုလာ ဗိသုကာပညာရှင်၊ ပုဏ္ဏား ဟူးရားတွေဟာသိပ်အရေးပါနေပါပြီး။ မွန်ဘာသာနဲ့ရေးထိုးထားခဲ့တဲ့ ကျန်စစ်သားနန်းတည်ကျောက်စာမှာ ဗြဟ္မဏယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့ ဗိဿနိုးနတ်မင်းကို ပူဇော်တာတစ်ဆယ့်နှစ်ကြိမ်တိတိပါတယ်။ နန်းတော်နံရံကိုအလှဆင်ရာမှာ အလယ်ထိပ်စည်းဖြစ်တဲ့ကြာပွင့်ကြီးပေါ်မှာ ဗိဿနိုးနတ်မိဘုရား တြိ နတ်သမီးထိုင်နေတဲ့ပုံပါတယ်။
ပုဂံမှာရှိတဲ့ ဘုရားတွေထဲမှာ ဂိဂ္န (ရှိရှန) ၉၈၇/၄၁၃၊ အခုတော့ စေတနာကြီး ဘုရားလို့ ရှေးဟောင်းသုတေသန ဌာနကအမည်သစ်ပေးထားပါတယ်။
ဂိဂ္န (Sဲis_na) ဆိုတာ သက္ကတဘာသာလို ပူရိသလိင်လို့အဓိပ္ပာယ် ရှိတာကြောင့် သိဝ နတ်ကွန်းဖြစ်နိုင်ပါတယ်။ ရွှေဂူကြီး ၁၅၈၉/၉၀၁ ဘုရား။ ကျောက်စာမှာ ရွှေဂူကို (၁၆ ဧပြီ ၁၁၃၁)မှာ စဆောက်တယ်။၁၆ ဒီဇင်ဘာ၁၁၃၁ မှာပြီးတယ်။ ဘုရားအုတ်ခုံပတ်လည်မှာ ဟိန္ဒူနတ်ရုပ်တွေအပြည့်တွေ့ရလို့ မူလကဒီကျောင်းတော်ဟာ ဟိန္ဒူနတ်ကွင်းဖြစ်နိုင်ပါတယ်။ စတုရင်္ဂသူရ ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးက (၂၃ ဇန်နဝါရီလ ၁၇၇၁ ) မှာ ရွှေဂူကိုအသစ်ဖြစ်အောင်ပြင်ပါတယ်။ သက်သေအဖြစ် အနောက်ဘက်မုခ်မှာ ပါဠိမင်စာ မှတ်တမ်းရေးခဲ့ပါတယ်။ သရီ(သိရိပစ္စရာ) ရှိ စေတနာကြီး လို့အမည်ပြောင်းထားတဲ့ စေတီကြီးဟာလဲ တောင်အိန္ဒိယ ဟိန္ဒူဘုရားကျောင်း ဂိဂ္န (Sဲis_na) ကိုငုံးပြီးပြင်ထားတဲ့ စေတီပါဘဲ။
Ref:
မြန်မာမီးဖုတ်မြေထည်ပစ္စသည်းသုတေသနစာတမ်း,ဒေါက်တာ သန်းထွန်း။
Economic Life of the Early Burman( Myanma) by G.H. Luce, JBRS April 1940.
Old Burma (Myanma) Early Pagan 1970 by G.H. Luce
Phases of Pre-Pagan Burma (Myanmar) 1985 by G. H. Luce
Defacing Old Bagan, 26 Feb 1996 by Dr.Than Tun,
THE ART AND CULTURE OF BURMA , Dr. Richard M. Cooler , Professor Emeritus
Art History of Southeast Asia, Northern Illinois University.
2/17/09
မန္တလေးနန်းသုံးယပ်တောင်
အမျိုးအစား - ယပ်တောင်
အချိန်ကာလ - ၁၈၈၀
ပြုလုပ်ပုံနည်းပညာ - သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးပါ။
တွေ့ရှိရာနေရာ - မန္တလေးမြို့
အရွယ်အစား - အရှည် ၃၄ စင်တီမီတာ ၊အကျယ်(ပွင့်လျက်)၆၆.၆ စင်တီမီတာ၊
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IM.292-1921
သစ်သားချောင်းငယ်လေးများကိုအသုံးပြုပြီး ယပ်တောင်ပုံအရင်ဖော်ယူပါတယ်၊ ပြီးနောက်အသင့်အနေတော် ပိုးထည်စကပ်ပါမယ်၊ ပိုးထည်စပေါ်မှာ ရိုးရာကြက်ဥအကာရောထားတဲ့ရေဆေး၊ ရွှေ နဲ့ ငွေရောင် တွေကိုအသုံးပြုပြီး ရေးဆွဲတာမျိုးဟာ နန်းတော်ထဲမှာအမှုထမ်းနေတဲ့ တော်ဝင်ပန်းချီ ဆရာတွေရဲ့လက်ရာပါ။ မြန်မာပြည် နောက်ဆုံးဘုရင် ဖြစ်တဲ့ သီပေါကို နန်းချပြီး အစောင့်အရှောက်နဲ့ပြည်နှင်ဒဏ်ပေး တဲ့ ၁၈၈၅ ခုနှစ်မှာတွေ့ရှိပါတယ်။
မန္တလေးနန်းတော် အတွင်းရှိ ဥယာဉ်တော်တွင်းမှာ ဂီတပညာရှင်၊ အကပညာရှင်တွေ ဖျော်ဖြေတဲ့ဇာတ်ပွဲကို သီပေါမင်း၊ မိဖုခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ်၊ မောင်းမ ချွေရံတွေ နန်းတွင်းအဝတ်တန်ဆာတွေအပြည့်နဲ့ ရှူစားပုံပါ။
----------------------------------------------------------------
ဒီယပ်တောင်လေးက စိတ်ဝင်စားစရာပါ။ မန္တလေးနန်းသုံးယပ်တောင် အတော်များများကို တွေ့ဖူးပါတယ်။ ဒီယပ်တောင်ဟာ လက်ရာအကောင်ဆုံးပါ။ Repair ပြန်ပြင်ထားတာမျိုးမဟုတ်ဘူးဆိုရင်တော့ အဆင့်တန်းမြင့်နေပြီဖြစ်တဲ့ မြန်မာပန်းချီအဆင့်တန်းမြင့်မားမှုကိုတွေ့မြင်လေ့လာလို့ရမှာပါ။ တွေ့ဖူးသမျှမန္တလေးခေတ် ယပ်တောင်တွေက ဆင်စွယ်ကိုသုံးတာများပါတယ်။ အဲဒိခေတ်အခါကိုထင်ဟပ်စေတဲ့ပန်းချီတော်တော်များများကို ဆရာချုံ ရေးတာများပါတယ်။ အခုဒီယပ်တောင်ပေါ်ကပန်းချီဟာ ဘယ်သူရေးလဲမသိရပါ။
၁၂ ရာစု ပုဂံ စဥ့်ထည် ကျောတ်ပြား
အမျိုးအစား - စဥ့်ထည် ကျောတ်ပြား
အချိန်ကာလ - ၁၂ ရာစု ( ပုဂံ )
ပြုလုပ်ပုံနည်းပညာ : ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၂၆.၅ စင်တီမီတာ ၊ ထု(အထူ) ၃.၅ စင်တိမီတာ ၊အကျယ် ၂၆.၅ စင်တီမီတာ၊
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်။
ပြတိုက်ပစ္စည်း အမှတ် - IS.127-1999
ဒီအစိမ်းရောင် စဥ့်ထည်ကျောတ်ပြား ဟာ ၁၂ ရာစုမှပြစ်ပြီး ယနေ့မြန်မာလို့ခေါ်တဲ့ ဘားမားကပါ။ နံရံ ဒါမှမဟုတ် ကြမ်းခင်းအဖြစ် အသုံးပြုတာမျိုးပါ။ ဖြစ်နိုင်ခြေရှိတာက စေတီ ရဲ့အောက်ခြေရှိ နံရံမှာ အလှဆင်ကျောတ်ပြား အဖြစ်အသုံးပြုတာမျိုးပါ။ ဒီလိုအလှဆင်ကျောတ်ပြားတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝဟောင်းဖြစ်စဉ်တွေဖြစ်တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေကို ဖော်ပြတာပါ။
Alex Biancardi ကပြတိုက်ကိုလှူဒါန်း ခဲ့တာပါ။
-----------------------------------------------
စဥ့်ရည်သုတ်လိမ်းတဲ့ သဲအုတ်ဇာတ်တော် တွေ့နိုင်တဲ့နေရာတွေကတော့
ရွှေစည်းခုံ- ၁၁ ရာစုနှစ်
အာနန္ဒာ- ၁၁ ရာစုနှစ်
စူဋ္ဌာမုနိ - ၁၂ ရာစုနှစ်
စိုးမင်းကြီးစေတီ - ၁၃ ရာစုနှစ်
ထီးလိုမင်းလို- ၁၃ ရာစုနှစ်
ဓမ္မရာဇက- ၁၃ ရာစုနှစ်
မင်္ဂလာစေတီ - ၁၃ ရာစုနှစ်
မာန်အောင်စေတီ- ၁၃ ရာစုနှစ်
၁၈၉၁ ခုနှစ်လောက်က ဂျာမန်အမျိုးသား ဘူမိဗေဒပညာရှင် Dr. Fritz Von Noetling ခိုးယူစဉ်က စဥ့်ထည် ကျောတ်ပြား ၅၀၀ ခန့်ပါသွားနိုင်ပါတယ်။ အခုမြင်နေရတဲ့ ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်က စဥ့်ထည် ကျောတ်ပြားဟာ အဲဒိအခိုးခံရတဲ့ အထဲက တစ်ခုဖြစ်နိုင်ပါတယ်။
ဘုရားလောင်းဗောဓိသတ်လောကနာထ
အမျိုးအစား - ရုပ်ထု/ ရုပ်ပွားတော်
အချိန်ကာလ - ၁၀ ရာစု
အမျိုးအစား - ကြေးနီပုံသွင်း၊ ရွှေချ
တွေ့ရှိရာနေရာ - ပုဂံ
အရွယ်အစား - အမြင့် ၇.၂၅ လက်မ ၊ အကျယ် ၄.၇၅ လက်မ။
လက်ရှိတည်နေရာ - ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.39-1922
ဒီ ဘုရားလောင်းဗောဓိသတ်လောကနာထ မင်းထိုင်ပုံ ဟာ ၁၀-၁၁ ရာစုနှောင်းပိုင်းဖြစ်ပြီး အတော်လေးကိုရှားရှားပါးပါးနဲ့ ၁၀ ရာစု သို့မဟုတ် ၁၁ရာစု နှောင်းလား ဆိုတာ ဝိရောဓိ ဖြစ်စေနိုင်တဲ့လက်ရာမျိုးပါ။ သို့သော်လည်းဘဲ အစောပိုင်းခေတ်ဦး သေသေသပ်သပ် အနုစိတ်ခြယ်မှုန်းတတ်တဲ့ လက်ရာမျိုးအဖြစ်တွေ့ရပါမယ်။ ဒီမင်းဝတ်တန်ဆာယောက်ျားပုံ ရုပ်ထု/ရုပ်ပွားတော်ကို ပုဂံဘုရားပုထိုး မှာလှူဒါန်းခဲ့တာပါ။
ပုဂံခေတ် လက်ရာတွေမှာ အိန္ဒိယ,ပါလ( India, Pala )ဟန်လွှမ်းမိုးမှုတွေကို အများအားဖြင့် ဘုရားဆင်းတုတော်တွေမှာတွေ့ရ ပြီး၊ မဟာယာနဟန် တွေကိုတော့မြေပုံဘုရား၊ နံရန်ဆေးရေးပန်းချီတွေမှာအတွေ့များပါတယ်။ အပယ်ရတနာ ဘုရားဟာမဟာယာနဟန်ပါ။ ဟင်ဒူဘာသာ( Hindu )အယူဝါဒကိုတော့ ဗေဒင်၊အခါပေး နဲ့ နတ်ဘုရားရုပ်ထုအချို့ တွေမှာတွေ့ရပါတယ်။ ဒါကြောင့် ပုဂံခေတ် ကိုးကွယ်ယုံကြည်မှု ဟာအများထင်သလို ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ နောက်ပြီး စိတ်ဝင်စားစရာအဖြစ် လူပြောများလှတဲ့ အရည်းကြီး ကိုးကွယ်မှု ကိုဘယ်ကျောက်စာ၊ဘယ်လိုအထောက် ထားမျိုးမှာမှရှာမရပါ။ အုပ်ချုပ်တဲ့မင်း တွေအနေဖြင့် ဘယ်ကိုးကွယ်ယုံကြည်မှုကိုမှ ဖိနှိပ်တာမျိုးကိုမရှိပါ။
အနိရုဒ္ဓ (အများခေါ် အနော်ရထာ) မင်းဟာ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုကိုပါချီးမြင့်တယ်ဆိုတာ သူကိုယ်တိုင်ပြုလုပ်လှူဒါန်းတဲ့ မြေပုံဘုရား နောက်ကျောစာမှာ
ဧသော လောကနထော မဟာရာ
ဇသိရီ အနိရုဒ္ဓဒေဝေနကတော
မိမုတ္တ မုတံ္တ သဟတ္တေနေဇာတိ
(မြန်မာလိုပြန်ကတော့)
ဤလောကနာထ(ဘုရားလောင်း) ပုံတော်ကို
သိရီ အနိရုဒ္ဓဒေဝ မင်းကြီးလည်း
သံသရာမှ ထွက်မြောက်ရန် ကိုယ်တိုင်လုပ်သည်။
ဒီမြေပုံဘုရား(အုတ်ခွတ်ဘုရား)ကို ခန့်မှန်း ၁၉၃၈လောက်က ပခုက္ကူရေစကြို ကားလမ်း၊ ပခုက္ကူက ၁၂ မိုင်ကွာ ကန်သစ်ရွာသူကြီး ဦးဘတင်က ကျောက်စာဝန်ဟောင်း ဦးမြဆီလာပေး/လာပြ ( ပေးလား/ပြလား မသေချာ) တယ်လိုဆိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမမြင်ဖူးပါ။
Ref: ဒေါက်တာသန်းထွန်း၏ ပုဂံ ( ၂ )သုတေသနစာတမ်း၊ အမှတ် ၁၄ ၊ ဒီဇင်ဘာ ၁၉၉၆၊ ကလျာ မဂဇင်း။
2/13/09
မာန်စစ်သည် မြွေခေါင်းထွက်
အမျိုးအစား : စဥ့်ထည် ကျောတ်ပြား ( မာန်စစ်သည် မြွေခေါင်းထွက် )
အချိန်ကာလ : ၁၉ ရာစု အစောပိုင်း
ပြုလုပ်ပုံနည်းပညာ : ရွှင့်စေး ကိုအုတ်ရအောင်အရင်ဖုတ်၊ ပြီးရင်စဥ့်ရည်သုတ်လို့အလွယ်ရှင်းပါရစေ။
တွေ့ရှိရာနေရာ : အင်းဝမြို့ဟောင်း၊
အရွယ်အစား : အမြင့် ( ပတ်လည် ) ၂၂ ဒသမ ၅ စင်တီမီတာ
လက်ရှိတည်နေရာ : ဗစ်တိုးရိးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် : IM.134-1925
မြတ်စွာဘုရားရှင် တရားအားထုတ်စဉ် သဗ္ဗေညုတညဏ်(အရာအားလုံးကိုထိုးထွင်းသိမြင်တော်မူသောညဏ်) မရအောင် မာန်နတ်မင်းနဲ့သူ့စစ်သည်တော်တွေက ဘုရားရှင်ကိုခြိမ်းခြောက်နှောင့်ယှက် ရာမှာပါတဲ့ မာန်စစ်သည် နှစ်ဦးပုံပါ။ စစ်သည်နှစ်ဦး၏ ဦးခေါင်းထက်တွင် မြွေဆိုးကိုလည်ကောင်း၊ လက်တွင်ဓားကိုင်စွဲထားသည်ကိုလည်ကောင်းတွေ့ရပါမယ်။ အောက်ကစာ " မာန်စစ်သည်မြွေခေါင်းထွတ်" ကိုတော့ရှင်းပြရန်မလိုတော့ပါ။
၁၉ရာစုအစောပိုင်းကာလ ဘိုးတော်ဘုရား လက်ထက် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်စဉ် ဒီအလှဆင်ကျောတ်ပြား(စဥ့်ပြား)တွေကိုအသုံးပြီပြုခဲ့တာပါ။ ၁၈၁၉ မှာ ဘိုးတော်ဘုရားနတ်ရွာလားတော့ ပူထိုးတော်ကြီးလဲ မပြီးဘဲကျန်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောစရာတွေအများကြီးရှိပါတယ်။ ဒီစဥ့်ကိုစပြောမယ် ပြတိုက်က ဘာကြောင့်များ အောက်ခြေက ဂဏန်း၄၄၉ ကို မရှင်းလဲမသိပါ။ ပုံကိုသေချာကြည့်ရင်မြင်နေရပါတယ်။ ပြစ်နိုင်ခြေရှိတာက ဒီစဥ့်ကွင်းရဲ့ အမှတ်စဉ်ဖြစ်မယ်လို့ထင်ပါတယ်။ နောက်ပြီး ဘေးဘောင် အနားသတ်မှာ ပန်းပွင့်လိုလိုထင်ရပေမဲ့ အလှဆင်တဲ့ပန်းပွင်ရိုးရိုးမဟုတ်ပါဘူး။ ဓမ္မလှည်းဘီးလို့လူသိများတဲ့ The Wheel Of Dharma ပါ။ မာန်နတ်မင်းနဲ့အပေါင်းပါတွေကို တရားဓမ္မဖြင့်အောင်မြင်ခြင်းကိုဖော်ဆောင်ပါတယ်။ ဝတ်စားဆင်ယဉ်မှုမှာအောက်ပိုင်း
ကုန်းဘောင်ခေတ်အဝတ်စား နဲ့ အပေါ်ပိုင်းအဝတ်မပါ။ မျက်နှာတွင်အမွှေးရှည်ရှည် မှုတ်ဆိတ်တွေ.ရပါမယ်။
ထူးထူးခြားခြားလို. ထင်မိပါတယ်၊ ၁၉ရာစုဦးလက်ရာတွေမှာ ဒီလိုအမွှေးရှည်ရှည်အတွေ.ရနည်း လွန်းလို.ပါ။
ဒီလိုအလှဆင်စဥ့်ကွင်းတွေကို ၁၁ရာစုခေတ်လယ် ပုဂံ ငကျွဲနတောင်းဘုရားမှာစတွေ.ရ ပါတယ်။
ပုဂံခေတ် စဥ့်ဖိုဟောင်းကိုမြင်းကပါရွာမှာတွေ.ရတယ်။ ရခိုင်ဘက်မှာတော့၁၄၃၀တည်တဲ့ မြောက်ဦးမြို့ မှာတွေ.နေရပါပြီ။ အခုဒီ ၁၉ရာစုဘိုးတော် လက်ထက်စဥ့်ကွင်းကိုတော့ ၁၇ရာစုလယ်ကစပြီးအတွေ.ရများတဲ့ စစ်ကိုင်း ဝင်းကျင်ကစဥ့်ဖိုတွေကဘဲဖြစ်မယ်။ စဥ့်ဖိုဟောင်းတော့ မတူးလို့ မတွေ.ရသေးပါ။
နောက်ဆုံးပြောချင်တာက ပုထိုးတော်ကြီးပါ။ ဘိုးတော်ဘုရားနောက် ဘယ်မြန်မာဘုရင်မှ ပြီးအောင်ဆက်မတည်ပါ။
" ဘုရားလဲပြီးပြည် ကြီးလဲပျက်" ဆိုတဲ့ တဘောင် ကြောက်လို့ဘဲဖြစ်မှာပါ။ ဒါလည်း ကောင်းပါတယ်။ ရှေးလက်ရာမပျက်လေ့လာလို့ရတာပေါ့။