" ၆၄ ခုတွင် သူရိယဝိကြမ မင်းကြီး နတ်ရွာစံသည်။ သက်တော် ၅၀ နှစ် ၅ လ " လို့ရေးထားတဲ့ ပျူ ကျောက် အရိုးအိုးစာ  ကိုကြည့်ပြီး  ဘယ် ခုနှစ် ၊ ဘယ် လ ဖြစ်တယ်ဆိုပြီး ပိုင်ပိုင်နိုင်နိုင်မပြောနိုင်ပါ။ ပျူ တွေသုံးတဲ့ ခုနှစ်ဟာ " သက"  နှစ်ကို ယူသလား ၊ ဒါမှမဟုတ်"  ဂုပ္တ " နှစ်ကို ယူသုံးသလားဆိုတာ သေချာမသိရသေးလို့  ဖြစ်တယ်။ ခုနောက်ပိုင်းမှာတော့ " သက " နှစ်ဖြစ်မယ်လို့ ပြောတဲ့လူတွေ ပိုများလာတယ် ။  ဂုပ္တ   နှစ်ဟာ သက နှစ်ထက် ၂၄၁ နှစ် နောက်ကျပါတယ်။ 
သကနှစ် အကြောင်းရှာကြည့်တော့ "  သာသနာနှစ် ၆၂၂ ခုတွင် အိန္ဒိယပြည် အနောက်မြောက်ပိုင်း၌ စိုးစံလျက်ရှိသော သက ( SAKA ) လူမျိုး သာလိဝါဟန မင်းသည် သကနှဇ်  ( ဝါ ) သကရာဇ် နှစ်ကိုတည်ထောင်ခဲ့သည် ဟုဆိုသည် " ဆိုပြီး မြန်မာကျောက်စာပို့ချချက် စာ ၄၄  မှာတွေ့တယ် ။ ပျူ သုတေသန လုပ်နေသူတွေများနေပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာတော့ အတိကျဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 
ပုဂံခေတ်ကျောက်စာတွေကိုကြည့်ပြီး မြန်မာ  ပြက္ခဒိန်  နှင့်အတူ နှစ် ၊ လ ၊ ရက် အခေါ်ဝေါ်တွေကို အသေချာပြောနိုင်ပါတယ်။  မြန်မာ  ပြက္ခဒိန်ဟာ  စိုက်ပျိုးရေး နှင့် ကိုးကွယ်ယုံကြည်မှု စတဲ့နေ့စဉ်ကြုံတွေ့ရတဲ့ ကိစ္စတွေကို သဟဇာတဖြစ်အောင်    ၁၂ လ တာအချိန်ကာလနှင့်ပိုင်းခြား စီရင်ထားတာဖြစ်တယ်။ 
တစ်ခုပိုပြီးမှတ်ရမှာက  တရုတ်   ပြက္ခဒိန်  လိုဘဲ  တစ်နှစ်ချင်းစီတိုင်းအတွက် သီးခြား အမည်ရှိတယ်။ ဘယ်လိုတွက်ယူလဲဆိုတော့ ရောက်ဆဲသက္ကရာဇ်ကိုတည် ၂ နှုတ် ၊ ၁၂ နှင့်စား ၊ ရလာတဲ့ အကြွင်း ဂဏန်းအပေါ်မူတည်ပြီး  အမည်ပေးတာဖြစ်တယ်။
 ဥပမာ - သင်ကြီးအဘိနန္တသူကျောက်စာ  မှာ ၅၄၁၊ မာဃသဝစ္ဆိုနှစ် လို့ရေးထားပါတယ်၊ ရောက်ဆဲ ခုနှစ်ဖြစ်တဲ့ ၅၄၁ ထဲက ၂ ကို နှုတ်တော့ ၅၃၉ ရတယ်၊ အဲဒိ ၅၃၉ ကို ၁၂ နှင့်စားလိုက်တဲ့အခါ အကြွင်း ၁၁ ရတယ်။ ၁၁ ရဲ့နှစ်အမည်ဟာ မာဃ နှစ်ဖြစ်ပါတယ်။ အခြား နှစ်အမည် အခေါ်ဝေါ်တွေကို မြင်သာအောင် ယှဉ်ပြီး  ရေးပြလိုက်ပါတယ်။
၁ ကြွင်းသော် - စယ် ၊ စေယ်နှစ်
၂ ကြွင်းသော် - ပိသျှက် ၊ ဗိသျှက်နှစ် ( ဝိသာခါ )
၃ ကြွင်းသော် - စိတ်သ ၊ စိဿနှစ် ( ဇေဋ )
၎ ကြွင်းသော် - ?
၅ ကြွင်းသော် - သရဝန် ၊ ဩဝန်နှစ် ( သရဝဏ် )
၆ ကြွင်းသော် - ဖတ်သနှစ် ၊ ဘတ်နှစ် ၊ ဘဿနှစ် ( ဘဒြ )
၇ ကြွင်းသော် - အာသိန်၊ အာသိတ်၊ အာသုတ် ၊ အသုစ်နှစ် ( အဿယုဇ္ဇ )
၈ ကြွင်းသော် - ကြတိုက်၊ ကြာတိုက်နှစ် ( ကြတ္ထိက္ကာ )
၉ ကြွင်းသော် - မြက်ကသိုဝ် ၊ မြိက္ကသိုဝ် ၊ မြကသိုရ်နှစ် ( မိဂသီ )
၁၀ ကြွင်းသော် - ပုဿ၊ ပုဿနှစ် ( ဖုသျှ )
၁၁ ကြွင်းသော် - မာခ၊ မာဃနှစ် ( မာဃ )
ဝ ကြွင်းသော် - ဖ္လကိုရ်၊ ဘလကိုန်နှစ် ( ဘရဂုဏ္ဏီ )
စကားလုံး နှင့် သတ်ပုံ မတည်ငြိမ်သေးတဲ့အတွက် ကျောက်စာတစ်ချပ်နှင့် အခြားတစ်ချပ် အနည်းငယ်ကွဲလွဲမှုရှိပါတယ်။
 အကြွင်း ၄ ရဲ့နှစ်အမည်ကို ကျွန်တော်မသိပါ။ သိတဲ့လူများရှိရင် ပြောပြခဲ့ပါ။   ရောက်ဆဲသက္ကရာဇ်ကိုတည် ၂ နှုတ် ၊ ၁၂ နှင့်စား ၊ ရလာတဲ့ အကြွင်း ဂဏန်းအပေါ်မူတည်ပြီး နှစ်အမည်းပေးတယ်ဆိုသော်လည်းဘဲ ပုဂံခေတ် ကျောက်စာတွေမှာ နှစ်အမည်မှားရေးထားတာ  မျိုးမကြာခဏတွေ့ရပါတယ်။  ဥပမာ   တူရွင်းတောင် ဘုရားကျောက်စာ မှာ ၅၈၆ ခုနှစ်ဖြစ်တဲ့အတွက် နှစ်အမည်ဟာ ကြတိုက်နှစ် ဖြစ်ရမှာပါ။  သို့သော် မြက္ကသိုလ်နှစ် ဆိုပြီးမှားရေးထားတယ်။ 

သံဝစ္စရနှစ် လို့ ထင်တာပဲ
ReplyDeleteကျေးဇူးတင်ပါတယ်။ ခင်ဗျာပြောသလိုဘဲ သံဝစ္စရနှစ် ဖြစ်ဖို့များမယ်။ သေခြာသွားအောင် အချိန်နည်းနည်းယူပြီး ထပ်စောင့်ကြတာပေါ့။
ReplyDeleteအာသတ်နှစ်
ReplyDelete