သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
9/24/09
စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
အမျိုးအစား - စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊မြန်မာ
ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IS.256 to B-1960
ခုမြင်နေရတဲ့ ဝတ်စုံပိုင်ရှင် နာမည်ကိုအသေအချာမသိရပါ။ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက် မှာပြထားပါတယ်။ သီပေါမင်း ( ၁၈၇၈- ၁၈၈၅ ) ရဲ့အမှုထမ်း စစ်သူကြီးဝတ်စုံလို့ပြောပါတယ်။
သီပေါမင်းလက်ထက် ဘယ်သူ စစ်သူကြီးဆိုတာ အဖြေရှာကြည့်လို့ရသော်လည်းဘဲ သူ့ဝတ်စုံပါလို့ အသေအချာ မပြောရဲပါ ။ ဒါပေမယ့် သီပေါမင်းလက်ထက် စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံဖြစ်တယ် ဆိုရင် လောလောဆယ်လုံလောက်ပါပြီ။ ဘယ်သူ့ဝတ်စုံရယ်လို့တော့ အသေအချာမပြောနိုင်သေးပါ။
9/21/09
အတွင်းဝန်မင်း ဝတ်ရုံ
အမျိုးအစား - အတွင်းဝန်မင်း ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ စီးကွင့်ဘော်ကြယ်၊ ဥရောပဖြစ်ခေါင်းပေါက်ပါ ကြယ်သီး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသောအတွင်းဝန်မင်း ဝတ်ရုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်ပြတိုက်ပစ္စည်း အမှတ် - IM.44 to E, G, H-1912
ခုမြင်နေရတဲ့ ဝတ်ရုံဟာ မင်းတုန်းမင်း( ၁၈၅၂-၁၈၇၈ )၊ သီပေါမင်း(၁၈၇၈-၁၈၈၅) လက်ထက် အတွင်းဝန်မင်း ဝတ်ရုံဖြစ်တယ်။ ညီလာခံ နဲ့ အခန်းနားပွဲတွေမှာဝတ်ဆင်လေ့ရှိပါတယ်။ ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယဉ်မှု ဟာ ယိုးဒယား နန်းတွင်းဆင်ယဉ်မှုကို အတုယူတယ်လို့ အနောက်တိုင်းပညာရှင်တချို့ကဆိုပါတယ်။
9/16/09
ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ
အမျိုးအစား - ကင်းဝန်မင်းကြီးဦးကောင်၏ဝတ်ရုံ
အချိန်ကာလ - ၁၉ ရာစု နောက်ဆုံးနှစ်အစိတ်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပိုးထည် ၊ ရွှေစင်ရွှေပြား ၊ ခြည်သားဖွတ်မြီးထိုး စသဖြင့် အသုံးပြု၍ စီရင်ချုပ်ထားသော ဝန်ကြီးဝတ်ရုံ။
အတိုင်းအတာ
အပေါ်ဖုံးဝတ်ရုံ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၁၂ စင်တီမီတတာ
လက်အရှည် - ၅၀ စင်တီမီတာ
ဘေးအကျယ် - ၅၁ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )
ပုဆိုး /
ပုဆိုး အနံ - ၂၃၉ စင်တီမီတာ
ပုဆိုး ကွင်းအကျယ် - ၄၄ စင်တီမီတာ
အတွင်းခံ အင်္ကျီဖြူ /
အပေါ်ဆုံးပခုံးမှ အောက်ဆုံးအနားသတ်အထိ - ၁၀၉ စင်တီမီတာ
လက်အရှည် - ၈၇ စင်တီမီတာ
ဘေးအကျယ် - ၄၆ စင်တီမီတာ ( ဟိုဘက် ဒီဘက် ပခုံးအကျယ် )
ခေါင်းစီး / ခေါင်းပေါင်း
ခေါင်းစီးကြိုး အလျား - ၅၀ စင်တီမီတာ
ခေါင်းပေါင်း အတွင်းကျယ် - ၁၆.၅ စင်တီမီတာ
ခေါင်းပေါင်း အမြင့် - ၂၆.၅ စင်တီမီတာ
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.43 to D-1912
အခုမြင်နေရတဲ့ မြန်မာဘုရင် ဝန်ကြီးဝတ်စုံဟာ မင်းတုန်းမင်း(၁၈၅၂-၁၈၇၈) နှင့် သီပေါဘုရင် (၁၈၇၈-၁၈၈၅) လက်ထက်အထိ အမှူ့ထမ်းခဲ့တဲ့ ' ကင်းဝန်မင်းကြီး ဦးကောင်း"ရဲ့ နန်းတွင်းဝတ်စုံဖြစ်တယ်။
ကင်းဝန်မင်းကြီး သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ်ဝတ်ခဲ့တဲ့ ဝတ်စုံအစစ်ဖြစ်ပါတယ်။ မြန်မာ့ ယဉ်ကျေးမှူ့ဆိုင်ရာ ရှေးပစ္စည်းတွေထမ်းသိမ်းရာမှာ အကောင်းဆုံး ဖြစ်တဲ့ ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန် မှာပြသထားပါတယ်။ ဒီဝတ်စုံကို ဘယ်လိုကနေဘယ်လို ရတယ်လို့ ပြတိုက်က အရိပ်အမွတ်တောင် မပြောပါ။
ပြတိုက်က ဒီဝတ်စုံကို ဘယ်လိုရတယ်ဆိုတာစိတ်ဝင်စားစရာပါ။ အင်္ဂလိပ်တွေဟာ မန္တလေးဘုရင့်နန်းတော်ကို မသိမ်းမှီကနေ သိမ်းယူပြီးနောက်အတော်ကြာတဲ့အထိ ကင်းဝန်မင်းကြီးဦးကောင်းရဲ့အကူညီတွေအများကြီး ယူခဲ့၊ ရခဲ့ပါတယ်။ တည့်တည့်ပြောရရင် ကောင်းကောင်းအသုံးချတာပါဘဲ။
ကင်းဝန်မင်းကြီးအကြောင်း ရေးထားပြီးသား စာတမ်းတွေ အမြောက်အများ ရှိပြီးဖြစ်လို့ ထပ်မရေးတော့ပါ။ ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ မြန်မာဘုရင်ပါတော်မူပြီးဖြစ်နေပါလျှက် မြန်မာဝန်ကြီးအချို့ ဟာ ယခင်နန်းတွင်း အခစားဝင်စဉ်ကအချိန်အတိုင်း နန်းတော်ထဲ အခစားဝင်မြဲဝင်နေသေးတာကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့ နာမည်အတိကျ မပါ။

9/13/09
မိဖုရားဝတ်ရုံ
အမျိုးအစား - မိဖုရားဝတ်ရုံ
အချိန်ကာလ - ၁၈၆၀ ဝန်းကျင်
တွေ့ရှိရာနေရာ - မန္တလေး ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ - နိုင်ငံခြားဖြစ် ဖဲသား၊ ပုဇွန်ဆီရောင်၊ အစိမ်းရောင် ၊ ရွှေ ၊ ငွေ ၊ စီးကွင့်၊ ဘော်ကြယ်၊ နန်းကြိုး စတာတွေကို အသုံးပြု၍ စီရင်ချုပ်ထားသော ရွှေချည်၊ ငွေချည်ထိုး ဝတ်ရုံ။
လက်ရှိတည်နေရာ - ဗစ်တိုးရီးယား နဲ့ အယ်ဘာတ် ပြတိုက်၊ လန်ဒန်
ပြတိုက်ပစ္စည်း အမှတ် - IM.45 to C, E, F-1912
ပြတိုက်မှူးတွေရဲ့အဆိုအရ မင်းတုန်းမင်း ( ၁၈၅၃-၁၈၇၈ ) ဟာ သူ့ရဲ့မိဖုရားတွေထဲက တစ်ပါးအတွက် ရည်ရွယ်ပြီး ဒီ ဝတ်ရုံတော်ကို ချုပ်လုပ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီတော့ ပြောစရာပေါ်လာပြန်တယ်။ ဘယ်မိဖုရားလဲ။ ရွှေတိုက်တော်စာရင်း ( Official Records ) အရ မင်းတုန်းမင်းမှာ တရားဝင်အမည်ပေါက် မိဖုရား ၆၀ ရှိပါတယ်။ အမည်မပေါက်တဲ့ သာမန် ဆောင်ရမိဖုရား ၊ ကိုယ်လုပ်တော်ဆိုတာတွေလည်းရှိပါသေးတယ်။
တင်းကျပ်တဲ့ သက်ဦးဆံပိုင် စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတဲ့ ကုန်းဘောင် နန်းတွင်းမှာ ခစားသူတွေရော၊ ဝတ်စားဆင်ယင်ထားတဲ့ ဝတ်ရုံ ကွဲပါတယ်။
ဝတ်ရုံမှာ အလှဆင်ထားတဲ့ အရာ တစ်ခုခြင်းဆီမှာ သီးခြားအဓိပ္ပါယ်ဖော်ဆောင်တာရှိသလို ရာထူးအဆင့်တန်းကိုပါ ဖော်ပြတယ်။ ( သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတဲ့အတိုင်း ဘုရင်မထင်ရင် မထင်သလို ဝတ်ထားတဲ့ ဝတ်ရုံ၊ ရာထူး နဲ့ နောက်ဆုံး အသက်ပါ အချိန်မရွေးဆုံးပါးရလေ့ရှိတယ်)
ကိုလိုနီခေတ်ဦးပိုင်း မြန်မာနိုင်ငံမှာ အမူ့ထမ်းခဲ့တဲ့ အရာရှိတစ်ဦးမှ ဒီမိဖုရားဝတ်စုံကို ဝယ်ယူခဲ့တာပါ။ သမိုင်းဆရာ ၊ ရာဇဝင်ဆရာ အတော်များများက ကုန်းဘောင်ရာဇဝင်အကြောင်းရေးထားတာတွေ အများကြီးရှိနေပြီမို့ အကျယ်မရေးတော့ပါ။
မြန်မာဘုရင်ရဲ့ နန်းတွင်း ပစ္စည်းနဲ့ ရတနာတွေဘယ်လိုပျောက်ကုန်တယ်ဆိုတာကိုတော့ သမိုင်းဆရာ ၊ ရာဇဝင်ဆရာတွေ သတိမထားမိဘူးထင်ပါတယ်။
ဒါပေသိ ရုရှား လူမျိုး ပါဠိ နဲ့ သက္ကတပညာရှင် အိုင်ဗင် ပဗလိုဗစ် မိဖ်နယယ့် (Ivan Pavlovich Minaev 1940- 1890 ) ရဲ့ နေ့စဉ်ရေး မှတ်တမ်းအရ သီပေါမင်း မန္တလေးကနေ ပါတော်မူပြီးနောက် ၅၇ ရက်မြောက်နေ့မှာ ဘုရင့်နဲ့ မိဖုရားအသုံးဆောင်အပါဝင် "နန်းတွင်းပစ္စည်း" လေလံပွဲတစ်ခုကို စလေဒင် ဦးဆောင်ပြီးလုပ်ခဲ့ပါကြောင်း။